Home
မြန်မာသတင်း
ကလေးမြို့နယ်က ရွာ ၅ ရွာနှင့် ဘားအံမြို့နယ်ကို လေကြောင်းက တိုက်ခိုက်
DVB
·
February 9, 2025

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ရွာ ၅ ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၁ နယ်မြေ၊ ဘားအံမြို့နယ်မှာလည်း ဘုန်းကြီးကျောင်းဝင်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်နဲ့ ‌၉ ရက်‌ ဒီမနက်အစောပိုင်းက တင်သားရွာ၊ ရှားဖိုရွာ၊ ကျော်ရွာ၊ ဆည်‌တောရွာနဲ့ ခုံတိုးမြို့သာရွာအနီးဝန်းကျင်ကို စစ်ကောင်စီက လက်နက်ကြီး‌တွေရော လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တာပါ။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျော်ရွာစာသင်ကျောင်းအရှေ့ဘက် ထွက်ကုန်းစခန်း (ယခင်သမဝါယမရုံး စစ်တပ်တပ်စွဲတဲ့နေရာ)မှာ ပကဖရဲဘော်တယောက် ဒဏ်ရာရခဲ့ပြီး ကလေးငယ်တယောက်လည်း ထိခိုက်ခဲ့သလို ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက DVB ကိုပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားသူတွေဟာ နီးစပ်ရာဆေးရုံတွေမှာ ဆေးကုနေကြရပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့လည်း ဆိုပါတယ်။

ဒေသခံအများစုက‌တော့ စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးရန်ကိုစိုးရိမ်တာကြောင့် ကျေးရွာအတွင်းကနေ ရှောင်တိမ်းနေထိုင်နေကြတဲ့အတွက် ထိခိုက်မှုတွေနည်းခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းကလည်း ကုက္ကိုလ်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ကလေး ၄ ယောက် အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဖေဖော်ဝါရီ ၇ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆၂၆၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၁ နယ်မြေ၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တဂေးလောင်းကျေးရွာ  ဘုန်းကြီးကျောင်းဝင်းကို ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ ၁ ခရိုင်အတွင်းရေးမှူး ပဒို စောအေးနိုင်က ပြောပါတယ်။

ဂျက်တိုက်လေယာဉ်နဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်းကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် ကျောင်းဓမ္မာရုံ ၁ လုံး ပြိုကျပျက်စီးခဲ့တဲ့အပြင် သိမ်နဲ့ ကျောင်းအဆောက်အအုံတွေပါ ဗုံးစထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

တဂေးလောင်းကျေးရွာကို စစ်ကောင်စီက အခုအကြိမ်နဲ့ဆို ၃ ကြိမ်မြောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆရာတော် သံဃာတော်တွေနဲ့ ဒေသခံရွာသားတွေဟာ တိမ်းရှောင်နေတာကြောင့် ထိခိုက်သေဆုံးသူ မရှိဘူးလို့ တာတန်ရှိသူက ပြောပါတယ်။

ပဒို စောအေးနိုင်က “ပြည်သူလူထုတွေ စိုးရိမ်ကြောက်ရွံ့ပြီး နေထိုင်သွားလာတာ၊ လုပ်ငန်းခွင်ဝင်ရောက်ရာမှာ လုံခြုံမှုမရှိဘူး။ သူတို့တွေစီးပွားရေးတွေ ကျပ်တည်းလာတယ်။ စားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်”လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်ကစတင်ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကောင်စီက တပ်မဟာ ၁ နယ်မြေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းအပြင် လေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်လာတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက်၊ ညနေ ၅ နာရီကလည်း စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တဂေးလောင်းကျေးရွာ အလယ်တန်းကျောင်းဆောင်တခြမ်း ထိခိုက် ပျက်စီးခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၈ ရက်နေ့ကလည်း တဂေးလောင်းအလယ်တန်းကျောင်းကို လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၁ တာဝန်ရှိသူက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013