Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်းတွင် စစ်တပ်က ခံစစ်ပြင်၊ ရွှေသောင်ယံဒေသခံများ စစ်ဘေးမရှောင်ရန် တားမြစ်ခံရ
DVB
·
February 11, 2025
Photo : Tun Tun

ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေပြီး စစ်ကောင်စီရဲ့ရေတပ် တည်ရှိတဲ့ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊သမိုင်းဝင် မော်တင်စွန်းစေတီအနီးမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်ကစတင်လို့ ဟိုင်းကြီးကျွန်း ပမ္မဝတီရေ တပ်တည်ရှိတဲ့ ပုသိမ်-မော်တင်စွန်းကားလမ်းနဲ့ မော်တင်စွန်း-ဟိုင်းကြီးလမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားပြီး ခံစစ်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ထိတွေ့တိုက်ပွဲ ဖြစ်တာတွေတော့ မဟုတ်သေးဘူး၊ စစ်တပ်က ခံစစ်ပြင်နေတာ။ စစ်ကားတွေနဲ့ စစ်သားတွေ လာလာချသွားတာ။ လက်နက်ကြီးတွေပါ ပြင်ဆင်ထားတာ တွေ့ရတယ်။ ခံစစ်ပြင်နေတဲ့ ပုသိမ်-မော်တင်စွန်းကားလမ်းနဲ့ မော်တင်စွန်း-ဟိုင်းကြီးလမ်း ဟိုင်းကြီးကျွန်းမြို့အပိုင်ထဲမှာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၈ ရက်ညကစတင်ပြီး လက်နက်ခဲယမ်း၊ ရိက္ခာအပြည့်အစုံနဲ့ ဟိုင်းကြီးကျွန်းမြို့မြောက်ဘက် ၇ မိုင်ဝန်းကျင်အကွာ ပုသိမ်-မော်တင် ကားလမ်း အရှေ့ဘက်မှာရှိတဲ့ ငါးပြေမရွာ အပါအဝင် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

ဟိုင်းကြီးကျွန်း အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စကစ တပ်က စစ်ကြောင်းထိုးနေတဲ့ ရွာတွေက အရပ်သားတွေက စစ်ဖြစ်မယ်ထင်ပြီး ထွက်ပြေးတဲ့သူတွေပြေး၊ စစ်ရှောင်တဲ့သူတွေရှောင် လုပ်နေတယ်။ တချို့ကလည်း စကစ တပ်က ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမှာ ကြောက်လို့ ထွက်ပြေးနေတာ။ တပ်ကလည်း အကြောင်းအရင်းတခုခုမရှိဘဲ တပ်စွဲစစ်ကြောင်းထိုးပါ့မလား” လို့ ပြောပါတယ်။

အဲဒီ မော်တင်စွန်း စေတီသွားတဲ့ လမ်းတလျှောက်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်း တပ်သားတွေအပါအဝင် တပ်သား အင်အား ရာချီနဲ့အထိုင်ချတပ်စွဲ၊ ခံစစ်ပြင်ဆင်စစ်ကြောင်းထိုး နယ်မြေရှင်းနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ကောင်စီတပ်ဟာ ပုသိမ်-မော်တင်စွန်း ကားလမ်းတလျှောက်မှာရှိတဲ့ စိန်တောင်ဂိတ်၊ မဏ္ဏဂိတ်၊ ငရုတ်ကောင်းတောင်ဂိတ်၊ ငါးပြေမဂိတ် စတဲ့ ဂိတ်တွေမှာ လုံခြုံရေးဂိတ်တွေကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဟိုင်းကြီးကျွန်းမြို့မှာ လူဦးရေ ၃ သိန်းကျော် နေထိုင်တယ်လို့သိရပြီး တိုင်းအစိုးရအဖွဲ့ရုံးစိုက်ရာ ပုသိမ်မြို့နဲ့ မိုင် ၆၀ လောက်ကွာဝေးပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ ကုန်းလမ်း၊ ရေလမ်း တိုက်ရိုက်ရောက်တဲ့ဒေသဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာတော့ ထပ်မံစစ်ဘေးရှောင်နေတဲ့ ဒေသခံတွေ တားမြစ်ခြိမ်းခြောက်ခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က စတင်ပြီး ၉ ရက် ညပိုင်းအထိ ရွှေသောင်ယံမြို့ရဲ့ အရှေ့ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်ဘက်ကနေ ဘယ်အဖွဲ့က ပစ်ခတ်မှန်း မသိရတဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားလာရတဲ့အတွက် ဒေသခံတွေဟာ ထပ်မံစစ်ဘေးရှောင်နေကြတာလို့ ဆိုပါတယ်။

ရွှေသောင်ယံဒေသခံတယောက်က “လက်နက်ကြီးသံတွေ ကြားရတော့ စစ်ရှောင်ဖို့ လုပ်နေကြတာ။ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တပ်ကသိပြီး စစ်ဘေးရှောင်ရင် ဖမ်းမယ်၊ နေအိမ် ချိပ်ပိတ်မယ်လို့ ခေါ်ခြိမ်းခြောက်နေတာ။ မရှောင်တဲ့သူတွေလည်း ရှိတယ်၊ နည်းတော့နည်းတယ်” လို့ ပြောပါတယ်။

ရွှေသောင်ယံမြို့ခံတွေဟာ မကျီးဇင်နဲ့ ဘောမိကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတဲ့ ဇန်နဝါရီလ ပထမအပတ်က စစ်ဘေးရှောင်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့နောက် မြို့ပေါ်ကို ပြန်လည်ရောက်ရှိလာပြီးနောက် လက်နက်ကြီးသံတွေကြောင့် အခုလို ဒုတိအကြိမ် စစ်ရှောင်ဖို့ ပြင်ဆင်ရတာလို့ ဆိုပါတယ်။

ရွှေသောင်ယံမြို့ခံအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “မနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ညက လက်နက်ကြီးပစ်သံတွေကို တညလုံး ကြားနေရတယ်။ အသက်မသေဖို့ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြတာ။ အလကားနေအလကား ရှောင်ချင်လို့ ရှောင်နေတာ မဟုတ်ဘူး။ ဒေသခံအများစုက သုံးစွဲစရာပိုက်ဆံလည်း မရှိကြတော့ဘူး။ အကုန် အခက်အခဲတွေ့နေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ရွှေသောင်ယံမြို့ခံတွေဟာ ပထမအကြိမ် စစ်ရှောင်ကတည်းက ပြန်မလာသူတွေလည်း ရှိသလို စားစရာမရှိလို့ ဒေသပြန်လာသူတွေနဲ့ တည်ငြိမ်နေတယ်လို့ ယူဆပြီး ပြန်လာသူတွေဟာ ဒုတိယအကြိမ် စစ်ရှောင်ဖို့ ပြင်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ရွှေသောင်ယံမြို့မှာ ကြည်းတပ်နဲ့ ရေတပ် ပူးပေါင်းပြီး စစ်ရေးပြင်ဆင်ထားပြီး အာရက္ခတပ်တော် (AA) သိမ်းယူထားပြီးဆိုတဲ့ မကျီးဇင်နဲ့ တဆက်တည်း မကျီးဇင်-သာပေါင်း လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်က ခံစစ်တွေ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013