Home
မြန်မာသတင်း
ကနီနှင့် ပေါက်တွင် စစ်တပ်က ဗုံးကြဲ သတ်ဖြတ် မီးရှို့သဖြင့် ပြည်သူ ၃ ဦး သေဆုံး၊ နေအိမ် ၃၀ ခန့် ဆုံးရှုံး
DVB
·
February 11, 2025
Photo : Pauk Township News

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ နတ်လာပို့ မြောက်ရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၁ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲမှာ စက်တပ်လေထီး paramotor နဲ့ ပစ်ခတ်ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နတ်လာပို့ရွာသားတယောက်က “ည အိပ်ကောင်းတဲ့ အချိန်ကြီးပေါ့ဗျာ။ ဒီအချိန်က လူအိပ်ချိန်လေဗျာ၊ ဘယ်သူတွေ ဘာလုပ်နေလို့လဲ။ သူတို့ လုပ်ချင်သလိုကို လုပ်နေတာဗျ။ ဗုံးသီးက ၂ လုံး ကြဲချခဲ့တာ၊ အိမ်ပေါ်တည့်တည့်ကျပြီးတော့ အိမ်ပျက်စီးသလို ဦးအေးလင်း အသက် ၄၉ နှစ် ဘယ်ပေါင်ပြတ်၊ ဗိုက်နံဘေး ပေါက်ထွက်သေဆုံးခဲ့ရပြီး ဒေါ်မုန်း အသက် ၅၇ နှစ်ကတော့ ရင်ဘတ်နဲ့ ကျောဒဏ်ရာ ရရှိခဲ့တယ်။ ဆေးကုသနိုင်ဖို့ ဆေးရုံကို သွားကြတယ်ဗျ။ လမ်းမှာ သေဆုံးတယ်လို့လည်း ကြားရတယ်။ အတည်တော့ ပြုလို့မရသေးဘူး” လို့ ပြောပါတယ်။

နတ်လာပို့ မြောက်ရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို စစ်တပ် တပ်စွဲရာ နမခစစ်တပ်နဲ့ ခန့်မှန်း ၅ မိုင်ခန့်သာ ဝေးကွာတယ်လို့လည်း သိရပါတယ်။

ကနီ ပကဖ အဖွဲ့ဝင်တယောက်က “ဘာတိုက်ပွဲမှ မရှိပါဘူး။ သူတို့က အင်ဂျင်တပ်လေထီး (paramotor) စမ်းသပ်ပြီး သက်သက်မဲ့ လာပစ်တာလို့ပဲ ထင်တယ်ဗျ။ ပစ်တာ လက်နက်ကလည်း ၁၂၀ မမ အမျိုးအစားလက်နက်နဲ့ ၂ လုံး ပစ်သွားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း ကနီမြို့နယ် အရှေ့ခြမ်းက ဆူးလေကုန်းရွာကို အခုလို စက်တပ်လေထီးနဲ့ ဗုံးသီး ၂ လုံးချလို့ ပြည်သူတယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မုံရွာနမခစစ်တပ်က ကနီမြို့နယ်အတွင်းက ကျေးရွာ ၂ ရွာကို ဖေဖော်ဝါရီလအတွင်း စက်တပ်လေထီးနဲ့ ၂ ကြိမ်ပစ်ခတ်မှုမှာ ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရ ရှိထားတယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက မကျီးစင်ကျေးရွာကိုလည်း ဖေဖော်ဝါရီ ၉ ရက် မနက်မှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး ပြည်သူတယောက်ကို မီးရှို့သတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ပေါက်အခြေစိုက် တော်လှန်ရေးရဲဘော်တယောက်က “ပေါက်အရှေ့‌မြောက်ပိုင်းက မကျီးစင်ရွာကို ‌ေ—း စစ်ကြောင်းဝင်ပြီး အမျိုးသား ၁ ဦး မီးရှို့သတ်သွားတယ်။ ရွာကိုလည်း မီးတိုက်သွားလို့ အိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့သတ်ဖြတ်ခံရသူဟာ မကျီးစင်ကျေးရွာနေ အသက် ၄၀ အရွယ် ကိုဝင်းစိုး ဖြစ်တယ်လို့ ဆိုပါတယ်။

နဂါးကြီး ဗိုလ်နီတိုး (Revolution) က “သူတို့ အင်အား ၂၀၀ လောက်နဲ့ မကျီးစင်ရွာထဲကို မနက်ပိုင်းကြီး ၇ နာရီ ၈ နာရီလောက် ရှိမှာပေါ့၊ သေနတ်တွေဖောက်ပြီး ဝင်လာကြတော့ ရွာလုံးကျွတ်လောက် ထွက်ပြေးကြတာ။ ဒါပေမဲ့ ကိုဝင်းစိုး က ဘယ်လိုကျန်နေခဲ့တာလဲ မသိပါဘူး။ စစ်ကြောင်းက ရေပြာရဲစခန်းက စခနဲ့ ရခတွေပါ။ ရေပြာရဲစခန်းနဲ့ အခု မကျီးစင်ရွာက ၁ မိုင်လောက်ပဲ ဝေးတာဗျ။ အဲဒီ မကျီးစင်ရွာမှာက အိမ်ခြေ ၁၀၀ လောက် ရှိတာဆိုတော့ ၄ ပုံ ၁ ပုံ မီးရှို့ခံလိုက်ရတာပေါ့ဗျာ။ ကျန်တဲ့အိမ်တွေထဲကိုလည်း ဝင်မွှေပြီး ပစ္စည်းပစ္စယတွေလည်း ခိုးသယ်သွားကြသေးတယ်။ ဒီရွာကို မီးရှို့ခံရတဲ့ဖြစ်စဥ်ကတော့ ဒါ ပထမဆုံးအကြိမ်ပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက မြိုင်စက်မှု ၂ ကနေ ထွက်လာတာဖြစ်ပြီး ကုက္ကိုစုကျေးရွာ ပြည်သူ့စစ်တွေအပြင် ပျူစောထီးတွေနဲ့ပူးပေါင်းကာ ရေပြာရဲစခန်းကတဆင့် မကျီးစုကျေးရွာအား စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မြိုင်မြို့နယ်ဘက်ကို ပြန်လည်ဆုတ်ခွာသွားကြပေမဲ့ ထွက်ပြေးနေကြရတဲ့ ရွာခံတွေကတော့ ကျေးရွာအတွင်း ပြန်မဝင်ရဲကြသေးဘူးလို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် ဒေသခံပြည်သူတချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြန်လည်ဆုတ်ခွာသွားတဲ့ အဲဒီစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပေါက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013