Home
မြန်မာသတင်း
ရွှေဘို၌ စစ်တပ်က ဗုံးကြဲသဖြင့်  ၂ ဦး ဒဏ်ရာရ၊ ငါန်းဇွန်မြို့နယ်ကို  စက်တပ်လေထီးဖြင့် ဗုံးကြဲ
DVB
·
February 10, 2025
bomb_10022024

စစ်ကိုင်းတိုင်း၊ ဘိုမြို့နယ်အရှေ့တောင်ခြမ်း ဝက်လက်မြို့နယ်အစပ်မှာရှိတဲ့ ကံကြီးတောရွာကို စစ်တပ်က ဖေဖော်ဝါရီ ၉ ရက်‌‌ နေ့လယ် ၂ နာရီခွဲလောက်မှာ လေကြောင်းကနေ  ဗုံကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံကြီးတောရွာနေ ပြည်သူတယောက်က “စစ်တပ်က ရွှေဘိုမြို့အမှတ် ၈  လေ့ကျင့်ရေးတပ်က ဟောင်ဝှစ်ဇာနဲ့ အရင်ပစ်ခတ်တာဗျ။ အဲတာပြီး‌တော့ လေယာဉ်နဲ့ ဗုံးသီး ၂ လုံးချတယ်။ ဟောင်ဝှစ်ဇာနဲ့ ပစ်တာကတော့ ထိခိုက်မှုမရှိဘူး။ လေယာဉ်နဲ့ ဗုံးကြဲပြီး စက်လက်နက်ပစ်တာက ပြည်သူ ၂ ဦး ထိခိုက်တယ်ဗျ” လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ရွာသား ဦးလှဖော် ခြေထောက် ပြတ်ထွက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်ဖြူကတော့ မျက်နှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့ကာ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်ပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်က “ကျနော်တို့ သိထားတာက ဂျက်ဖိုက်တာနဲ့ Rocket ၂ လုံးနဲ့ ပစ်တယ်။ လေယာဉ်ပေါ်ကနေ စက်လက်နက်ပစ်ခတ်သွားတယ်။ ဒဏ်ရာရတဲ့သူ ၂ ဦးထဲက တဦးကတော့ ဒဏ်ရာပြင်းထန်ပြီး ခြေ‌ထောက်ဖြတ်ရမယ်လို့ သိထားရတယ်ဗျ။ ဘာလို့ အခုလိုပစ်တာလဲဆိုတာကတော့ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ပစ်သွားတာလို့ ပြောပါတယ်။

ကံကြီး တောရွာဟာ ရွှေဘိုမြို့နဲ့ ၆ မိုင်နီးပါးကွာဝေးပြီး အိမ်ခြေ ၂၀၀ နီးပါးခန့်သာရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်ည ၁၂ နာရီဝန်းကျင်မှာ စက်တပ်လေထီးနဲ့ ထပ်မံဗုံးကြဲတိုက်ခဲ့တာကြောင့် နေအိမ်နဲ့ အိမ်မွေးတိရစ္ဆာန်တချို့ ဒဏ်ရာရှိခဲ့ ပါတယ်။

ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ကိုဟရုနာကာဂျီမာ က “ငါန်းဇွန်အနောက်ဘက်က ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ယိုးဒယားရွာသစ်ရွာကို ညသန်းခေါင်မှာ စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၄ လုံးကြဲသွားတာပါ။ အိမ် ၁ လုံးပျက်စီးပြီးတော့ ခိုင်းနွား ၂ ကောင် ဒဏ်ရာရပါတယ်။ ရွာခံတွေကနော့ အချိန်မှီပြေးပုန်းနိုင်ကြလို့ လူထိခိုက်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ငါန်းဇွန်မြို့နယ်ထဲက ကျေးရွာတွေကို စက်တပ်လေထီးအသုံးပြုပြီး  မကြာခဏ ဗုံးကြဲချနေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့လည်း ဆိုပါတယ်။

ငါန်းဇွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့​ပြောရေးဆိုခွင့်ရှိသူက “တိုက်ပွဲရှိတာမဟုတ်ဘဲ ကြဲသွားပြန်တာပါ။ ဒီမြို့နယ်ထဲက ရွာတွေတော်တော်များများက ရွာခံတွေက လေယာဥ်သံနဲ့ စက်တပ်လေထီးသံကြားရင်ကို အတော်လေးကြောက်နေကြတဲ့ အနေအထားဖြစ်နေတယ်။ ညပိုင်းတွေဆိုရင်လည်း ကောင်းကောင်း မအိပ်ကြရဘူး။ လေယာဥ်သံကြားရင် ထပြေးရတာ။ တောင်ယာလုပ်ငန်းတွေလည်း ကောင်းကောင်း မလုပ်နိုင်ကြတော့ဘူး။ တချို့ရွာတွေဆိုရင် ရွာလုံးကျွတ်လောက်ထွက်ပြေးနေကြရတာ လချီနေကြပြီ။ စားဝတ်နေရေးတွေလည်း ခက်ခဲကြတာပေါ့ဗျာ” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၆ ရက် မနက် ၂ နာရီခွဲဝန်းကျင်ကလည်း ငါန်းဇွန်မြို့နယ်ထဲက ကန်သာကျေးရွာ ဘုန်းကြီးကျောင်းပေါ်ကို စက်တပ်လေထီးနဲ့ဗုံးကြဲချခဲ့လို့ ဆရာတော် တပါး ပျံလွန်တော်မူပြီး အမျိုးသား တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျောင်းဆောင် တဆောင်လည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ငါန်းဇွန်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ​ မကြာခဏပြုလုပ်နေတာကြောင့်  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကနေ အခု ၂၀၂၅  ဇန်နဝါရီအထိ ၅ လအတွင်း ရဟန်းသံဃာတော်တွေ၊ ကလေးသူငယ်တွေအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံပြည်သူ အယောက် ၃၀ နီးပါး သေဆုံးခဲ့ရတယ်လို့လည်း ငါန်းဇွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013