
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မှာ စစ်ကောင်စီဘက်က ဒရုန်းအသုံးပြု တုံ့ပြန်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထိခိုက်တာတွေ ရှိလာနေပါတယ်။
ဗန်းမော်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၄ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာမှာ တိုက်ပွဲက ၂ လကျော် ကြာမြင့်ပြီဖြစ်ပါတယ်။
လက်ရှိ KIA နဲ့ ပူးပေါင်းတပ်တွေဘက်က အမှတ် ၃၆၆ အမြောက်တပ်ရင်း အပါအဝင် တပ်စခန်းတချို့ကို သိမ်းပိုက်ထားပြီး ကျန်နေတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် ကျန်နေတဲ့ တပ်ရင်းစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်းတွေကို တန်ပြန်အသုံးပြု တုံ့ပြန်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထိခိုက်တာတွေ ရှိလာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီဘက်က ဒရုန်းကို ပိုပြီးအသုံးပြုလာနေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲပြင်းထန်တာကြောင့် တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း ထိခိုက်တာရှိပြီး အရေအတွက်ကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စကခ ၂၁ ဘက်မှာ သွားရောက် ပူးပေါင်းနေတာကြောင့် အဲဒီနားတဝိုက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) တိုက်ခိုက်ချေမှုန်းခဲ့တဲ့ တပ်မ ၉၉ စစ်ကြောင်းက ဖမ်းဆီးရမိထားတဲ့ လက်နက်တွေကိုကြည့်ရင် ဒရုန်းတွေကို သေချာပြင်ဆင်လာတာ တွေ့ရသလို ဗန်းမော်တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဒရုန်းကို အများအပြား အသုံးပြုနေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
လက်ရှိ တော်လှန်ရေးအင်အားစုတွေဘက်မှာ ဒရုန်းကာကွယ်ရေးက လုံလုံလောက်လောက် ရှိမနေသေးတာကြောင့် တိုက်ပွဲအတွင်း ဒရုန်းဒဏ်မခံရအောင် စနစ်တကျ ဆောင်ရွက်ဖို့ကိုလည်း သူက အကြံပြုပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းကုမ္ပဏီတွေကို သွားရောက်ခဲ့ပြီးတဲ့နောက်မှာပဲ တိုက်ပွဲတွေမှာ ဒရုန်းတွေကို ပိုပြီး အသုံးပြုလာတာပါ။
KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒရုန်းရန်ကာကွယ်ရေးနဲ့ ပတ်သက်လို့ စစ်ရေးကိစ္စဖြစ်တဲ့အတွက် မပြောနိုင်ပေမဲ့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အကောင်းဆုံး တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းတွေကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်ပြီးဖြေဆိုတာ မရှိသေးပါဘူး။
ထက်အောင်