
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းခေါင်းလောင်းနားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေလို့ ဒေသခံတွေတိမ်းရှောင်နေရပြီး ရွှေဘိုမြို့နယ်၊ ဆိပ်သာရွာကို စစ်ကာင်စီက လက်နက်ကြီးနဲ့ပစ်လို့ သားအမိ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက မြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကင်းရွာဘက်ကို ထွက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။
ရွှေဘိုခရိုင်တပ်ရင်း ၁၈၊ တပ်ခွဲ ၃ ဖြစ်တဲ့ ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့ တာဝန်ရှိသူ ဗိုလ်ကျားကြီက “ကျနော်တို့နဲ့အဖွဲ့တွေနဲ့ စကစတို့ တိုက်ပွဲဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့ ကင်းယူထားတဲ့ဘက်ကို သူတို့ စစ်ဦးကျွံလာတာကို ကျနော်တို့ဘက်က လက်ဦးမှုယူပြီး ပစ်ခတ်ရာကနေ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ကြတာပါဗျ။ တိုက်ပွဲကြာချိန်က ၁ နာရီနီးပါးခန့် ကြာတယ်။ စ-ဘက်က ၄ ဦးကတော့ ကျနော်တို့မျက်မြင် ကျဆုံးတယ်။ ကျဆုံးအလောင်းတွေထမ်းပြီး မြသိန်းတန်ဘုရားဆီ ပြန်ဆုတ်သွားတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိခိုက်အကျဆုံး မရှိခဲ့ဘူးဗျ” လို့ DVB ကို ပြောပါတယ်။
ရွှေဘိုခရိုင်တပ်ရင်း ၁၈ ကဦးဆောင်ပြီး ရွှေဘိုခရိုင်တပ်ရင်း ၁၈ ရဲ့ တပ်ခွဲတွေဖြစ်တဲ့ ဝက်လက်ဗိုလ်ကျားကြီအဖွဲ့၊ Pro Life အဖွဲ့၊ မင်းသားကြီးအဖွဲ့၊ ဗိုလ်သင်္ချိုင်းအဖွဲ့၊ ရောင်နီအဖွဲ့နဲ့ နယ်မြေခံ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ကင်းရွာသားတယောက်က “ကျနော်တို့ရွာက မြသိန်းတန်စေတီတော်နဲ့က ၃ ဖာလုံလောက်ပဲ ဝေးတာဗျ။ စစ်တပ်က စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မြသိန်းတန်မှာ တပ်စွဲနေတာဗျ။ သူတို့ဘာကြာင့် ထွက်လာတာလဲတော့ မသိဘူးလေ။ သူတို့ထွက်လာတော့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကြတာ။ သူတို့တိုက်ပွဲဖြစ်တော့ ကျနော်တို့ အရပ်သားတွေ ရွာထဲကနေ ထွက်ပြေးကြရတယ်။ တချို့ရွာသားတွေကတော့ ရွာကနေ မိသားစုလိုက် အပြီးပြောင်းရွှေ့သွားကြတာလည်းရှိသလို တိုက်ပွဲငြိမ်သွားလို့ ပြန်ဝင်နေကြတဲ့သူတွေလည်း ရှိကြတယ်။ တချို့မိသားစုတွေကတော့ ရွာအနီး ယာတောတွေထဲမှာ တဲထိုးနေကြတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
စစ်တပ်ကတော့ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းကို စစ်ကိုင်းမြို့အထွက်ကနေ စစ်ဆေးနေပြီး ဆန်၊ ဆီ၊ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေကို ကန့်သတ်ပိတ်ပင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွှေဘိုမြို့နယ်၊ ဆိပ်သာကျေးရွာကို စစ်ကာင်စီတပ်က ဖေဖော်ဝါရီ ၇ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သားအမိ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာပြည်သူအုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့ရွာဘက်ကို လက်နက်ကြီး ၃ လုံးနဲ့ ပစ်တာဗျ။ ဘာလို့ပစ်တာလဲတော့ မသိဘူးလေ။ ကျနော်တို့ ရွာအနီးကိုကျတာရှိသလို ရွာထဲ ကျတာလည်း ရှိတယ်ဗျ။ ရွာထဲကျတာက ဒေါ်ဝင်းသန်း အသက် ၅၀ ကျော်နဲ့ သူ့သားဖြစ်တဲ့ မောင်မူတူး ၄ နှစ်တို့ မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့တယ်ဗျ။ နောက်ပြီး နွား ၂ ကောင်လည်း သေတယ်” လို့ ပြောပါတယ်။
ဆိပ်သာရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ စစ်တပ်အထိုင်ချထားတဲ့ ဇီးဖြူကုန်းရွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့လည်း ဆိုပါတယ်။