ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက ထိုးစစ်ဆင်နေတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေတိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး တကျော့ ပြန်ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေ နဲ့အဆတ်မပြတ် ဗုံးကြဲတိုက်ခိုက် နေပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “နေ့စဉ်လို တိုက်ပွဲဖြစ်နေတယ်။ အာရှလမ်းတကြောလုံးပဲ။ သူတို့ (စစ်ကောင်စီ) ကတော့ လူအင်အားတိုးတိုးပြီးချတယ်။ ပေါ်တာဆွဲလာသမျှတွေဖြစ်မယ်။ ပုံမှန်တော့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်။ ကျနော်တို့ဘက်က တိုးသွားတာ သွားတိုက်တာမျိုး မဟုတ်ဘဲ သူတို့ဘက်က တိုးနေတာကို ကျနော်တို့ ဘက်က ဖြိုနေရတဲ့သဘော။ နေ့စဉ်တော့ တိုက်ပွဲတွေ ရှိနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စခက ၁၂ အမြောက်ကုန်း၊ လှိုင်းဝအမြောက်ကုန်း၊ ခလရ ၉၇ တပ်ရင်းကနေ ကော့ကရိတ်မြို့တွင်းနဲ့ အနီးအနားက အံဖကြီး၊ အံဖလေး၊ မိကသီကုန်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက ပြည်သူလူထုတွေကို အကြောက်တရားနဲ့ တိုက်ရိုက်ခြိမ်းခြောက်တာမျိုး မဟုတ်ဘဲ သွယ်ဝိုက်ပြီး ခြိမ်းခြောက်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။
“သူတို့က အခုက ရမ်းသန်းမှန်းသန်းပစ်နေတာပဲ။ အရှေ့လည်း မကြည့်၊ နောက်လည်းမကြည့်ဘဲ ရန်သူရှိလောက်မယ် ထင်ရတဲ့နေရာတွေ ခန့်မှန်းပြီးတော့ ပစ်ထည့်တယ်။ ပြည်သူလူထုတွေကို အကြောက်တရားနဲ့ တိုက်ရိုက်ခြိမ်းခြောက်တာမျိုးမဟုတ်ဘဲ သွယ်ဝိုက်ပြီးခြိမ်းခြောက်တဲ့ ပုံစံမျိုးဖြစ်နေတယ်။”
ဒါအပြင် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းနဲ့ အောက်ဗိုလ်တဲ့ လမ်းဟောင်းကို ၁ လအတွင်း ပြန် လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းပြီး စစ်ရေးပြင် ဆင်ခဲ့ပေမဲ့ လက်ရှိမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တိုက်ခိုက်တာ ခံနေရပါတယ်။