
ရန်ကုန်၊ အင်းစိန်ထောင်ထဲက လွတ်ရက်စေ့ ရိုဟင်ဂျာ အယောက် ၉၀၀ ကျော်ကို ဒီမနက်ပိုင်းမှာ ကားတွေနဲ့ စစ်တပ်နဲ့ရဲတွေက ခေါ်ထုတ်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)က ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
မနက် ၆ နာရီလောက်က ခေါ်ထုတ်နေတာဖြစ်ပြီး အဲဒီရိုဟင်ဂျာအားလုံးဟာ အင်းစိန်ထောင်မှာ ကျနေတာမဟုတ်ဘဲ တခြားထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အင်းစိန်ထောင်ကို ပို့ခံထားရတာလို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေကိုမခေါ်ထုတ်ခင်မှာ တခြားထောင်တွေမှာရှိတဲ့ ရိုဟင်ဂျာတွေကိုလည်း အင်းစိန်ထောင်ထဲကို ရွှေ့ပြောင်းလာခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အထောက်အထားကတ်လို့ယူဆရတဲ့ ကတ်တွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရုံးပိတ်ရက်ဖြစ်တဲ့ မနေ့က ၁၅ ရက်နေ့မှာ လဝကဝန်ထမ်း အယောက် ၅၀ ကျော်က ရိုဟင်ဂျာတွေအတွက် ကတ်တွေလာလုပ်ပေးပြီး ကတ်အမျိုးအစားနဲ့ အသုံးဝင်ပုံကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက “ဧရာဝတီတိုင်းထဲက ထောင်တွေကနေ လွတ်ရက်စေ့ ရိုဟင်ဂျာတွေကအစ စုဆောင်းပြီးမှ အခုလိုမျိုး တလုံးတခဲ ထုတ်သွားတာက သံသယဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ဒီလူတွေကို လွှတ်ပေးမယ်ဆိုရင်တောင် ဘယ်မှာ သွားလွှတ်ပေးမှာလဲ မေးစရာမေးခွန်းတွေတော့ အများကြီးရှိပါတယ်။ သိထားတဲ့အချက်အလက်အရ စစ်ကောင်စီနဲ့ တခြား သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ရိုဟင်ဂျာတွေကို ပြန်လွှတ်ပေးဖို့ ဆွေးနွေးတဲ့ အခြေအနေမျိုး မရှိနေဘူးဗျ” လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေကို လူသားဒိုင်းအနေနဲ့ အသုံးချခံရနိုင်ခြေရှိနေပြီး ရှေ့နေနဲ့ မိသားစုဝင်တွေ မရှိတဲ့အပေါ် ခေါ်ထုတ်ခံရပြီးတဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပြောရခက်နေတယ်လို့ သိရပါတယ်။
လွတ်ရက်စေ့ပြီးတဲ့ ရိုဟင်ဂျာ အမျိုးသား ၁၈ ယောက်က လွဲပြီး အမျိုးသား ၅၈၄ ယောက်၊ အမျိုးသမီး ၂၆၇ ယောက်၊ ကလေး ၆၇ ယောက်တို့ကို ရခိုင်ပြည်နယ်၊ စစ်တွေကို ရေကြောင်းကနေတဆင့် ပို့ဆောင်သွားမယ်လို့ သိရကြောင်း PPNM က ဆိုပြီး လက်ရှိမှာတော့ စစ်တွေမြို့နယ်ထဲမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်နေတာပါ။
PPNM ရဲ့ အချက်အလက်အရ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက လွတ်ရက်စေ့နေပြီဖြစ်တဲ့ ရိုဟင်ဂျာတွေကို မလွှတ်ပေးခဲ့ဘဲ အခုအချိန်မှ ရိုဟင်ဂျာတွေကို စုစည်းပြီး ကားနဲ့ ခေါ်ထုတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ထဲကနေ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေဆီထွက်ပြေးဖို့ ကြိုးစားရင်း စစ်ကောင်စီရဲ့ဖမ်းဆီးထောင်ချခံထားရသူတွေဖြစ်ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် ၂၅ ယောက်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားပါတယ်။