
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ဗုံးအလုံး ၁၈၀ လောက်နဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA က ထုတ်ပြန်ပါတယ်။
တိုက်ပွဲမရှိဘဲ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနဲ့ တောင်ရွှေကျေးရွာတို့ကို တောင်ခမ်းစခန်း ခမရ ၄၀၆၊ တပ်ရင်း ၃၅၄ နဲ့ တပ်ရင်း ၉၀၂ တို့ကနေ လက်နက်ကြီး ၁၃၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်းလွဲ ၂ နာရီမှာတော့ Y-12 လေယာဉ်နဲ့ နာဆွေကျေးရွာကို ဗုံး ၃၈ လုံး လာရောက်ကြဲချခဲ့တာကြောင့် တရက်တည်းမှာ ဗုံး ၁၇၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူတွေထိခိုက် သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
ဖေဖော်ဝါရီ ၆ ရက်ကလည်း နောင်ချိုကို ဗုံးကြဲခဲ့သလို ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၅ ယောက် သေဆုံးခဲ့ပါသေးတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကလည်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံး အလုံး ၂၀ လောက်ကြဲချတိုက်ခိုက်လို့ ဒေသခံ ၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ဆွေးနွေးဖို့အတွက် TNLA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့ကိုရောက်နေပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ တွေ့ဆုံကြဖို့ရှိပါတယ်။