
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ည ၆နာရီခွဲဝန်းကျင်မှာ ကျော်ရွာ ကျေးရွာနဲ့ သံဖိုရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကျော်ရွာက မိသားစုဝင် ၃ ဦးနဲ့ သံဖိုရွာက ကလေးတဦးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့လူလည်း များတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် သေဆုံးသူအားလုံးကို ညတွင်းချင်း မီးသင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ စတင်ပြင်းထန်နေစဥ်ကတည်းက စစ်ကောင်စီက ကျေးရွာတွေကို လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေတာကြောင့် လူနေအိမ်တွေ မီးလောင်ထိခိုက်ပျက်စီးတာ၊ ဒေသခံတွေ သေဆုံးထိခိုက်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဖေဖော်ဝါရီ ၁၄ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆၂၈၆ဦး သေဆုံးထားကြောင်း ဖော်ပြထားပါတယ်။