
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် လူနေအိမ်အလုံး ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “သူတို့စစ်ကြောင်းမှာက အင်အား ၂၀၀ ကျော်လောက်ပါတယ်။ ဒီဘက်ရွာတွေကို စစ်ကြောင်းထိုးနေတာ ၁ လလောက်ကြာနေပြီဗျ။ တဲကြီးရွာမှာ အထိုင်ချပြီး ပတ်မွှေနေတာပါ။ အခုမီးရှို့ခံရတဲ့ရွာတွေက လင်းဇင်းတိုက်နယ်ထဲက အုန်းတောရွာနဲ့ မြောင်းကြားရွာတွေက လူနေအိမ်တွေဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက အုန်းတောကျေးရွာနဲ့ မြောင်းကြားကျေးရွာတွေကို စစ်ကြောင်းထိုးကာ လူနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြတာလို့ ဆိုပါတယ်။
“အုန်းတောရွာကတော့ မီးလောင်ပျက်စီးတဲ့ အိမ်ခြေပမာဏများတယ်။ ကျနော်တို့ ပြုစုထားတဲ့စာရင်းအရတော့ ၁၀၀ ကျော်တယ်ဗျ။ ရွာလုံးကျွတ်လောက်နီးပါးပါပဲ။ ရွာခံတွေ ထွက်နေကြတော့ စစ်ေ-တွေက တအိမ်တက်ဆင်း ကြိုက်တာယူပြီး တအိမ်တက်ဆင်းကို စိတ်ကြိုက်မီးရှို့တာ။ အခုထိကို မီးခိုးတွေတလူလူပဲ။ မီးလောင်တဲ့ အိမ်အရေအတွက် သိရဖို့ကတော့ ရွာခံတွေကို စောင့်ရဦးမယ်။ လောလောဆယ် စစ်ကြောင်းကလည်း ရှိနေသေးတော့ သူတို့ပြန်လာဖို့ဆိုတာ မလွယ်သေးဘူး” လို့ စလင်း ပကဖ တာဝန်ခံ အမ်ဖိုး က DVB ကို ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ မြောင်းကြားကျေးရွာကိုဝင်ရောက်ပြီး လူနေအိမ် ၁၀ လုံး ဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြသေးတယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်ကလည်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း-ပကဖ) အထိုင်ရုံးနဲ့ ခဲယမ်းဂိုဒေါင်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စလင်းမြို့နယ်အတွင်းက မီးဘေးသင့်ပြည်သူ ၁၂၀၀ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေးအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လိုက်လံပေးအပ်နေပြီး လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်ပေးနေတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။