
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့က စစ်ကောင်စီရဲ့အမြောက်တပ် ၃၄၄ နားမှာ အာရက္ခတပ်တော် (AA) နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေထီးနဲ့ ရက်ဆက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမြောက်တပ် ၃၄၄ နဲ့ ၄ မိုင်ကျော်အကွာ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၁၄ ရက်က စတင်တိုက်ပွဲပြင်းထန်လာတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်ညနေနဲ့ ၁၅ ရက်ညမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ရက်ဆက်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ မြောက်စမ်းမှာ တိုက်ပွဲဖြစ်နေတာ။ စစ်ကောင်စီတပ်က အပြင်းအထန်ခုခံနေရတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေရှိသလို လေထီးနဲ့ပါ ရက်ဆက်ဗုံးကြဲနေတာတွေ့နေရတယ်” လို့ ပြောပါတယ်။
AA ပူးပေါင်းတပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မကျီးဇင်နဲ့ ဘောမိဒေသတို့ကို သိမ်းပိုက်ထားပြီး လက်ရှိ ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်ဘက်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။
ဒေသခံ စစ်ဘေးရှောင်တယောက်က “အရပ်သားတွေကတော့ ဆောက်တည်ရာမရ ပြေးနေရတာပေါ့။ ဘောမိဘက်မှာ တိုက်ပွဲက လျော့နည်းသွားပြီး အခု ငါးသိုင်းချောင်းဘက်ကို လှည့်လာတာပါ။ စစ်ကောင်စီတပ်က ဒဏ်ရာရစစ်သားတွေ သယ်သယ်သွားတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။
AA ရဲ့ ထိုးစစ်ဟာ တိုက်ပြီးပြန်ဆုတ်သွားမယ့်ပုံစံမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့အမြောက်တပ် ၃၄၄ ကို သိမ်းပိုက်နိုင်ခြေရှိတာကြောင့် လက်ရှိတိုက်ပွဲဟာ ပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
ငါးသိုင်းချောင်းအခြေစိုက် အမြောက်တပ် ၃၄၄ မှာ ပြီးခဲ့တဲ့ ရက်အတွင်းကစတင်ပြီး အရေးပေါ် လေယာဉ်ကွင်းဖောက်လုပ်ခဲ့ပြီး လက်ရှိ အမည်မသိရသေးတဲ့ အဆောက်အုံတချို့ပါ ထပ်မံဆောက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။