
ထိုင်ဝမ်ရဲ့ တရားဝင်လွတ်လပ်ရေးကို မထောက်ခံဘူးဆိုတဲ့ အရင်က အသုံးအနှုန်းကို ဖယ်ရှားခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အပြောင်းအလဲကို ထိုင်ဝမ်ပြည်သူတွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ကြိုဆိုခဲ့ကြပါတယ်။
စီးပွားရေးနဲ့ ဆက်ဆံရေးအပေါ် အာရုံစိုက်ဖို့ကိုလည်း ထိုင်ဝမ်သားတွေက ပြောခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မွမ်းမံပြင်ဆင်ထားတဲ့ ထိုင်ဝမ်ဆိုင်ရာ အချက်အလက် စာတမ်းမှာ ထိုင်ဝမ် ဒါမှမဟုတ် တရုတ်ဘက်က တဖက်သတ် ပြောင်းလဲတာကို အမေရိကန်အစိုးရက ဆန့်ကျင်မှုကို ဆက်ထိန်းသိမ်းထားပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူ့ကိုယ်ပိုင်အဖြစ် တရုတ်က အခိုင်အမာ ပြောဆိုထားပါတယ်။
အပြောင်းအလဲက ကောင်းတယ်လို့ ထိုင်ဝမ်နိုင်ငံသားတယောက်က ပြောပေမဲ့ တခြားသူတွေကတော့ စီးပွားရေးနဲ့ ရေလက်ကြား ဖြတ်ကျော်ဆက်ဆံရေးကို အာရုံစိုက်တာက ပိုအရေးကြီးတယ်လို့ ပြောပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်မှာ သူ့ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် သီတင်း ၃ ပတ်လောက် အကြာမှာ ဝက်ဘ်ဆိုက်ပါ အချက်အလက်တွေကို ပြင်ဆင်မွမ်းမံခဲ့တာပါ။ ဒါဟာ ပုံမှန်ပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်မှာ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ကျားလုံက အမေရိကန်-တိုင်ပေ ဆက်ဆံရေးအပေါ် ထောက်ခံအားပေးမှုနဲ့ အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
နိုင်ငံအများစုမှာလိုပဲ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ ထိုင်ဝမ်ကျွန်းကို ခုခံကာကွယ်ရေး နည်းလမ်းတွေ ပံ့ပိုးပေးဖို့ ဥပဒေအရ အခိုင်မာဆုံး နိုင်ငံတကာ ထောက်ခံအားပေးသူ ဖြစ်ပါတယ်။
ထိုင်ဝမ်အစိုးရကတော့ တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ငြင်းဆိုထားပြီး ကျွန်းသားတွေကသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောထားပါတယ်။
Source : Reuters