
ဒီမိုကရက်တစ် မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို လွှတ်ပေးဖို့ အမေရိကန်နဲ့ ဗြိတိန်တို့က ဖိအားပေးခြင်းမရှိရင် ဟောင်ကောင်အကျဉ်းထောင်ထဲမှာ သေဆုံးသွားနိုင်တယ်လို့ သားဖြစ်သူက ဖေဖော်ဝါရီ ၁၇ ရက်မှာ သတိပေးခဲ့ပါတယ်။
အခု ပိတ်ခံထားရတဲ့ Apple Daily သတင်းစာပိုင်ရှင် အသက် ၇၇ နှစ်ရှိ ဂျင်မီလိုင်ဟာ ၄ နှစ်ကြာ အချုပ်အနှောင်ခံထားရပြီး အမှုကိုလည်း ဆက်လက်ရင်ဆိုင်နေရတာကြောင့် ဒေါ်နယ်ထရမ့်ပ်နဲ့ ကီယာ စတာမာ တို့လို ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အရေးတကြီး ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဖခင်ဖြစ်သူ ဂျင်မီလိုင်ဟာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေသေးပေမဲ့ သူ့ခန္ဓာကိုယ်က ပြိုကျနေပါတယ်လို့ သူ့သား ဆီဘက်စတီယန်လိုင်က ဂျီနီဗာမှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ရိုက်တာကို ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ပ်ဟာ သူ သမ္မတရာထူး မထမ်းဆောင်ရသေးခင် အောက်တိုဘာလတုန်းက လိုင်ကို ၁၀၀ ရာခိုင်နှုန်း ထောင်ကလွတ်အောင် လုပ်မယ်လို့ ပေါ့တ်ကာစ် အင်တာဗျူးတခုထဲမှာ ပြောခဲ့တာပါ။
သူ ဒီလိုပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပြီးတော့ မျှော်လင့်ချက်တွေ အများကြီးရှိခဲ့ရတယ် လို့လည်း ဆီဘက်စတီယန် လိုင်က ပြောဆိုပါတယ်။
ယူကေဘက်ကလည်း ခပ်ပြင်းပြင်းလေး အားစိုက်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပြီး “အချိန်တွေကုန်နေပြီ” လို့လည်း သတိပေးခဲ့ပါတယ်။
ဒေါင်းနင်းလမ်းရှိ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်တို့အပြင် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့မှ အာဏာပိုင်တွေက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
ဗြိတိန်-တရုတ် ၂ နိုင်ငံသားဖြစ်တဲ့ ဂျင်မီလိုင်ဟာ ၂၀၁၉ ခုနှစ် ဒီမိုကရေစီဆန္ဒပြပွဲတွေအပြီးမှာ အစပျိုးလာခဲ့တဲ့ တရုတ်နိုင်ငံက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအောက်ရှိ ပြည်ပ အင်အားစုတွေနဲ့ လျှို့ဝှက်ဆက်သွယ်မှု၊ လှုံ့ဆော်မှုတွေနဲ့ စွဲချက်တင်ခံထားရတာဖြစ်ပြီး လိုင်ကတော့ ဒီစွဲချက် ၂ ခုအတွက် အပြစ်မရှိကြောင်း ချေပထားပါတယ်။
အမေရိကန်နဲ့ ယူကေအစိုးရတွေဟာ ဟောင်ကောင်က သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးအတွက် စမ်းသပ်မှုအဖြစ် ရှုမြင်ထားတဲ့ ဒီတရားခွင်ကို နိုင်ငံရေးအရ လှုံ့ဆော်မှု အဖြစ် ရှုတ်ချခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းန်ကျီယန်က ဂျင်မီလိုင်ဟာ “တရုတ်ကို ရန်လိုနေသူတွေရဲ့ နောက်လိုက် အေးဂျင့်တဦးဖြစ်ပြီးတော့ တရားခွင်ဟာ တရားမျှတကြောင်းနဲ့ ဂျင်မီလိုင် ကိုယ်တိုင်က တခြားအကျဉ်းသားတွေနဲ့ သီးခြားထားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ကြောင်း” နိုဝင်ဘာလမှာ ပေကျင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
လိုင်ရဲ့ နိုင်ငံတကာဥပဒေအဖွဲ့က အမှုသည် ဂျင်မီလိုင်ရဲ့အမှုဟာ သတင်းသမားတွေကို အသံတိတ်အောင် “တရားဥပဒေစိုးမိုးရေး” ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချထားတဲ့ လမ်းကြောင်းရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံကို ရှုတ်ချပြီး သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ လာမယ့်သီတင်းပတ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တက်ရောက်လာကြမယ့် ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။
ဟောင်ကောင်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၆၁ ကနေ ၁၃၅ အထိ ကျဆင်းသွားပါတယ်။
Source : Reuters