
သမ္မတဒေါ်နယ်ထရမ့်ပ်က မက္ကစီကိုပင်လယ်ကွေ့ “Gulf of Mexico” ကို “Gulf of America” လို့ ပြောင်းဖို့ အမိန့်ထုတ်လိုက်တာကို Associated Press (AP) သတင်းဌာနက လိုက်နာသုံးစွဲဖို့ ငြင်းဆန်တာကစပြီး အမေရိကန်အစိုးရနဲ့ AP အကြား ထိပ်တိုက်တွေ့ခဲ့ကြတယ်။ အိမ်ဖြူတော်က ဝင်ခွင့်မပေးတော့သလို AP ဘက်ကလည်း သတင်းရယူခွင့်ချိုးဖေါက်မှုနဲ့ အိမ်ဖြူတော်ကို တရားစွဲဆိုလိုက်ပါတယ်။ အစိုးရရဲ့ အာဏာနဲ့ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကြား ရာဇဝင်တွင်မယ့် ထိပ်တိုက်ရင်ဆိုင်မှုတခုပါပဲ။
ထရမ့်ပ်က ၂၀၂၅ ဇန်နဝါရီ ၂၀ ရက်၊ သူ့သက်တမ်းစတင်တဲ့ ပထမနေ့မှာ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် (executive order) နဲ့ အမည်ပြောင်းလဲလိုက်တာဖြစ်ပေမဲ့ တကယ်တော့ မက္ကစီကို ပင်လယ်ကွေ့ဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်တဲ့အတွက် ဒါက အမေရိကန်အစိုးရသုံးစွဲတဲ့ စကားလုံးအနေနဲ့ပဲ အမေရိကန်ပြည်တွင်းမှာပဲ သြဇာသက်ရောက်ပြီး၊ နိုင်ငံတကာ အားလုံးက လိုက်နာသုံးစွဲရမယ်ဆိုတဲ့ အာဏာတော့ မရှိပါဘူး။
AP ကတော့ သူ့ရဲ့ Style book မှာ “Gulf of Mexico” ကို ၄၀၀ နှစ်ကျော် သမိုင်းရှိတဲ့ နာမည်အဖြစ်ပဲ ဆက်သုံးမယ်လို့ ဆုံးဖြတ်ခဲ့ပြီး၊ ထရမ့်ပ်ရဲ့ ပြောင်းလဲတဲ့နာမည်ကို တွဲဖက်ရေးသားပြရုံသာ လုပ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ White House က ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ AP သတင်းထောက်တွေကို Oval Office၊ Air Force One နဲ့ တခြား သတင်းယူခွင့် နေရာတွေဝင်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။
AP သတင်းဌာနဘက်က ဖေဖော်ဝါရီ ၂၁ ရက်မှာ White House ကို တရားစွဲခဲ့ပြီး သတင်းယူခွင့်ပိတ်ပင်မှုဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက် (First Amendment) ဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တယ်လို့ စွပ်စွဲထားတယ်။ ဒီလို ပိတ်ပင်မှုဟာ “အစိုးရက သတင်းဌာနရဲ့ စကားလုံးရွေးချယ်မှုကို ထိန်းချုပ်တာ” ဖြစ်တယ်လို့ ဆိုတယ်။
Associated Press (AP) ဆိုတာက နှစ်ပေါင်း ၁၇၉ နှစ်လောက်ထိ သက်တမ်းရင့်မာလှတဲ့ အမေရိကန်အခြေစိုက် သတင်းအေဂျင်စီ အဖွဲ့အစည်းပါ။ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရုံးခွဲတွေ ထားရှိပြီး ကမ္ဘာအနှံ့ သတင်းဖြန့်ဝေပါတယ်။ AP Style-book ကို အသုံးပြုတဲ့ သတင်းဌာနတွေ၊ လစဉ်ကြေးပေးပြီး သုံးစွဲနေကြတဲ့ သတင်းမီဒီယာတွေနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေပါတွက်ရင် ကမ္ဘာတဝန်း သတင်းဌာနပေါင်း ၁၀,၀၀၀ ကျော်ရှိပါတယ်။ AP က သတင်းစာ၊ ရုပ်သံ၊ ရေဒီယိုနဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေအတွက် နေ့စဉ် သတင်းအရေအတွက် ရာနဲ့ထောင်နဲ့ချီ ပို့ပေးနေပြီး ၂၀၁၉ မှာ AP က သတင်းဌာန ၁၅,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ သူတို့ရဲ့ သတင်းကို ဖတ်သူ၊ ကြည့်သူ၊ နားထောင်သူ လူဦးရေက ကမ္ဘာ့လူဦးရေ ၈ ဒသမ၁ ဘီလီယံ (၂၀၂၅ ခန့်မှန်း) ထဲက ထက်ဝက်ကျော် (သန်းပေါင်း ၄,၀၀၀ ကျော်) ထိရှိတယ်လို့ ကြေညာခဲ့ဖူးပါတယ်။
AP ရဲ့ အယ်ဒီတိုရီယယ် ရပ်တည်ချက်အရ သူတို့ဟာ ကမ္ဘာလုံးဆိုင်ရာ သတင်းဌာနတခုဖြစ်ပြီး၊ နေရာအမည်တွေကို ကမ္ဘာ့ပရိသတ်အလွယ်တကူ နားလည်နိုင်အောင် ထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။ “Gulf of Mexico” စကားလုံးဟာ နိုင်ငံတကာမှာ ၄၀၀ နှစ်ကျော် အသုံးပြုလာတဲ့ နာမည်ဖြစ်ပြီး၊ ထရမ့်ပ်ရဲ့ အမိန့်ဟာ အမေရိကန်ပြည်တွင်းမှာပဲ သက်ရောက်တယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် အာဏာမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် “Gulf of Mexico” ကို ဆက်သုံးပြီး “Gulf of America” ကို ထည့်ဖော်ပြရုံသာ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ထရမ့်ပ်က နာမည်ပြောင်းလိုက်တဲ့နောက်တခုကတော့ အလက်စကာရှိ Denali တောင်ကို “Mount McKinley” လို့ ပြန်ပြောင်းခေါ်ဖို့ပါ။ AP က ထရမ့်ပ်ရဲ့အဲဒီ အမိန့်ကိုတော့ လိုက်နာခဲ့ပါတယ်။ ဒါက အမေရိကန်ပြည်တွင်းမှာပဲ တည်ရှိတဲ့နေရာဖြစ်ပြီး ထရမ့်ပ်ရဲ့ အာဏာသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ “Gulf of Mexico” က နိုင်ငံတကာ ရေပိုင်နက်နဲ့ ပတ်သက်တာမို့ လိုက်မပြောင်းဘူးလို့ တင်းခံထားပါတယ်။
အမေရိကန် အစိုးရဘက်က ရှုမြင်ပုံအရ “Gulf of America” ဟာ အစိုးရရဲ့ တရားဝင် အမည်ဖြစ်ပြီး၊ Google Maps၊ Apple Maps လို နည်းပညာကုမ္ပဏီတွေဘက်က လိုက်နာပြောင်းပေးခဲ့တာကို ထောက်ပြပါတယ်။ ပြောခွင့်ရ အမျိုးသမီး လီရာဗစ်က ဖေဖော်ဝါရီ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ “လူအနည်းစုက လျစ်လျူရှုနေပေမဲ့ ဒါက အမှန်တရား (fact) ဖြစ်တယ်” လို့ ဝေဖန်ခဲ့ပါတယ်။ “AP က အစိုးရရဲ့ တရားဝင် အမည်ပြောင်းလဲမှုကို လျစ်လျူရှုပြီး သတင်းမှားတွေ ဖြန့်နေတယ်” လို့သူက ပြောပါတယ်။
Deputy Chief of Staff တေလာဘူဒိုဝစ်ကလည်း AP ဟာ သတင်းမှားတွေဖြန့်နေတယ်” လို့ စွပ်စွဲပြီး၊ သတင်းယူခွင့်ပြုမပြုဟာ အစိုးရရဲ့ အခွင့်အာဏာပဲလို့ ပြောပါတယ်။ သမ္မတရုံးခန်း Oval Office နဲ့ သမ္မတရဲ့ စီးတော်ယာဉ် Air Force One လို အထူးကန့်သတ်နေရာတွေမှာ သတင်းယူခွင့်ဟာ အခွင့်ထူး (privilege) ဖြစ်ပြီး အခွင့်အရေး (right) မဟုတ်ဘူး” လို့ ဆိုပါတယ်။ AP ကို Oval Office နဲ့ Air Force One ကနေ အချိန်အကန့်အသတ်မရှိ ပိတ်ပင်မယ်လို့ White House က ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
တကယ်လို့ AP ဘက်က အိမ်ဖြူတော်အပေါ် တရားစွဲဆိုမှု အနိုင်ရခဲ့ရင် တရားရုံးက ဒီပိတ်ပင်မှုကို ဖွဲ့စည်းပုံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ရင်၊ AP ရဲ့ သတင်းယူခွင့်ကို ပြန်ရလာနိုင်ပြီး၊ သတင်းလွတ်လပ်ခွင့်အတွက် အရေးပါတဲ့ ဥပဒေဆိုင်ရာ နမူနာမှတ်တမ်းတခုလည်း ဖြစ်လာနိုင်ပါတယ်။ တကယ်လို့များ တရားရုံးက White House ရဲ့ “သတင်းယူခွင့်ဟာ အခွင့်ထူးဖြစ်ပြီး ပုဂ္ဂလိက ဆုံးဖြတ်ချက်ထဲမှာ ရှိတယ်” ဆိုတဲ့ အချက်ကို လက်ခံရင် White House ဘက် အနိုင်ရပြီး AP သတင်းယူခွင့် ပိတ်ပင်မှု ဆက်ရှိနိုင်ပါတယ်။ အကျိုးဆက်ကတော့ သတင်းဌာနတွေအပေါ် ထရမ့်ပ်အစိုးရရဲ့ ထိန်းချုပ်မှု တင်းကျပ်မှုပိုများလာနိုင်ခြေရှိပါတယ်။
ဒါပေမဲ့ အခုလို တရားစွဲမှုက အချိန်ယူရမှာမို့၊ လပေါင်းများစွာ ဒါမှမဟုတ် နှစ်နဲ့ချီ ကြာနိုင်တယ်။ ဒါပေမဲ့ White House Correspondents’ Association (WHCA) နဲ့ တခြားသတင်းဌာနတွေက ဒီလိုပိတ်ပင်မှုကို ဆန့်ကျင်ဖိအားပေးတာတွေလဲရှိတာကြောင့် နောက်ပိုင်းမှာ ၂ ဘက်ကြား ညှိနှိုင်းမှုတွေ ဖြစ်လာနိုင်တယ်လို့ ယူဆတာတွေလည်း တွေ့ရပါတယ်။
သတင်းမီဒီယာ အယ်ဒီတိုရီယယ် လွတ်လပ်ခွင့်နဲ့ အစိုးရအမိန့်ကြားမှာ မတူညီတဲ့ ချဉ်းကပ်ပုံမျိုးစုံ တွေ့ရတတ်ပါတယ်။ AP နဲ့ သတင်းလွတ်လပ်ခွင့် ထောက်ခံသူတွေ (ဥပမာ - WHCA, Foundation for Individual Rights and Expression) က သတင်းယူခွင့်ပိတ်ပင်မှုဟာ အစိုးရရဲ့ သတင်းဌာနတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှုဖြစ်ပြီး၊ First Amendment ကို ချိုးဖောက်တယ်လို့ ဆိုတယ်။ သတင်းဌာနတွေရဲ့ အယ်ဒီတိုရီယယ် လွတ်လပ်ခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံဖြစ်ပြီး၊ အစိုးရက ဘယ်လို စကားလုံးသုံးရမယ်ဆိုတာ ညွှန်ကြားလို့ မရဘူးလို့ အကြောင်းပြတယ်။
ထရမ့်ပ်အစိုးရနဲ့ ထောက်ခံသူတွေကတော့ သတင်းယူခွင့်ဟာ အစိုးရရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ ရှိတယ်လို့ ဆိုတယ်။ သူတို့အဆိုအရ AP က တရားဝင် အမည်ပြောင်းလဲမှုကို လိုက်မလျှော့ရင်၊ သတင်းမှန်ပေးဖို့ တာဝန်ပျက်ကွက်တာဖြစ်ပြီး၊ ဒီလို သတင်းဌာနကို ကန့်သတ်တာဟာ တရားဝင်တယ်လို့ ယူဆတယ်။
အမေရိကန်အခြေစိုက် ရှေးရိုးစွဲ သတင်းဌာနဖြစ်တဲ့ Fox News ကတော့ ထရမ့်ပ်ကို ထောက်ခံတဲ့ ရပ်တည်ချက်ရှိပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်ကစလို့ “Gulf of America” နာမည်အသစ်ကို သုံးပါတယ်။ ကွန်ဆာဗေးတစ်ပါတီဘက်ယိမ်းတဲ့ မီဒီယာတွေကတော့ ထရမ့်ပ်ရဲ့ နာမည်အသစ်အတိုင်း သုံးနေကြတာရှိသလို နာမည်မပြောင်းဘဲ ဆက်သုံးနေတဲ့ သတင်းဌာနတွေလည်း ရှိပါတယ်။
Reuters ၊ AFP၊ BBC world service ၊ Al Jazeera၊ The Guardian (UK) , NPR (US) လို သတင်းဌာနတွေ အတော်များများကတော့ “Gulf of Mexico” ကိုအဓိကသုံးပြီး “The U.S. government has renamed it the Gulf of America” ဆိုတဲ့ ဖော်ပြချက် disclaimer ထည့်သုံးကြတာတွေ့ရပါတယ်။
ပင်လယ်ကွေ့ နာမည်ပြောင်းတာကို ထရမ့်ပ် အစိုးရကပေးတဲ့ အကြောင်းပြချက်က တခြားသူတွေအတွက်တော့ သိပ်ထူးခြားမယ့်ပုံမရှိလှပါဘူး။ ဇန်နဝါရီ ၇ ရက်၊ Mar-a-Lago မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “Gulf of America ဆိုတာ လှပတဲ့ နာမည်ဖြစ်တယ်။ အမေရိကန်က ဒီပင်လယ်ကွေ့မှာ အလုပ်အများဆုံး လုပ်နေတာ၊ ငါတို့ပိုင်တယ်” လို့ သမ္မတ ထရမ့်ပ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက်၊ Air Force One ပေါ်မှာ “Gulf of America Day” ကြေညာရင်း “ဒါဟာ အမေရိကန် Pride ဂုဏ်မာန ပြန်လည်ထူထောင်ရေးအတွက် ဖြစ်တယ်” လို့ ကြေညာပါတယ်။ “ဒါဟာ အမေရိကန် မာန်မာနကို ပြန်လည်ထူထောင်ရေးအတွက် ဖြစ်တယ်” လို့ဆိုပါတယ်။ “Gulf of America” ဟာ အမေရိကန်ရဲ့ ဩဇာအာဏာနဲ့ စီးပွားရေး အကျိုးစီးပွားကို သင်္ကေတပြတယ်လို့ ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ဇန်နဝါရီ ၂၄ တရားဝင် ထုတ်ပြန်ချက်မှာတော့ “Gulf of America” ဟာ အမေရိကန်ရဲ့ သမိုင်းဆိုင်ရာ အရေးပါမှုကို ထင်ဟပ်စေပြီး၊ ပြည်တွင်းမှာ တရားဝင် အသုံးပြုဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။
ထရမ့်ပ်ရဲ့ “America First” မူဝါဒအရ၊ ဒီအမည်ပြောင်းလဲမှုဟာ အမေရိကန်ရဲ့ ဩဇာအာဏာကို ပြသဖို့လဲ ရည်ရွယ်ပုံရပါတယ်။ ဒီပင်လယ်ကွေ့ဟာ ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါတာမို့၊ အမေရိကန်ရဲ့ စီးပွားရေး အကျိုးစီးပွားကို သင်္ကေတပြတဲ့ အနေနဲ့ ပြောင်းတာလဲ ဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေလည်း တွေ့ရပါတယ်။ ထရမ့်ပ်က သတင်းမီဒီယာတွေကို သူ့အမိန့်အတိုင်း လိုက်လျောဖို့ ဖိအားပေးပြီး၊ မလိုက်လျောရင် ပြစ်ဒဏ်ပေးမယ်ဆိုတဲ့ ခပ်တင်းတင်း နည်းဗျူဟာကို သုံးပါတယ်။ AP ကို ပိတ်ပင်တာက ဒီသဘောပါပဲ။
နိုင်ငံတကာ မီဒီယာမှတ်တမ်းတွေမှာတော့ အစိုးရတခုခုနဲ့ သတင်းမီဒီယာတွေ စကားလုံး အသုံးအနှုန်းမတူလို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ဥပမာတွေ ရှိပါတယ်။ အမည်ပြောင်းလဲမှု ဒါမှမဟုတ် တရားဝင် သတ်မှတ်ချက်တွေကို မီဒီယာဘက်က လက်မခံတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။
“Myanmar” vs. “Burma” နမူနာ
မြန်မာပြည် ဥပမာအနေနဲ့ အထင်ရှားဆုံးကတော့ “Myanmar” vs. “Burma” ပါပဲ။ ၁၉၈၉ မှာ မြန်မာစစ်အစိုးရက “Burma” ကို “Myanmar” လို့ ပြောင်းခဲ့တယ်။ ဒါကို အမေရိကန်နဲ့ အနောက်နိုင်ငံတချို့က အသိအမှတ်မပြုခဲ့ပါဘူး။ BBC World Service ၊ AP၊ Reuters ၊ AFP စတဲ့ နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်ပရောက် မြန်မာမီဒီယာတွေက “Burma” ကိုပဲ ဆက်သုံးခဲ့ပြီး နောက်ပိုင်းမှ “Myanmar” ကို ပြောင်းလဲသုံးလာကြတာမျိုး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တချို့ အနောက်မီဒီယာတွေ (ဥပမာ - The Economist) လိုမျိုး “Burma” ကိုပဲ ဆက်သုံးပြီး၊ စစ်အစိုးရကို ဆန့်ကျင်တဲ့သဘောထားကို ပြခဲ့တာလည်းရှိပါတယ်။ Myanmar - formerly Burma ဆိုပြီး ၂ မျိုးတွဲသုံးတာမျိုးတွေလဲ တွေ့ရတတ်ပါတယ်။ မြန်မာစစ်အစိုးရက နိုင်ငံတကာ မီဒီယာတချို့ကို ပြည်ဝင်ခွင့် ပိတ်ပင်တာမျိုး လုပ်ခဲ့ပေမဲ့ တရားစွဲဆိုတာမျိုးတော့ မဖြစ်ခဲ့ပါဘူး။
“Persian Gulf” vs. “Arabian Gulf” နမူနာ
အီရန်က “Persian Gulf” လို့ ခေါ်ပြီး၊ အာရပ်နိုင်ငံတွေ (ဥပမာ - ဆော်ဒီအာရေဗျ) က “Arabian Gulf” လို့ ခေါ်တယ်။ အဲဒီလိုလည်း နိုင်ငံရေး အငြင်းပွားမှုတခု ဖြစ်ခဲ့ဖူးပါတယ်။ AP၊ Reuters၊ BBC လို နိုင်ငံတကာ သတင်းဌာနတွေက “Persian Gulf” ကို ဆက်သုံးပြီး၊ အာရပ်နိုင်ငံတွေရဲ့ တရားဝင် သတ်မှတ်ချက်ကို လိုက်မလျှော့ခဲ့ဘူး။ နိုင်ငံတကာ အသိအမှတ်ပြုမှုကိုပဲ သတင်းမီဒီယာဘက်က ဦးစားပေးပါတယ်။ အာရပ်နိုင်ငံတွေက ဒီသတင်းဌာနတွေကို ဝေဖန်ခဲ့ကြပေမဲ့ ပိတ်ပင်မှုမျိုးတွေ တရားစွဲမှုတွေတော့ မဖြစ်ခဲ့ပါဘူး။
“Sea of Japan” vs. “East Sea” နမူနာ
ဂျပန်က “Sea of Japan” လို့ ခေါ်တဲ့ဒေသကို တောင်ကိုရီးယားက “East Sea” လို့ ခေါ်ဖို့ တောင်းဆိုခဲ့ဖူးတယ်။ ၂၀၂၀ ပြည့်နှစ်မှာ International Hydrographic Organization (IHO) က နှစ်မျိုးလုံး အသိအမှတ်ပြုဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ AP နဲ့ Reuters က “Sea of Japan” ကို ဆက်သုံးပြီး၊ “East Sea” ကို တောင်ကိုရီးယား အကြောင်းအရာမှာသာ ထည့်ဖော်ပြတယ်။ တောင်ကိုရီးယားအစိုးရက ဒါကို ဝေဖန်ခဲ့ပေမဲ့ သတင်းဌာနတွေကတော့ သူတို့ရဲ့ သုံးနေကျ house style ကို မပြောင်းခဲ့ဘူး။ တောင်ကိုရီးယားက ဒီသတင်းဌာနတွေကို ဖိအားပေးခဲ့ပေမဲ့ ပိတ်ပင်မှု မလုပ်ခဲ့ပါဘူး။
မက္ကဆီကိုပင်လယ်ကွေ့ - အမေရိက ပင်လယ်ကွေ့ အငြင်းပွားကြရတဲ့ ဒီဖြစ်ရပ်က အစိုးရအာဏာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကြားကမျှခြေ ဘယ်နားမှာလဲဆိုတာ စဉ်းစားချင်စရာ ဖြစ်နိုင်ပါတယ်။
AP က ကမ္ဘာ့ပရိသတ်ကို ဦးစားပေးပြီး နိုင်ငံတကာ ရေပိုင်နက်ရဲ့ သမိုင်းဆိုင်ရာ အမည်ကို ထိန်းသိမ်းဖို့ အကြောင်းပြတယ်။ White House က ပြည်တွင်း အာဏာကို ထိန်းချုပ်ပြီး၊ သတင်းဌာနတွေကို သူ့မူဝါဒအတိုင်း လိုက်လျောဖို့ ဖိအားပေးချင်တယ်။ AP က သူတို့ရဲ့ အယ်ဒီတာ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ တရားရုံးထဲထိ တိုက်ပွဲဝင်နေချိန်၊ ထရမ့်ပ်က မီဒီယာတွေအနေနဲ့ သူ့ခေါ်စေချင်တဲ့နာမည်ကိုပဲသုံးဖို့ အာဏာစက်နဲ့ ဖိနှိပ်ဖို့ကြိုးစားနေပါတယ်။
ဒီဇာတ်လမ်းရဲ့ နောက်ဆုံးမှာ AP သတင်းယူခွင့် ဆက်လက်ပိတ်ပင်ခံရနိုင်သလို AP ရဲ့ တရားစွဲမှုက အနိုင်ရနိုင်မလား အိမ်ဖြူတော်က အနိုင်ရပြီး မီဒီယာတွေကို ခပ်ကြမ်းကြမ်း ပိုတင်းမာ နှိပ်ကွပ်လာမလားဆိုတာ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။
သတင်းလွတ်လပ်ခွင့်နဲ့ အစိုးရ အာဏာသုံးပိုင်ခွင့်ကြား မျှခြေရှာရမယ့် ပြဿနာတခု သို့မဟုတ် မီဒီယာသမားတွေအတွက် တနေ့နေ့မှာ ပြန်လှန်လေ့လာချင်စရာ case study တခုလည်း ဖြစ်လာနိုင်ပါတယ်။ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်တန်ဖိုးထားမှုနဲ့ အစိုးရအာဏာစက် အားပြိုင်မှုဖြစ်စဉ်တခုအနေနဲ့ မှတ်တမ်းတင်ထားနိုင်တဲ့ သုံးသပ်စရာ ဆင်ခြင်စရာ ဖြစ်ရပ်တခုလို့ ဆိုရနိုင်မယ်ထင်ပါတယ်။
သန်းဝင်းထွဋ်