ပြည်သူ့စစ်မှုထမ်းဥပဒေစတင်အသက်ဝင်နေပြီဖြစ်တာကြောင့် ကနေဒါနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ခရီးမသွားသင့်ကြောင်း အလေးအနက် အကြံပြုပါတယ်လို့ ကနေဒါအစိုးရက ခရီးသွားလာရေး သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်တဲ့အကြောင်း အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ မြန်မာပြည်ကို ခရီးသွားတဲ့ ကနေဒါပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ မြန်မာလူမျိုးတွေကို မြန်မာနိုင်ငံသား အဖြစ် သက်ဆိုင်ရာအာဏာပိုင်က သတ်မှတ်ကာ စစ်မှုထမ်းခိုင်းနိုင်တယ်လို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာထားတာကြောင့်လည်း ကနေဒါပတ်စ်ပို့ကိုင်ဆောင်ထားပြီး မြန်မာပြည်ကို ခရီးသွားလာတာဟာ အဲ့ဒီဥပဒေတွေကနေ အကာအကွယ်ပေးဖို့ အာမခံချက် မပေးနိုင်ဘူးလို့ ကနေဒါအစိုးရက သတိပေးထားပါတယ်။
ဒါဟာ ကနေဒါနိုင်ငံသားခံယူထားပြီး ကနေဒါပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ မြန်မာလူမျိုးတွေကို သတိပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံထဲက ထိန်းသိမ်းခံရနိုင်တဲ့ ကနေဒါနိုင်ငံသားတွေကို ကူညီထောက်ပံ့ပေးနိုင်မှုဟာ အလွန်အကန့်အသတ်ရှိတယ်လို့ ကနေဒါသံရုံးကလည်း ထုတ်ပြန်ထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားနဲ့ အသက် ၁၈ ကနေ ၂၇ ကြား အမျိုးသမီးတွေကို သက်တမ်း ၂ နှစ် စစ်မှုထမ်းခိုင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။