
လီဗာပူးနည်းပြ အာနယ်စလော့ဟာ ဂါလာတာစာရေးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒိုင်လူကြီးရဲ့ ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောပါတယ်။
အထူးသဖြင့် ကိုနာတေးရဲ့ သွင်းဂိုးကို လက်ထိဘောအဖြစ် သတ်မှတ်ပြီး ပယ်ဖျက်ခဲ့ပေမဲ့ အဲဒီ မတိုင်ခင် ဗန်ဒိုက်ရဲ့အင်္ကျီကို ဆွဲထားတဲ့ ဖြစ်ရပ်ကိုတော့ ပင်နယ်တီအဖြစ် မသတ်မှတ်ခဲ့တာကို ထောက်ပြခဲ့တာပါ။
ဒိုင်လူကြီးဟာ ဂါလာတာစာရေး ကစားသမားတွေဘက်ကို အသေးအဖွဲကိစ္စကအစ ပြစ်ဒဏ်ဘော တွေ အလွယ်တကူ ပေးခဲ့ပေမဲ့ လီဗာပူးအသင်းရသင့်တဲ့ အခွင့်အရေးတွေကိုတော့ မျက်ကွယ်ပြု ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိမ်ရှင်အသင်းဟာ ရရှိလာတဲ့ အခွင့်အရေးကို အပိုင်အသုံးချသွားနိုင်ပေမဲ့ သူ့ရဲ့ ကစားသမားတွေကတော့ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြတယ်လို့ အာနယ်စလော့က ဝန်ခံခဲ့တာပါ။
ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့တဲ့ အာနယ်စလော့ဟာ လာမဲ့ ဒုတိယအကျော့ပွဲစဉ်မှာ အန်ဖီးလ်ကွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး နောက်တဆင့်တက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
Photo: Reuters


