
လီဗာပူးအသင်းအတွက် ကစားပုံကောင်းမွန်ဖို့က ဆုဖလားတွေထက် ပိုပြီးအရေးပါကြောင်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
ဟော်လန်နည်းပြဟာ အသင်းနဲ့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ် ဆုဖလား ရယူပေးခဲ့သူပါ။ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင်တော့တဲ့နောက်မှာ အသင်းရဲ့ ကစားပုံက ဆုဖလားထက် ပိုမိုအရေးပါကြောင်း နည်းပြစလော့က ပြောသွားတာပါ။
နည်းပြတယောက် အနေနဲ့ ဆုဖလားတွေ ရယူနိုင်တာက ကောင်းမွန်ပေမဲ့ အကြီးမားဆုံးအရာက စောင့်ကြည့်ချင်စရာကောင်းတဲ့ ဘောလုံးပွဲတပွဲကို ကစားနိုင်ဖို့ ဖြစ်ကြောင်း၊ ပရိသတ်တွေအတွက် အနည်းငယ် အမြင်မတူတာမျိုး ရှိနိုင်ပေမဲ့ မိမိအတွက်တော့ အသင်းကို စောင့်ကြည့်ချင်စရာ ကောင်းတဲ့ ကစားပုံရဖို့ ရည်မှန်းကြောင်း နည်းပြစလော့က ပြောပါတယ်။
မိမိအသင်းကို အမြဲတမ်း ဘောလုံးပိုင်ဆိုင်မှု ရရှိထားစေချင်ပြီး ပြင်းပြတဲ့စိတ်ဓာတ်နဲ့လည်း ကစားစေချင်ကြောင်း နည်းပြစလော့က ပြောသွားပါတယ်။


