
အသက် ၃၅ နှစ်အရွယ် ဘန်လေနောက်ခံလူ ကိုင်လီဝေါ်ကာဟာ အင်္ဂလန်လက်ရွေးစင်အသင်းကနေ အပြီးတိုင် အနားယူပြီဖြစ်ကြောင်း မတ် ၁၁ ရက်မှာ အတည်ပြုပြောကြားလိုက်ပါတယ်။
ဝေါ်ကာဟာ ၁၄ နှစ်တာအတွင်း အင်္ဂလန်အတွက် ၉၆ ပွဲ ကစားပေးခဲ့ပြီး ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲပေါင်း ၅ ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ပေးခဲ့တဲ့ ဝါရင့်ကစားသမားပါ။
သူ့အနေနဲ့ အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲ ၂ ကြိမ်ဆက် တက်လှမ်းနိုင်အောင် ကူညီပေးခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းစာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
လက်ရှိနည်းပြ တူဟယ်လ်ရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်ရွေးစင်ကစားသမားဘဝကို ဒီမှာတင် အဆုံးသတ်လိုက်တာပါ။
ဝေါ်ကာက နိုင်ငံအတွက် ဒီလောက်အထိ ကိုယ်စားပြုခွင့်ရခဲ့တာဟာ ဂုဏ်ယူစရာခရီးစဉ်တခု ဖြစ်ကြောင်းနဲ့ အသင်းအတွက် အကောင်းဆုံးအမွေတွေ ချန်ထားနိုင်ခဲ့ဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။
အင်္ဂလန်ရဲ့ အကောင်းဆုံး ညာနောက်ခံလူတယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဝေါ်ကာဟာ မန်စီးတီးနဲ့အတူ ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့တဲ့ မှတ်တမ်းကောင်းတွေလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။


