
အင်္ဂလန်အက်ဖ်အေဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြချုပ် သောမတ်စ်တူချယ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဂျာမန်နည်းပြဟာ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ အသင်းနဲ့ သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမဲ့ အင်္ဂလန်အက်ဖ်အေက ယုံကြည်မှုပေးတာကို ပြသတဲ့အနေနဲ့ ကမ္ဘာ့ဖလားအလွန် ယူရိုပြိုင်ပွဲရှိတဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်တာပါ။
တူချယ်ကို မန်ယူအသင်းက အမြဲတမ်းနည်းပြခန့်အပ်ဖို့ သတင်းထွက်ခဲ့ပေမဲ့ အင်္ဂလန်နဲ့ သက်တမ်းတိုးခဲ့တာကြောင့် တခြားနည်းပြ တဦးဦးကိုပဲ ပစ်မှတ်ထားရတော့မှာပါ။
စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိပြီး ကစားသမားတွေ၊ နည်းပြတွေနဲ့အတူ လက်တွဲလုပ်ဆောင်ရတဲ့မိနစ်တိုင်းက ပျော်ရွှင်စရာကောင်းကြောင်းနဲ့ အသင်းကို ဦးဆောင်ပြီး ကမ္ဘာ့ဖလားပွဲနွှဲဖို့ မစောင့်နိုင်လောက်အောင် ဖြစ်မိကြောင်း တူချယ်က ပြောပါတယ်။
အင်္ဂလန်အက်ဖ် အမူဆောင်အရာရှိချုပ် မာ့ခ်ဘူလင်ဂမ်ကလည်း သောမတ်စ်တူချယ်ကို ယူရို ၂၀၂၈ ပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက် မိကြောင်း ပြောသွားပါတယ်။
Photo:Reuters


