Home
အနုပညာ
သရုပ်ဆောင် အဆိုတော် လမင်းကဗျာ ပြန်လွတ်မြောက်
DVB
·
March 10, 2026
Photo: Lamin Kabyar Facebook

သရုပ်ဆောင် အဆိုတော် လမင်းကဗျာကို စစ်ကောင်စီတပ်နဲ့ ရဲတွေက နေအိမ်ကနေ ဖမ်းဆီးပြီး လှိုင်မြို့နယ် ရဲစခန်းမှာ စစ်ဆေးပြီးနောက် PDF တွေနဲ့ ဆက်နွှယ်မှုမရှိတာကြောင့် ပြန်လွှတ်ပေးလိုက်တယ်လို့ အနုပညာအသိုက်အဝန်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“မနေ့ကတည်းက ရဲစခန်းက စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်လို့ သိရတယ်။ အခုထိတော့ ဖုန်းအဆက်အသွယ် မရသေးဘူး။”

လှိုင်မြို့နယ်ရဲစခန်းက စတင်ဖမ်းဆီးစဥ်က ခေါ်ယူစစ်ဆေးဖို့ဖြစ်ပြီး ပြစ်မှုတစုံတရာ မရှိတာကြောင့် ပြန်လွှတ်ပေးလိုက်တာလို့ DVB ကို ပြောပါတယ်။

“စပြီးဖမ်းကတည်းက စစ်ဆေးဖို့ပါပဲ။ အမှုဖွင့်ထားတာလည်း မရှိပါဘူး။ ဒါကြောင့် စခန်းက ပြန်လွှတ်ပေးလိုက်တာ။”

မတ် ၁၀ ရက် မနက်မှာတော့ အမျိုးသားရေးလှုပ်ရှားသူတယောက်ဖြစ်တဲ့ ပေါက်ကိုယ်တော်က သူ့ရဲ့ တယ်လီဂရမ်အကောင့်ကနေ လမင်းကဗျာကို ရဲတွေက စစ်ဆေးကာ ပြန်လွှတ်ပေးခဲ့ပြီး နောက်နောင် PDF စိုးမိုးနယ်မြေတွေမှာ သီချင်းသွားမဆိုဖို့ သတိပေးထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ်။

အဆိုတော် လမင်းကဗျာရဲ့ Facebook account မှာတော့ နေအိမ်မှာရှိပြီး စိတ်မပူဖို့ တင်ထားပြီး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ မေးမြန်းဖို့ Tik Tok account က မန်နေဂျာဖုန်းနံပါတ်ကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာမြောက်ပိုင်းနေ ဦးဌေးအောင်၊ ဒေါ်ခင်မာနှင်းတို့ရဲ့ ရှင်ပြုနားသ အလှူပွဲမှာ မတ် ၁ ရက်က အဆိုတော် သရုပ်ဆောင် လမင်းကဗျာ သွားရောက် သီဆိုဖျော်ဖြေရင်း အခုလို စစ်ဆေးခံရတာဖြစ်ပါတယ်။

ဒီလိုသွားရောက်သီဆိုရာမှာ PDF တွေ လုံခြုံရေး ယူပေးတာကို စစ်တပ်လော်ဘီတွေ တွေ့ရှိပြီးနောက် ကျော်စိုးဦး၊ သဇင်ဦး၊ အောင်ကျော်မိုး၊ ဟန်ငြိမ်းဦးနဲ့ ဘညွန့် အစရှိတဲ့ တယ်လီဂရမ်အကောင့်တွေကနေ ဖမ်းဆီးစစ်ဆေးဖို့ ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013