Home
မြန်မာသတင်း
ဝါဒဖြန့်ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များကို လုံခြုံရေးပေးရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
November 5, 2025

စစ်တပ်ဝါဒဖြန့်ဇာတ်ကားတွေမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ ပွဲလမ်းသဘင်သွားပါက ရဲတွေအနေနဲ့ လုံခြုံရေးယူပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ပွဲလမ်းသဘင် အများဆုံးလုပ်ရာ ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ပဲခူးနဲ့ တောင်ကြီးမြို့ရှိ တိုင်းစစ်ဌာနချုပ်များဖြစ်တဲ့ ရကတတိုင်း၊ နပတတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်းနဲ့ ရပခတိုင်းတို့ကတဆင့် တိုင်းနဲ့ပြည်နယ် ရဲတွေကို ညွှန်ကြားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ရွေးကောက်ပွဲဇာတ်ကား ထွက်ပြီး ပြည်သူတွေက ဝေဖန်ကြတဲ့အခါမှာ သရုပ်ဆောင်တွေက တပ်ကစီစဥ်တဲ့ပွဲကို မလာရဲဘူး။ ဒီတော့ တပ်ကပဲ ရဲတွေကို လုံခြုံရေးပေးဖို့ စာထုတ်ရတဲ့အထိ ဖြစ်သွားတယ်။ တန်ဆောင်တိုင်ရော ဒီဇင်ဘာရော တပ်ကလုပ်မယ့်ပွဲတွေက ရှိသေးတယ်လေ။ ပြည်သူ့ရင်ပြင်မှာဆို လာဆိုတဲ့ သရုပ်ဆောင်တွေကို ရဲတပ်ရင်းက လုံခြုံရေးယူပေးရတာ။”

နေပြည်တော်မှာ နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ ပြုလုပ်တဲ့ မာရဝိဇယဘုရား တန်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲမှာ လာရောက်ဖြေဖျော်တဲ့ အဆိုတော်နဲ့ အနုပညာရှင် ၄၉ ယောက်ကို နပတတိုင်းနဲ့ ရဲတပ်ရင်း ၁၇ မှ လုံခြုံရေးယူပေးရတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“နေပြည်တော်မှာလုပ်တဲ့ ပွဲမှာဆို နန်းခင်ဇေယျာ၊ နန်းဆုရတီစိုး၊ ဆုပန်ထွာ တို့လို သရုပ်ဆောင်တွေလည်း ပါတယ်။ အဆိုတော်တွေထဲမှာဆိုလည်း နီနီခင်ဇော်၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ J Fire၊ ရွှေထူး၊ Mthree တို့လို နာမည်ရှိပြီးသားလူတွေ ပါတယ်။ သရုပ်ဆောင်က ၅ ယောက်လောက်ပဲ ပါတယ်။ ကျန်တာက နာမည်ကြီး အဆိုတော်တွေချည်းပဲ။ သူတို့ကို နပတတိုင်းနဲ့ ရဲတပ်ရင်း ၁၇ က လုံခြုံရေးယူပေးတာ။”

စစ်အုပ်စုက ရိုက်ကူးတဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်ကား ထွက်ရှိပြီးနောက် သရုပ်ဆောင် နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်နဲ့ အဲဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ ဝေဖန်ခံရပြီး ပြည်သူတွေက Boycott လုပ်လာလို့ ပွဲလမ်းသဘင်တွေမှာ စစ်ကောင်စီက လုံခြုံရေးယူပေးလာတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013