Home
နိုင်ငံတကာ
ရုရှားက လုံခြုံရေးအကြောင်းပြပြီး နျူကလီးယားလက်နက် စမ်းသပ်နေ
DVB
·
November 4, 2025
Photo: CCTV

ရုရှားနိုင်ငံဟာ မကြာသေးမီက နျူကလီးယားစွမ်းအင်သုံး ဘာဗက်စ်နစ်ခ် ခရုဇ်ဒုံးကျည်နဲ့ နျူကလီးယားထိပ်ဖူး တပ်နိုင်တဲ့ ရေအောက်ဒရုန်း ပိုဆေးဒွန်တို့ကို အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီး လုံခြုံရေးရည်ရွယ်ချက်တွေအတွက် လုပ်ခဲ့တာလို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

ပိုဆေးဒွန် ရေအောက်ဒရုန်း စမ်းသပ်မှုအပြီး အမြန်နှုန်းနဲ့ ရေအောက်အနက်မှာ ယှဉ်နိုင်စရာ မရှိဘူးလို့ ပြောရင်း လက်နက်ရဲ့ အသေးစိတ် အချက်အလက်တွေကို ပူတင်က ထုတ်ပြောခဲ့ပါတယ်။

အထူးစစ်ဆင်ရေးမှာ ဒဏ်ရာရခဲ့တဲ့ စစ်သားတွေကို မော်စကိုမြို့တော်က စစ်ဆေးရုံတခုမှာ သွားတွေ့ချိန် ပူတင်က ပြောခဲ့တာပါ။ စစ်ရေးလေ့လာသုံးသပ်သူတွေက အချက်အလက်တွေကို အနီးကပ် လေ့လာနေကြပါတယ်။

နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေအရ ပိုဆေးဒွန်ဟာ မီတာ ၁,၀၀၀ ကျော် အနက်အထိ ငုပ်လျှိုးနိုင်ပြီး တနာရီ ၁၈၅ ကီလိုမီတာလောက်ထိ အမြန်နှုန်းရှိကြောင်း ပြနေပါတယ်။

ဘာဗက်စ်နစ်ခ် ခရုဇ်ဒုံးကျည်ရဲ့ အထူးအင်္ဂါရပ်တခုက အင်ဂျင်မှာရှိပြီး သူ့မှာ အလွန်အစွမ်းထက်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတခု တပ်ဆင်ထားပေမဲ့ ပုံမှန်ထက် အဆ ၁,၀၀၀ သေးတယ်လို့ ပလေခါနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ်က စစ်ရေးကျွမ်းကျင်သူ ပါမောက္ခ အန်ဒရေ ကို့ရှ်ကင်က ပြောပါတယ်။

ကမ္ဘာဖျက် တော်ပီဒိုလို့ မကြာခဏ ခေါ်လေ့ရှိတဲ့ ပိုဆေးဒွန်ဟာ မီဂါတန် ၂ တန်အထိ ပစ်လွှတ်နိုင်တဲ့ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး တိုက်ကြီးတခုနဲ့ တခုကြား အကွာအဝေးမှာ ၁ ကီလိုမီတာကျော် စစ်ဆင်ရေး ရေအောက်အနက်မှာ အမြန်သွားလာနိုင်ပါတယ်။

ပိုဆေးဒွန်ကို အဓိကအရာဝတ္ထု ၂ ခုကို ပစ်မှတ်ထားဖို့ ဒီဇိုင်းထုတ်ထားတယ်။ ပထမတခုက ရေတပ်တိုက်ခိုက်ရေးအဖွဲ့တွေ ဖြစ်ပြီး ဒုတိယတခုက ရေတပ်စခန်းတွေ၊ ဆိပ်ကမ်းတွေနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ အပါအဝင် ကမ်းရိုးတန်း အခြေခံ အဆောက်အအုံတွေ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဂျာနယ် အဖမြေလက်နက်တိုက် Arsenal of the Fatherland ရဲ့ အယ်ဒီတာ အလက်ဇီ လီယွန်ကို့ဗ်က ပြောပါတယ်။

စမ်းသပ်ချက်တွေဟာ ရုရှားရဲ့ စစ်ရေးအင်အားကို ပြဖို့မဟုတ်ဘဲ မဟာဗျူဟာမြောက် တည်ငြိမ်မှုကို သေချာစေရေး ပိုကျယ်ပြန့်တဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့  တစိတ်တပိုင်း ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးပညာရှင်တွေက ပြောပါတယ်။

ဒါပေမဲ့ အနောက်တိုင်း လေ့လာသုံးသပ်သူတွေက ရုရှားဟာ အနောက်တိုင်းဖိအားကို လက်နက်ချဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ စမ်းသပ်ချက်တွေက ညွှန်ပြနေတယ်လို့ ယူဆကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013