
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်စစ်တပ်ကို ၃၃ နှစ် ကြာပြီးနောက်မှာ နျူကလီးယားလက်နက် စမ်းသပ်မှုကို ချက်ချင်းပြန်စတင်ဖို့ အမိန့်ပေးခဲ့ကြောင်း ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က “နျူကလီးယားစမ်းသပ်မှုကို ဘယ်တော့မှ ခွင့်မပြုနိုင်ကြောင်း” အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကိုယ်စား ကြေညာချက်တစောင်ကို ဖတ်ကြားရာမှာ ဖာရ်ဟန်ဟက်က “လက်ရှိ နျူကလီးယား အန္တရာယ်တွေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် မြင့်မားနေပြီး မှားယွင်းတွက်ချက်မှု သို့မဟုတ် ကပ်ဘေးကြီးတွေနဲ့ မြင့်တက်လာစေနိုင်တဲ့ လုပ်ဆောင်ချက် အားလုံးကို ရှောင်ရှားရမယ်လို့ ကုလသမဂ္ဂ အကြီးအကဲက အကြိမ်ကြိမ် အခိုင်အမာ ပြောကြားခဲ့ပါတယ်” လို့ ဆိုပါတယ်။
“သူပြောခဲ့သလိုပဲ၊ ပြီးခဲ့တဲ့ ၈၀ နှစ်အတွင်း နျူကလီးယားလက်နက် စမ်းသပ်မှု ၂,၀၀၀ ကျော်ရဲ့ ကပ်ဘေးဆိုးကြီးကို ကျနော်တို့ ဘယ်တော့မှ မမေ့သင့်ဘူး။ ဘယ်လိုအခြေအနေမျိုးမှာမှ နျူကလီးယား စမ်းသပ်မှုကို ခွင့်မပြုနိုင်ပါဘူး” လို့ ထရမ့်ပ်ရဲ့ မှတ်ချက်တွေအကြောင်း မေးမြန်းတဲ့အခါ ဖာရ်ဟန်ဟက်က ပြောပါတယ်။
ထရမ့်ပ်ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကုန်သွယ်ရေးဆွေးနွေးပွဲအတွက် ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ပျံသန်းနေတဲ့ သူ့ရဲ့ မရိန်းဝမ်း ရဟတ်ယာဉ်ပေါ်မှာ ရှိနေချိန်မှာပဲ ထရုသ် ဆိုရှယ်မှာ အံ့အားသင့်စရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
တခြား နျူကလီးယား အင်အားကြီးနိုင်ငံတွေက လက်နက်တွေ စမ်းသပ်နေချိန်မှာပဲ တန်းတူညီမျှစွာနဲ့ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေကို စမ်းသပ်ဖို့ ပင်တဂွန်ကို ညွှန်ကြားလိုက်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ရုရှားက ဒုတိယဖြစ်ပြီး တရုတ်က တတိယနေရာမှာ ဝေးသေးပေမဲ့ ၅ နှစ်အတွင်းတောင် ဖြစ်လာနိုင်ပါတယ်” လို့ ထရမ့်ပ်က ပြောထားတာပါ။
ထရမ့်ပ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တရုတ်ရဲ့ နျူကလီးယားထိပ်ဖူး လက်နက်တိုက်ကို ၂ ဆကျော် မြှင့်တင်ခဲ့သူ ရှီကျင့်ဖျင်နဲ့ မကြာသေးတဲ့ရက်တွေအတွင်းမှာ နျူကလီးယားစွမ်းအင်သုံး လက်နက်အသစ် ၂ ခုကို စမ်းသပ်ခဲ့သူ ပူတင်တို့ ၂ ယောက်စလုံးဆီကို သတင်းစကား ပေးပို့နေပုံရပါတယ်။
Source: Reuters


