
အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံအကြားမှာ စည်းကြပ်ခွန်ကောက်ခံမှုနဲ့ မြေရှားသတ္တုတင်ပို့မှု ကိစ္စတွေနဲ့ ပတ်သက်လို့ အပြန်အလှန်ဖြေလျှော့ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီချင့်ဖျင်တို့ သဘောတူညီခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ အောက်တိုဘာ ၃၀ ရက်က တွေ့ဆုံခဲ့ပြီးနောက် မကြာခင် ကုန်သွယ်ရေးသဘောတူညီစာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ သမ္မတ ထရမ့်ပ်က ပြောပါတယ်။
တရုတ်နိုင်ငံက ဖန်တာနဲလ် မူးယစ်ဆေးထုတ်လုပ်မှုကို ပြင်းပြင်းထန်ထန် နှိမ်နင်းပေးတဲ့အတွက် အမေရိကန်ကလည်း တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန်ကို ၅၇ ရာခိုင်နှုန်းကနေ ၄၇ ရာခိုင်နှုန်းကို လျှော့ချပေးဖို့ သဘောတူခဲ့တယ်လို့ သမ္မတ ထရမ့်ပ်က ပြောပါတယ်။
တရုတ်ကလည်း အမေရိကန်ကို မြေရှားသတ္တုတင်ပို့မှု ထိန်းချုပ်မယ့် အစီအစဉ်ကို တနှစ်ကြာ ရပ်ဆိုင်းပေးဖို့ သဘောတူခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ဘက်က အမေရိကန်ရဲ့ ပဲပုပ် အပါအဝင် စိုက်ပျိုးရေးထုတ်ကုန်တွေကို အများအပြား ပြန်လည်ဝယ်ယူသွားမှာ ဖြစ်ပါတယ်။
အမေရိကန်လယ်သမားတွေရဲ့ ပဲပုပ်တွေ တရုတ်က ပြန်ဝယ်တာဟာ သမ္မတ ထရမ့်ပ် အတွက် နိုင်ငံရေးအရ အောင်မြင်မှုတခု ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ပိုင် TikTok ရဲ့ အမေရိကန်လုပ်ငန်းခွဲတွေ ရောင်းချရေးကိစ္စမှာတော့ သဘောတူညီချက် မရသေးပါဘူး။
ဒီတွေ့ဆုံမှုမှာ ခေါင်းဆောင် ၂ ယောက်အကြား တရားဝင် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးတာမျိုးတော့ မရှိခဲ့ပါဘူး။
ထိုင်ဝမ်အရေး တင်းမာမှုတွေနဲ့ ပတ်သက်လို့တော့ ဒီဆွေးနွေးပွဲမှာ ထည့်သွင်းပြောဆိုတာ မရှိခဲ့ဘူးလို့လည်း သမ္မတ ထရမ့်ပ်က ဆိုပါတယ်။
Source: Reuters




