Home
နိုင်ငံတကာ
အမေရိကန်က နျူကလီးယားလက်နက် ပြန်စမ်းသပ်ရန် ထရမ့်ပ် အမိန့်ပေး
DVB
·
October 30, 2025
Photo: Reuters

တရုတ်နဲ့ ရုရှားတို့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေ တိုးချဲ့လာပြီးနောက်ပိုင်း အမေရိကန်က နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယား စမ်းသပ်မှုတွေ ပြန်လည်စတင်ဖို့ သမ္မတ ထရမ့်ပ်က ညွှန်ကြားလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မိနစ်ပိုင်းအလိုမှာပဲ နျူကလီးယားလက်နက် စမ်းသပ်မှုတွေကို ချက်ချင်းပြန်လည်စတင်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို အောက်တိုဘာ ၃၀ ရက်မှာ အမိန့်ပေးလိုက်တာပါ။

မျှော်လင့်မထားတဲ့ ဒီကြေညာချက်ကို ထရမ့်ပ်က သူ့ရဲ့ Truth လူမှုကွန်ရက်ကနေတဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သူဟာ တရုတ်သမ္မတနဲ့ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေပြုလုပ်ဖို့ Marine One ရဟတ်ယာဉ်ပေါ်မှာ ရှိနေခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်ပေါင်း ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားလက်နက် စမ်းသပ်မှုတွေကို ပြန်လည်လုပ်ဆောင်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေရဲ့ စမ်းသပ်မှု အစီအစဉ်တွေကြောင့် အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေကို တခြား နျူကလီးယားအင်အားကြီးနိုင်ငံတွေနဲ့ တန်းတူ ပြန်လည်စမ်းသပ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့တယ်လို့  ထရမ့်ပ်က သူ့ရဲ့ Truth Social မှာ ရေးပါတယ်။

“အဲဒီလုပ်ငန်းစဉ်ကို ချက်ချင်းစတင်မှာပါ” လို့ ထရမ့်ပ်က ရေးသားခဲ့ပြီး ရုရှားက ဒုတိယနေရာမှာရှိကာ တရုတ်ကတော့ အလှမ်းဝေးတဲ့ တတိယနေရာမှာ ရှိနေပေမဲ့ ၅ နှစ်အတွင်း အမီလိုက်လာနိုင်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီအမိန့်ဟာ ရုရှားက နျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည်နဲ့ တော်ပီဒိုတို့ကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ကြေညာပြီးနောက်ပိုင်းနဲ့ တရုတ်ရဲ့ နျူကလီးယားလက်နက် တိုးချဲ့မှုတွေကြောင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၁၉၉၂ ခုနှစ်က နောက်ဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) ရဲ့ အချက်အလက်တွေအရ တရုတ်နိုင်ငံဟာ သူ့ရဲ့ နျူကလီးယားလက်နက် အရေအတွက်ကို ၂၀၂၀ ပြည့်နှစ်မှာ လက်နက် ၃၀၀ ကနေ ၂၀၂၅ ခုနှစ်မှာ ၆၀၀ အထိ ၂ ဆကျော် တိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် စစ်ဘက်အရာရှိတွေကတော့ တရုတ်ဟာ ၂၀၃၀ ပြည့်နှစ်မှာ နျူကလီးယားလက်နက် အလုံးရေ ၁,၀၀၀ ကျော် ပိုင်ဆိုင်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း CSIS က ဖော်ပြပါတယ်။

ရုရှားကလည်း မကြာသေးခင်က Burevestnik ဘူရဲဗဲ့စ်နစ်ခရုဇ်ဒုံးကျည်နဲ့ ပိုစီဒွန် နျူကလီးယားစွမ်းအင်သုံး တော်ပီဒိုတို့ကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013