
မိုးကုတ်မြို့လုံခြုံရေးဟာ အောက်ဘက်မှာရှိတဲ့ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနယ်တွေအထိ သက်ရောက်မှု ရှိတာကြောင့် မိုးကုတ်မြို့ကို ကာကွယ်ဖို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေ အကုန်လုံး ညှိနှိုင်းတိုင်ပင် ဆွေးနွေးနေကြတယ်လို့ မိုးကုတ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီနဲ့ အပစ်ရပ်စဲပြီး မိုးကုတ်မြို့ကို ပြန်လွှဲပေးမယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ ကြေညာချက်ထုတ်ပြီးနောက် ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ပြည်သူကို အသိပေးခဲ့တာပါ။
TNLA က စွန့်ခွာသွားမှာဖြစ်ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက လုံခြုံရေးအတွက် လိုအပ်တဲ့ နေရာတွေမှာ နေရာယူထားပြီး မြို့ကို အလွယ်တကူ လက်လွှတ်မှာမဟုတ်ဘူးလို့ မိုးကုတ် ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကျနော်တို့အနေနဲ့က ဒေသတွင်းမှာရှိနေတဲ့ ကာကွယ်ရေးအဖွဲ့တွေ PDF အဖွဲ့တွေ အကုန်လုံး ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ဆွေးနွေးနေကြတယ်။ ကျနော်တို့မြို့ကို TNLA က စစ်ကော်မရှင်လက်ထဲကို ပြန်လည်ပြီးတော့ ပေးလိုက်ပေမဲ့လို့ ကျနော်တို့အနေနဲ့က ကိုယ့်မြို့၊ ကိုယ့်ရွာကို စစ်ကော်စီလက်ထဲ ပြန်လည်ကျရောက်မသွားအောင် ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့ အများကြီး ကြိုးစား ပြင်ဆင်နေတာ ရှိပါတယ်။ တရုတ်ရဲ့ဖိအားကြောင့်မို့လို့ TNLA အပေါ်မှာ အပစ်အခတ်ရပ်စဲရေးပုံစံမျိုး လုပ်လာနိုင်တယ် ဆိုလို့ရှိရင် မိုးကုတ်ရဲ့အောက်မှာရှိနေတဲ့ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း တကြောကတော့ စစ်ကော်မရှင်ရဲ့ ဖိအားပေး ဆောင်ရွက်မှုတွေက ပိုပြီးတော့ တိုးလာနိုင်တယ်။ နောက်ထပ် သူတို့ရဲ့ပစ်မှတ်သည် KIA သို့မဟုတ် AA ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေပေါ့။ ဒါတွေကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သိရှိနားလည်ထားပြီးသားလည်း ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်။”
TNLA က မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာပဲ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ဃတံတား မိုင်းခွဲခံရတာကြောင့် ကျိုးကျပျက်စီးခဲ့ပါတယ်။
တံတားရဲ့ စစ်ကိုင်း-ကျောက်မြောင်း မြို့ဘက်ခြမ်းမှာ စစ်ကောင်စီက တပ်စွဲထားတာဖြစ်ပြီး စဉ့်ကူးဘက်ခြမ်းမှာတော့ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မတ္တရာ PDF သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုဒေါင်းက “မိုးကုတ်၊ မိုးမိတ်ဘက်ကို TNLA က စစ်တပ်ဘက်ကို ပြန်ပေးလိုက်တဲ့အတွက် ကျနော်တို့ မြေပြင်က တော်လှန်ရေးသမားတွေရော ပြည်သူတွေအတွက်ရော အခက်အခဲတွေ ရှိနိုင်တယ်လို့ သုံးသပ်မိပါတယ်။ စဉ့်ကူးတံတား ပျက်စီးသွားတဲ့နောက်မှာတော့ ကျနော်တို့ စဉ့်ကူးနောက်ခြမ်း တပတ်လည်လုံးကို စစ်တပ်ဘက်ကနေ လေကြောင်းပစ်ခတ်မှုတွေ ခပ်စိတ်စိတ် လုပ်လာတယ်။ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေရော ရွှေဘိုအရှေ့ခြမ်း ကျောက်မြောင်း တမခ (--)ခြံကနေပြီးတော့ အရှေ့ဘက်ကို ဟောင်ဝစ်ဇာ လက်နက်ကြီးတွေပစ်တာရော ခပ်စိတ်စိတ်လေး လုပ်လာတာကို တွေ့ရပါတယ်ဗျ။ ပြည်သူတွေကတော့ အရင်ကလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပ်တွေ သိမ်းပိုက်ပြီး နောက်မှာကတော့ အသွားအလာက မရှိကြပါဘူး အဲဒီတံတားကို။ အခုနောက်ပိုင်း ဘယ်လိုအကျိုးဆက် ဖြစ်လာမလဲဆိုတာ မခန့်မှန်းတတ်ဘူး ဖြစ်နေတယ်။ တော်လှန်ရေးကာလမှာကတော့ ကောင်းကျိုးဆိုတာက စကစတွေ တော်တော်နဲ့ ကူးမလာနိုင်တဲ့ အကြောင်းရင်းတွေတော့ ရှိတာပေါ့ဗျာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့ကို TNLA က လက်လွှတ်မယ်လို့ ကြေညာပြီးနောက်ပိုင်း မန္တလေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက မိုးကုတ်မြို့ကို ဝိုင်းဝန်းကာကွယ်မယ်လို့ ကြေညာချက်တွေ ဆက်တိုက် ထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်တပ်ရင်း-၇ တာဝန်ရှိသူ ဗိုလ်ဇီးရိုးက “ဒီ မိုးကုတ်၊ မိုးမိတ်ကို လက်လွှတ်တာကလည်း အကြောင်းတခုနဲ့ တပိုင်းပေါ့။ ကျနော်တို့ဘက်က ပြန်ပြီးတော့ ကိုယ်လုပ်စရာရှိတာကို လုပ်ရမယ့် အနေအထားမျိုးလို့ ပြောချင်ပါတယ်။ ဒီ MDY PDF တို့ ဘာတို့ ဆိုတာလည်း အရမ်း အင်အားတောင့်တင်းပြီးတော့ တိုက်ရည်ခိုက်ရည်လည်း အများကြီးရှိခဲ့ကြတယ်။ တပ်ကြီးတခုလို ဖြစ်နေတာလည်း ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ထိန်းသိမ်းမယ်၊ ကာကွယ်မယ်၊ တုံ့ပြန်မယ်ပေါ့။ တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်နေရင်းနဲ့ ကိုယ့်ဒေသကို ရပြီးသားတော့ ဘယ်သူမှ ပြန်ပေးမှာ မဟုတ်သလို ရတဲ့နည်းနဲ့ တုံ့ပြန်မှာတော့ သေချာပါတယ်လို့ ပြောချင်ပါတယ်။ စစ်ရေးတွေကတော့ လက်ရှိလည်း ပြင်းထန်နေတာပါပဲ။ ဒီထက်ပိုပြီးတော့ ပြင်းထန်လာနိုင်တဲ့ အခြေအနေတွေကတော့ ရှိနေတာ အသေအချာပါပဲ။ အလုပ်ပိုပြီးလုပ်နိုင်ဖို့ပဲ အရေးကြီးတယ်လို့ ကျနော်ကတော့ မြင်မိပါတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာ ဖြစ်ပြီး တနှစ်ကျော်အကြာမှာ ပြန်လည်လက်လွှတ်ရမယ့် အခြေအနေ ဖြစ်လာတာပါ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စကတည်းက တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်တွေကို ဖိအားပေးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အခု အောက်တိုဘာ ၂ ရက်ကနေ လက်ရှိအချိန်အထိ TNLA ထိန်းချုပ် မြို့၊ ရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်ခဲ့တာကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး အပစ်ရပ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ရှင်းလင်း ပြောဆိုထားပါတယ်။
သုတချမ်းသာ


