Home
မြန်မာသတင်း
အမျိုးသမီးများနေ့၌ ရွှေ့ပြောင်းလုပ်သားများအတွက် အခွင့်အရေး ထည့်သွင်းတောင်းဆို
DVB
·
March 10, 2026
Photo: DVB

နှစ်စဉ် မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝန်းမှာ ကျင်းပကြသလို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလည်း ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေး၊ ဂျန်ဒါတန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုကဏ္ဍတွေအတွက် အဓိကထား တောင်းဆိုခဲ့ကြပါတယ်။

ဒီနှစ်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ချင်းမိုင်မြို့မှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ အခြေခံလိုအပ်ချက်၊ အခွင့်အရေးတွေကို ရရှိနိုင်ဖို့နဲ့ အကာအကွယ်ပေးနိုင်ဖို့ကို ထည့်သွင်း တောင်းဆိုခဲ့ကြပါတယ်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ဆက်သွယ်ရေးတာဝန်ခံ ခမ်းမိုင်က “အဓိကကတော့ တရားဥပဒေအပိုင်းမှာပဲဖြစ်ဖြစ်၊ ပေါ်လစီအပိုင်းမှာပဲဖြစ်ဖြစ် ဂျန်ဒါတန်းတူမှုကို မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတဲ့ တချက်ရှိတယ်။ ပြီးရင်လည်း ဒီ ရွှေ့ပြောင်းအလုပ်သမားနဲ့ သူတို့ရဲ့ မိသားစုတွေပေါ့နော်၊ အခု ဒီ ထိုင်းမှာရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ အဓိကလိုအပ်ချက်တွေကို သူတို့ရဲ့ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်ဖို့ဆိုတဲ့ တောင်းဆိုမှုတွေလည်း ရှိတယ်ပေါ့နော်။ ပြီးရင် နောက်ထပ်တခုက လူငယ်တွေအတွက်က လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေ၊ ပြီးရင်လည်း ဒီ သားဆက်ခြား၊ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးမှုတွေ လိုအပ်တယ်။ ပြီးရင်လည်း လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ဆိုတဲ့ တောင်းဆို.. တောင်းဆိုမှုလည်း ရှိထားတယ်ပေါ့နော်” လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုတော့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီပေးနေတဲ့ MAP Foundation နဲ့အတူ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေနဲ့ ထိုင်းအရပ်ဘက် လူမှုအဖွဲ့အစည်း စတဲ့ အဖွဲ့အစည်းပေါင်း ၂၃ ဖွဲ့ ပူးပေါင်းပါဝင်ပြီး ချင်းမိုင်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ကြတာပါ။

ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုတော့ “Give to Gain” (အတူတကွ ပံ့ပိုးလို့၊ ညီမျှမှုကို ရယူစို့) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့ကြတာပါ။

ချင်းမိုင်တက္ကသိုလ်၊ Women Studies Center က Ph.D ကျောင်းသူ Agnes Mar က “ကျမတို့ အမျိုးသမီးတွေ ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်အတွက် ဘာတွေပေးဖို့ လိုအပ်မလဲပေါ့နော်။ လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေ ပျော်ရွှင်ကျန်းမာစွာ နေနိုင်ဖို့ ကိုယ့်ဘက်က ပေးနိုင်မဲ့ အရာလေးတွေကို ပေးနိုင်ဖို့အတွက်ဆိုရင် ကျမအနေနဲ့ကတော့ အမျိုးသမီးဖြစ်ခြင်းကြောင့် တားထားတဲ့ စည်းတွေကို ကျော်ဖြတ်နိုင်ပါစေဆိုတဲ့ သတင်းစကားလေး ပေးချင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ မဝေ ကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေအတွက်လည်း အသံကိုထုတ်ဖော်နိုင်တဲ့ နေ့တနေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပုံမှန်ဆိုလို့ရှိရင်တောင်မှ အမျိုးသမီးတွေက လုပ်ငန်းခွင်အတွင်းမှာ လုပ်အားခလစာ ဟို တန်းတူမရရှိတာတွေ၊ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်ပေါ့နော်။ ဆိုတော့ အဲဒီလို ဒီလို အပြည်ပြည်ဆိုင်ရာနေ့မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ငန်းခွင်အတွင်းက ခွဲခြားဆက်ဆံမှုတွေကို လျော့နည်းပပျောက်အောင်၊ နောက်ပြီးတော့မှ အခြေခံလုပ်အားခ လစာတွေကို တန်းတူရရှိဖို့၊ နောက်ပြီးတော့မှ ဥပဒေက ပြဋ္ဌာန်းထားတဲ့ အလုပ်သမား အခွင့်အရေးတွေ၊ နိုင်ငံတကာက ပြဋ္ဌာန်းထားတဲ့ အလုပ်သမား အခွင့်အရေးတွေကို တန်းတူရရှိဖို့ တောင်းဆို အသံထုတ်ဖော်နိုင်တဲ့ နေ့တနေ့လည်း ဖြစ်တယ်။ လုပ်ငန်းခွင်က ခွဲခြားဆက်ဆံမှု အခက်အခဲတွေကို အသံထုတ်ဖော်ခွင့် ရရှိတဲ့နေ့လည်း ဖြစ်တယ်။ ထိုင်းက ဥပဒေတွေ ပြဋ္ဌာန်းထားပေမဲ့လည်း အဲဒီဥပဒေတွေကို ရွှေ့ပြောင်းအလုပ်သမား၊ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေက တန်းတူအခွင့်အရေး ရရှိမှုဟာ နည်းနေသေးတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မှာ အဲဒီလို အသံထုတ်နိုင်တဲ့ဟာလည်း ဖြစ်ပါတယ်။”

ကုလသမဂ္ဂက မတ် ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ၁၉၇၅ ခုနှစ်မှာ တရားဝင် ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် မတ် ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ကမ္ဘာတဝန်းမှာ ကျင်းပကြပြီး လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး စတဲ့ ကဏ္ဍအသီးသီးမှာ ထူးချွန်စွာ ပါဝင်လုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုကြသလို ကျား၊ မ တန်းတူညီမျှစေရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့နဲ့ သာတူညီမျှမှုကို အရေးယူဆောင်ရွက်ဖို့ နှိုးဆော်တိုက်တွန်းမှုတွေကိုလည်း လုပ်ဆောင်ကြပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013