
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးနဲ့တရားမျှတမှု ရရှိဖို့အတွက် တာဝန်တရပ်အနေနဲ့ အမှန်တကယ်လက်တွေ့လုပ်ဆောင်ကြဖို့ ဒီနေ့ မတ် ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ လူမှုရေးရာ၊ အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (NUG, MOSLHA) နဲ့ ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NUCC, JCC-GP) တို့က ပူးတွဲထုတ်ပြန်ပါတယ်။
အမျိုးသမီးနဲ့မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ လုံခြုံရေးကို သေချာစေဖို့နဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့အတွက် နွေဦးတော်လှန်ရေးအစုအဖွဲ့အားလုံးက အားသွန်ခွန်စိုက် နိုင်ငံရေး စိတ်ဆန္ဒအပြည့်နဲ့ လက်တွေ့ကျကျလုပ်ဆောင်ဖို့ကို တိုက်တွန်းတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းဖို့ကြံစည်မှု ကာလတလျောက်မှာ စစ်အုပ်စုရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေဖို့၊ တရားမျှတမှုရရှိစေဖို့နဲ့ ပြန်လည်ကုစားရေးအတွက်လည်း လက်တွေ့အကောင် အထည်ဖော်ရန် လိုအပ်တယ်လို့ NUG နဲ့ NUCC တို့ ပါဝင်တဲ့ ပူးပေါင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီအပြင် တော်လှန်ရေး အစုအဖွဲ့တွေ အတွင်းမှာလည်း ဂျန်ဒါ မညီမျှမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့နဲ့ တရားမျှတမှုရရှိစေဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အနေနဲ့ အခုထက်ပိုပြီး တာဝန်ယူလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက် အရ ၂ဝ၂၆ ခုနှစ်မှာ မြန်မာနိုင်ငံက အသက် ၁၅ ကနေ ၄၉ နှစ် အတွင်းရှိ အမျိုးသမီး ၅.၉ သန်းကျော်ဟာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ဟာ "အမျိုးသမီးများနှင့် မိန်းကလေးငယ်တို့၊ အခွင့်အရေးတန်းတူရရှိဖို့၊ တရားမျှတမှု ဖော်ဆောင်လို့၊ လက်တွေ့လုပ်ဆောင်ကြပါစို့” ဖြစ်ပါတယ်။


