
မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (IWD 2026) ကို ဂုဏ်ပြုတဲ့အနေနဲ့ Let It Flow - Menstrual Justice Movement (စီးဆင်းပါစေ ရာသီသွေးတရားမျှတမှုဆိုင်ရာလှုပ်ရှားမှု) တရပ်အကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ သပိတ်အင်အားစု အဖွဲ့အစည်း ၁၀ ဖွဲ့က ဒီကနေ့ မတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Let It Flow ဆိုတာကတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ ရာသီသွေးဆိုင်ရာ ကျန်းမာရေးကို စစ်ကောင်စီဘက်က လက်နက်သဖွယ် အသုံးချခံနေရမှုကို တုံ့ပြန်တဲ့ လှုပ်ရှားမှုတခု ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အကြောင်းပြချက် မျိုးစုံပေးပြီး စနစ်တကျ ပိတ်ဆို့တာ၊ သိမ်းဆည်းတာနဲ့ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီး ဒီလို ပိတ်ဆို့မှုတွေကို ဒီကနေ့ထိ ဆက်လက်ပြုလုပ်နေတာကြောင့် ပိတ်ဆို့ခံရတဲ့ဒေသက “အမျိုးသမီးတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ ရာသီသွေးဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတယ်” လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
“သားအိမ်ပိုင်ရှင်” ပြည်သူတွေဟာ ရာသီသွေးဆိုင်ရာ စောင့်ရှောက်မှု ပစ္စည်းတွေကို ဈေးနှုန်းကြီးစွာ ဝယ်ယူနေရပြီး သယ်ယူပို့ဆောင်ပေးသူတွေ အနေနဲ့လည်း ခြိမ်းခြောက်ငွေတောင်းခံရမှုတွေကို ရင်ဆိုင်နေကြရတာကြောင့် ဈေးနှုန်းမြင့်တက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီသွေးဆိုင်ရာ ပစ္စည်းတွေကို ဝယ်ယူဖို့ မတတ်နိုင်တဲ့အတွက် လစဉ်သုံး ဂွမ်းထုပ်အစား အဝတ်စတွေကို အစားထိုး အသုံးပြုနေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပိုးသတ် သန့်စင်ထားတဲ့ ဂွမ်းထုပ်တွေအစား လက်လှမ်းမီရာ အဝတ်စတွေကို အစားထိုး အသုံးပြုရတဲ့အတွက် သွေးဆင်းတဲ့ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမဖြစ်မှု၊ စိုးရိမ်ပူပန်မှုနဲ့ မလုံခြုံမှုကို ခံစားရစေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကြောင့် Let It Flow လှုပ်ရှားမှုအဖြစ် ရာသီသွေးဆိုင်ရာ တရားမျှတမှုအကြောင်း အမျိုးသမီးတွေသာမက အမျိုးသားများ၊ ဖခင်များနဲ့ အစ်ကိုတွေကိုပါ ဂျန်ဒါအမြင်နဲ့ ပူးပေါင်းပါဝင်လာစေဖို့နဲ့ ဝိုင်းဝန်းကူညီနိုင်တဲ့ ပတ်ဝန်းကျင် ဖန်တီးဖို့ မြေပြင်ဆွေးနွေးပွဲတွေ ဆောင်ရွက်တာ၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို တနိုင်တပိုင်ဖြန့်ဝေတာနဲ့ ကျန်းမာရေး အသိပညာပေး စာစောင်တွေ ဖြန့်ဝေတာ၊ လစဉ်သုံးဂွမ်းထုပ် ဝယ်ယူဖို့ မတတ်နိုင်တဲ့ ပြည်သူတွေအတွက် လျှော်ဖွတ်အသုံးပြုနိုင်တဲ့ (Reusable Pad) တွေကို စနစ်တကျ ချုပ်လုပ်နိုင်ဖို့နဲ့ ချုပ်လုပ်တဲ့နည်းနာတွေ ဖြန့်ဝေတာ၊ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အကျပ်အတည်းကို နိုင်ငံတကာက ညီအမများနဲ့ မြန်မာပြည်ကို ပံ့ပိုးကူညီပေးနေတဲ့ အစုအဖွဲ့ အသီးသီးတွေ သိရှိအောင် ဆောင်ရွက်တာတွေကို ဒေသအသီးသီးမှာ ပြည်သူတွေနဲ့အတူ ပူးတွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီ Let It Flow လှုပ်ရှားမှုရဲ့ တောင်းဆိုရပ်တည်ချက်တွေကတော့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို ပိတ်ဆို့တာ ချက်ချင်းရပ်ဆိုင်းဖို့၊ ရာသီသွေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေကို တမင်တကာ ပိတ်ဆို့တားဆီးနေသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့၊ ဒေသခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းအသီးသီးအနေနဲ့ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံမှုကို ပြန်လည်ရရှိဖို့ ရာသီသွေးဆိုင်ရာ ကျန်းမာရေးပစ္စည်းတွေကို အမြန်ဆုံးနဲ့ အလုံခြုံဆုံး ဖြန့်ဝေပေးဖို့၊ လုပ်ငန်းအသီးသီးက သားအိမ်ပိုင်ရှင်တွေရဲ့ ရာသီသွေးဆိုင်ရာ တရားမျှတမှုအတွက် တောင်းဆိုရပ်ခံမှုတွေကို အားပေးထောက်ခံသွားဖို့ စတာတွေကိုလည်း တောင်းဆိုထားပါတယ်။
ဒီ Let It Flow စီးဆင်းပါစေ ရာသီသွေးတရားမျှတမှုဆိုင်ရာလှုပ်ရှားမှုကိုတော့ Sisters 2 Sisters ၊ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေသပိတ်ကော်မတီ၊ ယောလူထုတိုက်ပွဲကော်မတီ စတဲ့ အဖွဲ့အစည်း ၁၀ ခုက ပူးပေါင်းဆောင်ရွက်တာလည်း ဖြစ်ပါတယ်။


