Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၊ လူထုဒေါ်အမာတို့ အပါအဝင် ရှေ့ဆောင်မြန်မာအမျိုးသမီးများအား အမေရိကန်သံရုံး ဂုဏ်ပြု
DVB
·
March 8, 2023
Untitled-1

မြန်မာ့ဒီမိုကရေစီအရေးမှာ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာတို့ အပါအဝင် ရှေ့ ဆောင်မြန်မာအမျိုးသမီးတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် ရှေးမဆွကတည်းက ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေနဲ့ မိန်းခလေးတွေကို မတ် ၈ ရက် ဒီကနေ့မှာ ကျရောက်တဲ့ အပြည် ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်၊ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ မဝေဝေနု တို့အပါအဝင် ၁၁ ယောက်ကို ဖော်ပြထားခဲ့တာကို တွေ့ရပါ တယ်။

ဒီကနေ့မှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းမှာလည်း ဆွေးနွေးဟောပြောမှုတွေ ပြုလုပ်နေသလို အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေမှာရော လက်နက်ကိုင်တော်လှန်ရေးမှာပါ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ ကျဆုံးပြည်သူစုစုပေါင်းထဲမှာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတဲ့ ရာခိုင်နှုန်းကတော့ ၃၄ ဒသမ ၆ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး အမျိုးသမီးဦးရေ ၁၂ ဒသမ ၇ ရာခိုင်နှုန်းထိ ပါဝင်နေတာပါ။

ဒါ့အပြင် တော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၂၀ ဒသမ ၅ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ အေအေပီပီက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013