Home
ဆောင်းပါး
အရှင်သရဏ (သို့မဟုတ်) တကယ့် တော်လှန်ရေးသမားရဲ့ မေတ္တာ တာဝန်
DVB
·
August 24, 2024
Design_DVB

“မြန်မာစံတော်ချိန် သြဂုတ်လ ၄ ရက်နေ့ မနက် ၂ နာရီခွဲမှစပြီး ဦးပဥ္စင်း အရှင်သရဏ ဆိုတာ မရှိတော့ပါ။ အဲဒီအချိန်မှာ အရှင်သရဏ လူထွက်သွားပြီဖြစ်လို့ Mr.Jansen (ကို‌ဂျေဆန်) လို့ပဲ ကိုယ့်ကို ခေါ်စေချင်ပါတယ်” ဆိုပြီး အရှင်သာရဏမှ ကို‌ဂျေဆန်တဖြစ်လဲ Mr.Jansen က သူ့ရဲ့ လူမှုကွန်ရက်မှာ  အမေးအဖြေ ကဏ္ဍလေးနဲ့ “လေးစားအပ်ပါသော ဆရာတော် ဆရာလေး၊ ဒါယကာ ဒါယိကာမ၊ ဓမ္မမိတ်ဆွေနှင့် စိတ်ဝင်စားသော ပုဂ္ဂိုလ်များ အားလုံးသို့” အစချီကာ ရှင်းလင်းတင်ပြမှုလေးကို ကျနော်တို့ ဖတ်ရပါတယ်။

တော်လှန်ရေးကာလမှာ ကျနော့်ရင်ထဲ ထိထိခိုက်ခိုက် အင်မတန် တုန်လှုပ်သွားရပါတယ်။ ယူကျုံးမရလည်း ဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှင်သာရဏ ရဟန်းရဲ့ တန်ဖိုးကို ကျနော်သိနေလို့ပါပဲ။ အရှင်သာရဏ ရဟန်းတော်ဟာ တကယ့်ကို ဗုဒ္ဓသားတော် ပီသစွာ ဓမ္မဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ အာဇာနည်တော်လှန်ရေးသမား စစ်စစ်တပါး ဖြစ်ခဲ့ပါတယ်။

အရှင်သာရဏ ရဟန်းတော်ရဲ့ ဉာဏ်ပညာနဲ့ ရပ်တည်ချက် သတ္တိကို သဘာဝတရားရိပ်သာ ဆရာတော်နဲ့ တွေ့ဆုံတဲ့အချိန်မှာ မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရပါတယ်။ နွေဦးတော်လှန်ရေးအပေါ်မှာ ဆရာတော်ရဲ့ ကျေးဇူးပြုမှုဟာ အင်မတန်နူးညံ့သိမ်မွေ့ပြီး အင်မတန်လည်း အစွမ်းထက်ပါတယ်။ ဆရာတော်ရဲ့ အဆုံးအမနဲ့ လမ်းညွှန်မှုတွေဟာ တော်လှန်ရေးကာလမှာတင် မဟုတ်ဘဲ နောင်အခါ တည်ဆောက်ရေးကာလတွေမှာပါ တန်ဖိုးထား လက်ခံကျင့်သုံးမယ်ဆိုပါက တိုင်းပြည်နဲ့ လူမျိုးအသီးသီးအတွက် များစွာ အထောက်အကူ ပြုနေမှာပါ။ နိုင်ငံရေးနဲ့ တော်လှန်ရေး သဘောသဘာဝကို မသိနားမလည်တဲ့ ဿဘာဝတရားရိပ်သာ ဆရာတော်ကို ပညာသားပါပါနဲ့ နည်းမှန်လမ်းမှန်သို့ ရောက်အောင် မေတ္တာတာဝန်ဖြင့် ကျကျနန အခုလို ဆောင်ရွက်သွားနိုင်တာ တွေ့ရပါတယ်။

မေတ္တာတာဝန်

“ဆရာတော်ကြီးကလည်း နားမလည်ပါဘူး၊ လေ့လာနေပါတယ်” ဆိုတော့ ဆရာတော်ကြီးကို အရှင်သရဏက စာရွက်လေးတွေ ယူလာပေးပါတယ်။ စာရွက်တွေပေါ်က အကြောင်းအရာတွေက Ministry of Human Rights (မြန်မာနိုင်ငံတော် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန) မှ စိတ်ချနိုင်တဲ့ အချက်အလက်တွေကို ဖတ်ကြည့်နိုင်အောင် အရှင်သရဏက ကြိုပြီးပြင်ထားတဲ့ အကိုးအကားတွေကို ဆရာတော်ကို လှူဖြစ်ပါတယ်။ ဆရာတော်ကြီးကလည်း စိတ်ဝင်တစား လက်ခံတော်မူပါတယ်။

ဦးပဥ္စင်း ပေးထားတဲ့ စာရွက်တွေမှာ မြန်မာတပ်မတော်က ၂၀၂၃ ဇူလိုင်လအတွင်းပင် မြန်မာပြည်သူပြည်သားတွေအပေါ် ဘယ်လိုအကြမ်းဖက်မှုတွေ ဘယ်လောက်လုပ်ထားတယ် ဆိုတာ အတိအကျ ရှင်းပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆောင်ရွက်ချက်တွေမှာ NLD ပါတီဘက်က ၁၄ ရာခိုင်နှုန်းလောက်ပဲ ဆောင်ရွက်ပေးတယ်လို့လည်း ပီဇာပုံလေးဖြင့် ရောင်စုံရှင်းပြချက်ကို တွေ့ရပါတယ်။ (ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့က လုံးဝ ဘာမှမလုပ်ဘူး ဆိုရင်တောင် ဘာမှ ကွာခြားမှာမဟုတ်ပါဘူး။ ဒီမိုကရေစီလိုလားတွေက အခုလက်ရှိ အလုပ်တွေ ဆက်လက်လုပ်ဖြစ်နေမှာပါ။) ဆိုလိုတာက NLD အပေါ် အပြစ်ပုံချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က အလုပ်တွေ ဆက်မလုပ်တော့ဘူးဆိုရင် စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီး ကျူးလွန်နိုင်မယ်ဆိုတာ အသုံးမကျတဲ့ အကြံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက နိုင်ငံရေးမလုပ်တော့ဘဲ ရပ်ပစ်လိုက်ရင်တောင် တခြား ၈၆ ရာခိုင်နှုန်းသော ဒီမိုကရေစီ အင်အားစုတွေနဲ့ တဦးတ‌ယောက်ချင်းစီက ဒီမိုကရေစီ ရရှိရေးအတွက် သူတို့အလုပ်ကို ဆက်ပြီး ကြိုးကြိုးစားစား လုပ်နေကြဦးမှာပါပဲ။

Roadmap (လမ်းညွှန်)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆောင်ရွက်နိုင်အောင် roadmap (လမ်းညွှန်) လည်း ပါပါတယ်။ အဲဒီမှာလည်း အဆင့် ၁၂ ဆင့်မှ အခု အဆင့် ၇ ဆင့် ပြီးသွားပါပြီ။ အခု အဆင့်နံပါတ် ၈ ကို လုပ်နေကြတယ်လို့လည်း ပြထားပါတယ်။ အရှင်သရဏက စာရွက်စာတမ်းတွေမှာ ဘာများ အချက်အလက်တွေ တွေ့နိုင်မလဲလို့ ဆရာတော်ကြီးကို သေချာရှင်းပြပေးပါတယ်။ ဆရာတော်ကလည်း ဒီကိစ္စတွေကို ဘယ်သူ့ဆီကမှ မကြားရခဲ့ဘူးလို့ အရှင်သရဏကို နောက်မှ မိန့်တော်မူပါတယ်။

အရှင်သရဏက ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ လက်ရှိအကြောင်း ဆရာတော်ကြီးကို ပြောပြပါတယ်။ ဆရာတော်ကြီး အရှင်ဥတ္တမသာရက အရင်တုန်းက မမှန်မကန်တဲ့ စကားများ ပြောမိခဲ့လို့ အခု မြန်မာနိုင်ငံမှာ ဒါယကာ ဒါယိကာမ အများစုက ဆရာတော်ကြီးကို ရဟန်းအဖြစ်လည်း မသတ်မှတ်ကြတော့ဘူး၊ အကြမ်းဖက်အုပ်စု တပ်မတော်ကို အားပေးတယ်၊ ဆရာတော်ကြီးနဲ့ပတ်သက်ပြီး ရှုတ်ချတဲ့ စကားတွေလည်း ပြောကြပါတယ်လို့ သေချာ ရှင်းပြပါတယ်။

ဆရာတော်ကလည်း ဒါလေးများ မသိလို့ နားလည်ပါတယ်။ အသိုက်အဝန်းမှာလည်း သူ့ကို ရှိခိုးယုံကြည်တဲ့ ပရိသတ်ပဲ ရှိနေလို့ တကယ့်အဖြစ်အပျက်ကို ဆရာတော်ကြီးက ဘယ်လိုမှ မသိနိုင်ပါဘူး။ ဆရာတော်ကြီးကိုလည်း အမှန်တရားကို အရှင်သရဏကပဲ မေတ္တာထားပြီး သေသေချာချာ ငြိမ်းငြိမ်းချမ်းချမ်း ရှင်းပြရဲပါတယ်။ တခြား ဘယ်သူမှ ဆရာတော်ကြီးကို မလျှောက်ရဲပါဘူးလို့ သေသေချာချာ ရှင်းပြထားပါတယ်။ ဆရာတော်က မိမိစကားရဲ့ စွမ်းအားကို မသိဘူးလို့ ဦးပဥ္စင်းတို့ ၂ ပါးလုံး ကောင်းကောင်းမွန်မွန် သဘောပေါက်ပါပြီ။ ဆရာတော်က အဆင်ပြေတဲ့စကားများ ပြောလို့ရပါတယ်လို့ ဆရာတော်ကြီးက ထင်မိပါတယ်။

ဒေါ်စုက နိုင်ငံရေး မလုပ်တော့ပါစေနဲ့ ငြိမ်းချမ်းရေးပဲ လုပ်ပါစေ

အရှင်သရဏက ရှင်းပြပါတယ် - “အရှင်ဘုရား နာမည်ကြီးတာနဲ့ ကြိုက်သလို ပြောလို့ မရပါဘူး။ စကားလုံးတိုင်းကို အထူးသတိထားရမယ်။ အရှင်ဘုရားက ပြောချင်တိုင်း မပြောရပါဘူး၊ သူတပါး နားလည်သင့်တဲ့အတိုင်းပဲ ပြောရမှာပါ။”

ဆရာတော်ကြီးက ဒါလေးကိုလည်း မသိခဲ့ဘူးလို့ အရှင်သရဏက တွေ့ရပါတယ်။

ဆရာတော်က “ငြိမ်းချမ်းရေး” လုပ်ချင်တယ်ဆိုပြီး ဒါယကာကြီး ဦးတင်ဦးကို “ဒေါ်စုက နိုင်ငံရေး မလုပ်တော့ပါစေနဲ့” လို့ မိန့်ထားတဲ့အကြောင်းကို အရှင်သရဏက ထပ်မေးပါတယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မလုပ်ပါနဲ့တော့လို့ မိန့်ပြီး တပ်မတော်ကိုလည်း ဘာလို့ မမိန့်တာလဲလို့ပါ။ ဆရာတော်ကြီးက ပြောပြတယ်။

“ပြောတယ်။ တပ်မတော်ကိုပြောတာ သူတို့ကတော့ ဗွီဒီယိုလည်း မရိုက်ကြပါဘူး၊ အပြင်ကိုလည်း ပေးမသိရပါဘူး။ ဦးတင်ဦးကိုလည်း သတ်သတ်ပြောတယ်။ အားလုံး သိသွားမယ်ဆိုတာ ဆရာတော်က မသိခဲ့ပါဘူး” တဲ့။ ဆရာတော်ကြီးရဲ့ စကားတိုင်းမှာ စွမ်းအား များပါတယ်လို့ အရှင်သရဏက ထပ်ရှင်းပြပြီး တပ်မတော်ကို အများပြည်သူသိအောင် မပြောတတ်ဘဲ ဦးတင်ဦးကို အများပြည်သူမသိအောင် မပြောတတ်ပါဘူးဆိုတော့ ဘယ်သူ့ကိုမှ မပြောသင့်ပါဘူးလို့ ပြောပြပါတယ်။ ဆရာတော်ကတော့ မိမိအမှားကို မမြင်ရဘဲနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်တယ်လို့ မိန့်တော်မူပါတယ်။ အဲဒီမှာ အရှင်သရဏက သေချာ ရှင်းပြပါတယ်။ ငြိမ်းချမ်းရေးအတွက် မဟုတ်ပါ။ အရှင်ဘုရားက မငြိမ်းချမ်းရေးအတွက် လုပ်မိတာပါ။ အရှင်ဘုရားရဲ့ အမှားလေးကြောင့် ဒါယကာ ဒါယိကာမတွေက အရှင်ဘုရားကိုလည်း မယုံကြည်တော့ဘူး၊ သာသနာတော်အပေါ်လည်း ယုံမှားသံသယတွေ ဖြစ်နေကြပါတယ်။ အရှင်ဘုရားကိုလည်း မကောင်းတဲ့ရဟန်းလို့ ထင်မြင်ပြီး တပ်မတော်ကို အားမပေးတဲ့ ရဟန်းတွေ ဆိုရင်တော့ ကောင်းမွန်တဲ့ရဟန်းတွေ ဖြစ်တယ်ဆိုပြီး ဒါယကာ ဒါယိကာမတွေဘက်က ကြည့်ရင် သံဃာရဟန်းအစုအဖွဲ့ဟာ အသင်းကွဲသွားပါပြီလို့ လျှောက်ထားပြီး တပ်မတော်ရဲ့ အကြောင်းကို ရှင်းပြပေးတယ်။

က။ တပ်မတော်ကို ဘာကြောင့် ပြတ်ပြတ်သားသား ရှုတ်ချသင့်ပြီး NUG ကို ဘာကြောင့် အားပေးသင့်သလဲ၊ တပ်မတော်ကို ဘာကြောင့် ပြတ်ပြတ်သားသား ရှုတ်ချသင့်လဲ။ NUG ကို ဘာကြောင့် အားပေးရမလဲ။

တပ်မတော်က အာဏာသိမ်းပြီး နိုင်ငံတော်သစ္စာဖောက်မှု ပြုမိပါတယ်။ နိုင်ငံတော်သစ္စာဖောက်မှု ပြုမိခဲ့လို့ သေဒဏ်အတွက် ထိုက်တန်ကြပါတယ်။ အခု ချက်ချင်းရပ်ပြီး အမှားကိုဝန်ခံပြီး NUG ကို အုပ်ချုပ်ခွင့်ပေးခြင်းဖြင့် သူတို့ကို ဒါယကာကြီး ဦးဝင်းမြင့်က ခွင့်လွှတ်ပြီး သေဒဏ်မှ လွတ်ငြိမ်းခွင့်ဆိုတာ ဖြစ်နိုင်ပါတယ်။ တပ်မတော်က အုပ်ချုပ်ဖို့ ဆက်လက်ပြီး ကြိုးစားရင်တော့ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူးလို့ စိုးရိမ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲလိုမျိုး အပြစ်မရှိတဲ့အတွက် တပ်မတော်က အခုချက်ချင်း အစိုးရဌာနဆိုင်ရာနေရာတွေမှ ဖယ်ခွာပြီး မြန်မာနိုင်ငံတော်မှာ ငြိမ်းချမ်းရေး ဆောင်ရွက်ပေးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို လုပ်ပိုင်ခွင့် ပေးသင့်ပါတယ်။ ဒါလည်း ဆရာတော်ကြီးက မသိခဲ့ပါဘူး၊ အရှင်သရဏမှ ရှင်းပြပြီးမှပဲ သိသွားပါတယ်။

ခ။ တပ်မတော် နဲ့ NUG ရဲ့ ကွာခြားချက်

တပ်မတော်က ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေကို မဆောင်ရွက်ဘဲ ဆင်းရဲသားတွေကို ဘာမှမပေးဘဲ၊ ပြည်ပမှ အထောက်အပံ့တွေ လာရင်လည်း တားကြပါတယ်။ အဲဒါနဲ့ တပ်မတော်က ပြည်သူပြည်သားတွေကို သတ်တယ်၊ ခိုးတယ်၊ ကလေးတွေကို အမျိုးသမီးတွေကို အပြစ်မှမရှိတဲ့ ဘိုးဘွားတွေကို သတ်တယ်၊ ကလေးတွေကို၊ ဆရာဝန်တွေကို၊ အင်ဂျင်နီယာတွေကို ထောင်ချတယ်၊ ရွာတွေမှာ အိမ်တွေကို မီးရှို့တယ်၊ ပြည်သူပြည်သားတွေကိုတောင် အကြမ်းဖက်ပြီး မီးရှို့ကြပါတယ်။ တပ်မတော်က ရဟန်းတွေကို သတ်တယ်၊ အတင်း သင်္ကန်းချွတ်တယ်၊ ဘုန်းကြီးကျောင်းတွေပေါ်မှာ ဗုံးကြဲချတယ်၊ စေတီပုထိုးတွေကြားမှာ သေနတ်နဲ့ပစ်တယ်။ NUG က ပြည်သူပြည်သားတွေကို မသတ်ပါဘူး၊ မခိုးပါဘူး၊ ဘုန်းကြီးကျောင်းတွေကို မဖျက်ဆီးပါဘူး၊ ရဟန်းတွေကို လေးစားပါတယ်၊ ပြည်သူပြည်သားတွေကို ဒေါ်လာသိန်းနဲ့ချီပြီး စားဖို့၊ ဝတ်ဖို့၊ နေဖို့ နည်းမျိုးစုံဖြင့် စီစဉ်ပေးကြပါတယ်။ ဆရာတော်အရှင်ဥတ္တမသာရက ပြည်သူပြည်သားတွေကို စားဖို့၊ ဝတ်ဖို့၊ နေဖို့ ချီးမြှင့်သလိုပဲ NUG ကလည်း ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်များကို စီစဉ်ပေးပါတယ်။ တပ်မတော်က ဘာမှမပေး မစီစဉ်ဘဲ ခိုးပဲ ခိုးတယ်၊ သတ်ပဲ သတ်တယ်၊ ဖျက်ပဲ ဖျက်ဆီးတယ်။ ဒါလည်း ဆရာတော်ကြီးက မသိခဲ့ပါဘူး၊ အရှင်သရဏမှ ရှင်းပြပြီးမှ သိသွားပါတယ်။

ဂ။ တပ်မတော် မရှိခဲ့တဲ့အချိန်

မြန်မာနိုင်ငံတော်ရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ရင် တပ်မတော် မရှိခဲ့တဲ့အချိန်၊ အဓိကအားဖြင့် မအုပ်ချုပ်ခဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံတော် တိုးတက်ပါတယ်။ တပ်မတော်က အုပ်ချုပ်ဖို့ ကြိုးစားတဲ့ အချိန်ကာလမှန်သမျှ (အခု နှစ် ၆၀ ကျော်လောက်ရှိပြီ) မြန်မာနိုင်ငံတော်မှာ ဆင်းရဲမှုပဲ ရှိခဲ့ပါတယ်။ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဘဏ်တိုက်တွေရဲ့ အကြီးဆုံး အရာရှိကြီး (ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ) တို့ကို အနားပေးခိုင်းထားလိုက်ပါတယ်။ ဒုဥက္ကဋ္ဌရဲ့ အလုပ်တွေကြောင့် မြန်မာနိုင်ငံတော်မှာ ငွေကြေးအခြေအနေ တိုးတက်ကောင်းမွန်လာတာကို တပ်မတော်မှ မသိနားမလည် ကျေးဇူးမသိတတ်ဘဲနဲ့ ဒုဥက္ကဋ္ဌက NLD မှာလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၈၈ မှာလည်း တပ်မတော်ကို ရှုတ်ချဖူးတယ်ဆိုပြီး နှစ် ၂၀ အတွက် ထောင်ချပြီး ဘုမသိဘာမသိ ငအတွေကို တပ်မတော်က ရာထူးပေးကြတယ်။ အဲဒီမှ ဘဏ်တိုက်တွေမှ ကျန်တဲ့ပညာရှိတွေက အလုပ်မှ ထွက်ခွာသွားတဲ့နောက်ပိုင်း မြန်မာနိုင်ငံတော်မှာ စီးပွားရေး၊ ငွေကြေးကိစ္စ မြန်မြန်ဆန်ဆန် ဆုံးရှုံးသွားပါတယ်။

၂၀၁၀ မှ ၂၀၂၀ ထိ မြန်မာကျပ်တန်ဖိုး တက်လာခြင်းနှင့် ၂၀၂၁ မှ ၂၀၂၃ ထိ မြန်မာကျပ်တန်ဖိုး လျော့ကျသွားခြင်းကို ကြည့်လိုက်ရင် ရှင်းလင်းပါတယ်။ ဒါလည်း ဆရာတော်ကြီးက မသိခဲ့ပါဘူး၊ အရှင်သရဏမှ ရှင်းပြပြီးမှ သိသွားပါတယ်။

ဃ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်ရင်တော့

တပ်မတော်က အုပ်ချုပ်ဖို့ ကြိုးစားနေရင်းနဲ့ ဘာဥပဒေမှ မလိုက်နာပါဘူး။ ရဟန်းတွေက ဝိနည်းနဲ့မညီဘဲ လုပ်တယ်ဆိုပြီး အတင်း သင်္ကန်းချွတ်ရပါတယ်။ ဥပဒေနဲ့အညီ ပထမ ခုံရုံးတင်ရမယ်၊ အဲဒီမှ ဆရာတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက် နားထောင်ရမယ်ဆိုတဲ့ ဥပဒေတွေကို မသိ မလိုက်နာလို့ သာသနာတော်ကို ထိခိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်ခဲ့တုန်းက တခါမှ အဲလိုမျိုး မကောင်းမှု၊ ဥပဒေတွေကို လှည့်မကြည့်ခြင်း မရှိခဲ့ပါဘူး။ တပ်မတော်ကအုပ်ချုပ်ရင် ဥပဒေဆိုတာ မရှိပါဘူး။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ၊ NLD ဘက်ကနေ ရွေးကောက်ပွဲမှာ လှည့်စားမှု ရှိခဲ့တယ်လို့ တချို့က စွပ်စွဲကြပါတယ်။ ရှိသည် မရှိသည် လုံးဝ မဆိုင်ပါဘူး - ဒီလိုမျိုးကိစ္စတွေ ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံတော်မှာ ဥပဒေတွေ ရှင်းရှင်းလင်းလင်း ရှိပြီးသားပါ။ ဘယ်လိုစစ်ရမလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ မြန်မာနိုင်ငံတော် ဥပဒေစနစ်တွေ အပြည့်အဝ ရှင်းလင်းပါတယ်။ ဒီ မြန်မာနိုင်ငံတော် ဥပဒေတွေကို တပ်မတော်က ဘယ်လိုမှလည်း မသိဘဲ၊ ဘယ်လိုမှလည်း နားမလည်ဘဲ၊ ဘယ်လိုမှလည်း လက်မခံ မလေ့လာ စိတ်မဝင်စားဘဲနဲ့ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အာဏာသိမ်းပြီး တနိုင်ငံလုံးမှာ ဥပဒေတွေ ကျူးပဲ ကျူးလွန်ပြီး အကြမ်းဖက်မှု ပြုနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်ရင်တော့ ဥပဒေတွေကို လေးစားမှုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံတော်မှာ ချထားပေးတဲ့ ဥပဒေစနစ်တွေကိုလည်း လိုက်နာတယ်လို့ အမြဲတွေ့ရပါတယ်။ ဒါလည်း ဆရာတော်ကြီးက မသိခဲ့ပါဘူး၊ အရှင်သရဏမှ ရှင်းပြပြီးမှ သိသွားပါတယ်။

င။ တပ်မတော်ကြောင့် ပြည်သူ ပြည်သားတွေ သီလပျက်

တပ်မတော်က အုပ်ချုပ်ဖို့ ကြိုးစားနေချိန်မှာ ပြည်သူပြည်သားတွေမှာ သီလတွေ ပျက်ပါတယ်။ အကယ်၍ CDM လုပ်ခဲ့တဲ့ ဒါယကာ ဒါယိကာမတွေက ထောင်မကျအောင် တချို့က လှည့်စားပြီး မှတ်ပုံတင်ကတ်အတု၊ နာမည်အတုများ သုံးနေကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်တဲ့အခါမှာ မတော်မတရား ထောင်ချတာတွေမရှိလို့ ပြည်သူပြည်သားတွေကလည်း မှတ်ပုံတင်ကတ် အတုတွေ သုံးတာ နည်းပါတယ်။ အမှန်အတိုင်း ဖြစ်အောင်လည်း လုပ်ဆောင်ချက်တွေ အောင်မြင်စွာ တိုးတက်ပါတယ်။ ပြည်သူပြည်သားတွေကလည်း ကိုယ်စိတ်ချမ်းသာမှု ပိုများလာလို့ စည်းကမ်းများ၊ ဥပဒေတွေ၊ သီလအကျင့်တွေ ကျင့်ကြပါတယ်။ ဒါလည်း ဆရာတော်ကြီးက မသိခဲ့ပါဘူး၊ အရှင်သရဏမှ ရှင်းပြပြီးမှ သိသွားပါတယ်။

စ။ တပ်မတော်ရဲ့ အောင်မြင်မှု ဆိုတာမျိုးက သာသနာတော်ကွယ်စေမှု တခုတည်းပဲ

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်တဲ့အခါမှာ၊ ၂၀၁၀ မှ ၂၀၁၉ ထိ မြန်မာနိုင်ငံတော်ရဲ့ ဗုဒ္ဓဘာသာ၊ ရဟန်းတွေ တကမ္ဘာလုံးမှာ သာသနာပြုခရီးတွေ အများကြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီအခါမှာ မြန်မာဗုဒ္ဓဘာသာက တကမ္ဘာလုံးမှာ ထွန်းကားပါတယ်။ တပ်မတော်က အာဏာသိမ်းပြီးချိန်မှာ အနောက်နိုင်ငံမှာ ဘယ်နိုင်ငံခြားသားမှ သူတို့နိုင်ငံမှာ ဗုဒ္ဓဘာသာက တရားဝင် နိုင်ငံတော်ဘာသာရေး မဖြစ်စေချင်ပါဘူး။ တကယ်တမ်း လက်တွေ့မှာ တပ်မတော်က အာဏာသိမ်းပြီးချိန်မှာ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုတွေလည်း လျော့သွားပါတယ်၊ ကဲ့ရဲ့မှုတွေပဲ တက်လာပါတယ်။ ကြည့်လိုက်ပါ၊ နိုင်ငံတော်ရဲ့ တရားဝင် ဘာသာရေးဟာ ဗုဒ္ဓဘာသာဖြစ်ရင် မြန်မာနိုင်ငံလိုပဲ ဖြစ်သွားမှာတဲ့။ အရှင်သရဏရဲ့ အစ်ကိုကတောင် အရှင်သရဏရဲ့ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ဒီလို ရှုတ်ချကဲ့ရဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်တဲ့အခါမှာ၊ တရားဓမ္မအတိုင်း အုပ်ချုပ်မှု ရှိတဲ့အခါမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ယုံကြည်မှုတွေ တက်လာပါတယ်၊ ကဲ့ရဲ့မှုတွေ လျော့ကျသွားပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ အောင်မြင်မှု ဆိုတာမျိုးက သာသနာတော်ကွယ်စေမှု တခုတည်းပဲ ဖြစ်ပါတယ်။ ဒါလည်း ဆရာတော်ကြီးက မသိခဲ့ပါဘူး၊ အရှင်သရဏမှ ရှင်းပြပြီးမှ သိသွားပါတယ်။

ဆ။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)

ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်တဲ့အခါမှာ မြန်မာနိုင်ငံမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက ဒေါ်အောင်ဆန်းစုကြည်ကြောင့်လည်း မပေါ်ပေါက်လာပါဘူး။ NUG ကြောင့်လည်း မပေါ်လာပါဘူး။ NLD ကြောင့်လည်း မပေါ်လာပါဘူး။ မြန်မာနိုင်ငံမှာ ပြည်သူပြည်သားတွေကို တပ်မတော်က ဘယ်လိုမှ မကာကွယ်ဘဲ အကြမ်းဖက်မှုတွေပဲ ပြုမိကြလို့ ပြည်သူပြည်သားတွေက ကိုယ်တိုင် စစ်အဖွဲ့တွေဖွဲ့ပြီး အကြမ်းဖက်အုပ်စု တပ်မတော်ကို တိုက်ခိုက်ဖြစ်ပါတယ်။ NUG ရဲ့ ဆောင်ရွက်ချက်မှာဆိုတော့ ဒီ ကိုယ့်အသိစိတ်နဲ့ကိုယ် ပေါ်ပေါက်လာတဲ့ စစ်အဖွဲ့တွေမှာ စည်းကမ်းနဲ့ စနစ်တွေ ဆောင်ရွက်ပေးပြီး အလကား မသေကြအောင်၊ လုပ်ချင်တာတွေလည်း လူ့အခွင့်အရေးနဲ့ အညီရော၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့အညီရော ဖြစ်အောင် ဆောင်ရွက်ပေးတာပါ။ PDF က တပ်မတော်အကြမ်းဖက်စစ်သားတွေကို သတ်ဖြတ်တာက မြန်မာပြည်သူပြည်သားတွေရဲ့ သဘာဝတရားတခုပဲ ဖြစ်ပြီး အဲဒီအတွက် NUG ကို အပြစ်မတင်သင့်ပါဘူး။

အကယ်၍ အင်္ဂလိပ်နယ်ချဲ့တွေက ၁၉ နဲ့ ၁၈ ရာစုနှစ်မှာ လာပြီး အတင်းအုပ်ချုပ်တုန်းကလည်း မြန်မာပြည်သူပြည်သားတွေက သဘာဝတရားအားဖြင့် စစ်ဖွဲ့တွေဖွဲ့ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အခုဆို အင်္ဂလိပ်နယ်ချဲ့တွေလိုပါပဲ၊ တပ်မတော်က ပြည်သူပြည်သားတွေကို အကြမ်းဖက်နေလို့ ပြည်သူပြည်သားတွေက သဘာဝအတိုင်း စစ်ဖွဲ့တွေဖွဲ့ပြီး ပြန်တိုက်ခိုက်ကြပါတယ်။ အင်္ဂလိပ်နယ်ချဲ့တွေလိုပဲ တပ်မတော်က အကြမ်းဖက်မှုတွေ ပြုတဲ့အခါမှာ PDF တပ်တွေက ခုခံတိုက်ခိုက်ရုံတင် မကပါဘူး။ PDF တပ်တွေမှာ တရားဓမ္မနဲ့အညီ ဆောင်ရွက်ချက်တွေ ရှိပါတယ်။ PDF တပ်တွေက တပ်မတော်ရဲ့ အကြမ်းဖက်စစ်သားတွေကို အတတ်နိုင်ဆုံး မသတ်ဘဲ ကြိုးစားပြီး ပြည်သူပြည်သားတွေရဲ့ လုံခြုံမှုကို ဆောင်ရွက်ပေးကြနေရင်းနဲ့ ဆင်းရဲတဲ့ ပြည်သူပြည်သားတွေကို စားစရာ၊ ဝတ်စရာ၊ နေစရာတွေ ဆောင်ရွက်ပေးကြပါတယ်။ PDF တပ်တွေရဲ့ နောက်ထပ် အရေးကြီးတဲ့ အကျိုးရှိပါတယ်။

တပ်မတော်ထဲမှာ စစ်သားတွေအချင်းချင်း အကြမ်းဖက်မှု၊ လှည့်စားမှု၊ လိမ်လည်မှု၊ အနိုင်ကျင့်မှုတွေ ရှိလို့ ပညာရှိ စစ်သားတွေက သဘောပေါက်ပြီး တပ်မတော်မှ ထွက်ခွာပြီး PDF တပ်တွေဆီ ဝင်ရောက်လာကြပါတယ်။ အဲ့လို တပ်မတော်မှထွက်လာတဲ့ စစ်သားတွေ ဗိုလ်ချုပ်များအခုထိ စုစုပေါင်း အနည်းဆုံး ထောင်နဲ့ချီပြီး ရှိနေကြပါတယ်။

“ရဟန်းမှ စစ်သားသို့” စာအုပ်

အရှင်သရဏရဲ့ “ရဟန်းမှ စစ်သားသို့” စာအုပ်ကို တပ်မတော် စစ်တန်းလျားတွေကို ပို့ပေးရဲတဲ့ သူတော်ကောင်းတွေ မရှိခဲ့ပေမဲ့ NUG မှ အရှင်သရဏရဲ့ စာအုပ်ကို ရေဒီယိုမှာလည်း လွှင့်ပေးပါတယ်၊ PDF တပ်တွေမှာလည်း ဖြန့်ဝေပေးပါတယ်။ စာအုပ်မှာ စစ်သားတွေက အချင်းချင်း ဘယ်လိုမျိုး သီလရှိရှိ နေကြရမလဲ၊ လိမ်လည်လှည့်စားမှုတွေကို ဘယ်လို ရှောင်ရမလဲ၊ သတ်ခြင်း ခိုးခြင်းတွေကို ရှောင်လွှဲပြီး စစ်တိုက်တဲ့အခါမှာ သီလ ငါးပါးကို ဘယ်လိုမှ မကျူးလွန်ဘဲ ဘယ်လိုအောင်မြင်ရမလဲလို့လည်း အသေးစိတ် ရှင်းပြထားပါတယ်။ စစ်သားတွေက ဘယ်လို တရားအားထုတ်သင့်လဲလို့လည်း စာအုပ်မှာ ရှင်းပြထားပါတယ်။ ဒါလည်း ဆရာတော်ကြီးက မသိခဲ့ပါဘူး၊ အရှင်သရဏမှ ရှင်းပြပြီးမှ သိသွားပါတယ်။

ဇ။ အကြမ်းဖက်သမားက အကြွင်းမဲ့ တပ်မတော်

ဆရာတော်ကြီးက စိုးရိမ်တာက ဦးပဥ္စင်းတို့ ရထားတဲ့ အကြောင်းအချက်အလက်တွေက မှန်လား မှားလားလို့ပါ။  ဦးပဥ္စင်း ရှင်းပြပေးပါတယ်။ ရွာတွေရဲ့ မီးရှို့ခြင်းကို တပည့်တော်တို့က satellite (ဂြိုဟ်တု) တွေကနေ အတိအကျ သိနိုင်ပါတယ်၊ ဘယ်ဘက်မှ လိုက်စရာ မလိုအပ်ပါဘူး။ အိမ်တွေမီးရှို့ခံရတဲ့ ရွာသူရွာသားတွေက ဘယ်သူလာခဲ့ပါသလဲ၊ ဘယ်သူ မီးရှို့ ဗုံးချ ဗုံးပစ်ခဲ့ပါသလဲ ဆိုတာ တချို့က ကိုယ်တိုင်မြင်ခဲ့ပါတယ်။ မြင်ခဲ့တဲ့ ဒါယကာ ဒါယိကာမတွေ၊ ရဟန်း သီလရှင်တွေကလည်း အမြဲ သေသေချာချာ အကြောင်းကြားပေးပါတယ်။ အကြမ်းဖက်သမားက အကြွင်းမဲ့တပ်မတော် စစ်သားတွေဖြစ်ပြီး PDF ထံမှ ကာကွယ်မှုတွေပဲ တွေ့ကြတယ်လို့ အကြောင်းကြားပေးကြပါတယ်။ အခုထိ PDF မှာ ဂျက်လေယာဉ်များ မရှိသေးလို့ ဂျက်လေယာဉ်တွေက ရွာတွေကို ဖျက်ဆီးတာဟာ တပ်မတော်ရဲ့လုပ်ရပ်ပဲလို့ ပညာရှိတွေ သိကြပါတယ်။ တပ်မတော်ကပဲ အကြမ်းဖက်မှုပြုပြီး PDF ကပြည်သူပြည်သားတွေဘက်က အကြွင်းမဲ့ အမြဲတမ်း ရပ်တည်မှုကို ဘက်မလိုက်တဲ့ သက်သေ သာဓကတွေကိုပဲ သေချာ လေ့လာထားသူတိုင်း ခဏခဏ တွေ့ကြရပါတယ်။ ခဏခဏ အကြောင်းကြားပေးပါတယ်။ ဒါလည်း ဆရာတော်ကြီးက မသိခဲ့ပါဘူး၊ အရှင်သရဏမှ ရှင်းပြပြီးမှ သိသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာတယ်

ဆရာတော်ကြီး အရှင်ဥတ္တမသာရက “ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာတယ်” လို့ မိန့်မိပါတယ်။ အရှင်သရဏ “ပြည်သူပြည်သားတွေရဲ့ ငြိမ်းချမ်းမှုအတွက် ခေါင်းမာတာပါဘုရား” လို့ အရှင်သရဏက လျှောက်ထားတော့ ဆရာတော်က ဆိတ်ဆိတ်နေပါတယ်။ “တကယ်တော့ တပ်မတော်က အာဏာပဲ လိုချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းရေး လိုချင်ပါတယ်” လို့ အရှင်သရဏက လျှောက်ထားပါတယ်။ ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေး၊ ပြည်သူပြည်သားတွေရဲ့ ချမ်းသာမှု ဖြစ်ပါတယ်လို့ အရှင်သရဏက အပြည့်အဝ ယုံကြည်ပါတယ်၊ လက်ခံပါတယ်။ လုပ်ပုံလုပ်နည်းမှာတော့ အဆင်ပြေအောင် စဉ်းစားသင့်သေးတယ်။ ဆရာတော်ကြီးက တပ်မတော်ကို “ရပ်ကြပါ” လို့ ပြတ်ပြတ်သားသား မပြောရဲဘူးလို့ ထင်ပါတယ်။ ဆရာတော်ကလည်း မြန်မာနိုင်ငံမှာနေရလို့ တပ်မတော်ကို ပွင့်ပွင့်လင်းလင်း တရားဟောဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ “‘သီလနဲ့အညီ ဆောင်ရွက်ကြပါ’ လို့ တပ်မတော်ကိုရော NUG ကိုရော ဟောသင့်ပါတယ်” လို့ အရှင်သရဏက လျှောက်တော့ ဆရာတော်က ငြင်းပါတယ်။ “မရပါဘူး” တဲ့။ အရှင်သရဏက အဲဒီလို ဟောနိုင်သလို ဆရာတော်ကြီးကလည်း ဟောနိုင်ပါတယ်လို့ ဆရာတော်ကြီးဘက်က လက်ခံဖို့ လိုသေးတယ်။

ဆရာတော်ကြီး အရှင်ဥတ္တမသာရက သီလဆောက်တည်ဖို့ အားပေးပြီး၊ သီလကျူးလွန်ခြင်းကို ရှုတ်ချရင် ဆရာတော်ကြီးရဲ့ (ဒီဃနိကာယ် သီဂလောဝါဒသုတ္တန်မှ မြတ်စွာဘုရား ကိုယ်တော်တိုင် ချထားပေးတဲ့) ရဟန်းတာဝန်တချက်လည်း ကျေပွန်အောင် ဖြည့်ဆည်းပြီးသား ဖြစ်မှာပါ။ အဲဒီလိုဆို ဆရာတော်ကြီးရဲ့ ပြည်သူပြည်သားတွေအပေါ် စားစရာ၊ ဝတ်စရာ၊ နေစရာ ပရဟိတလုပ်ငန်း ဆောင်ရွက်ချက်တွေမှာလည်း မြန်မာပြည်သူပြည်သားတွေရဲ့ အားပေးမှု ထောက်ပံ့မှုမှာ ပြန်တိုးတက်လာပြီး ချမ်းချမ်းသာသာ ကောင်းမှုများ ပြုနိုင်မှာပါ။ ဆရာတော်ကြီးက အရှင်သရဏရဲ့ ဆရာတော်အပေါ် မေတ္တာစိတ်တွေကို နားလည်ပါတယ်လို့ အရှင်သရဏကို မိန့်တော်မူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာတယ်ကလည်း မသင့်တော်တာများ လျှောက်မိခဲ့ရင် ခွင့်လွှတ်တော်မူပါလို့ ဆရာတော်ကြီးဆီမှာလည်း တောင်းပန်ပြီး ဆရာတော်ကြီးကလည်း ခွင့်လွှတ်ပေးတော်မူပါတယ်။ စသဖြင့် အဆုံးသတ်ထားပါတယ်။

နိဂုံး

အရှင်သရဏ လူထွက်ရတဲ့ အကြောင်းတရားတွေထဲမှာ မြန်မာနိုင်ငံတော်ရဲ့ နိုင်ငံရေး အခြေအနေ အဆင်မပြေတဲ့ အကြောင်းတခုလည်း ပါနေတာ တွေ့ရပါတယ်။ အရှင်သရဏဟာ သူ့ရဲ့လုံခြုံရေးအတွက် ချက်ခ်နိုင်ငံသို့ ထွက်ခွာခဲ့ရတဲ့အကြောင်း ရေးသားထားတာလည်း တွေ့ရပါတယ်။ နောက်ဆောင်းပါးတွေမှာတော့ အပြန်အလှန် ဝေဖန်သုံးသပ်ချက်တွေနဲ့ တင်ပြချင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရှင်သရဏ ရဟန်းဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ အာဇာနည် တော်လှန်ရေးသမား ရဟန်းတပါးအဖြစ် ကျနော်တို့ နှလုံးအိမ်ထဲမှာ ကမ္ပည်းမှတ်တမ်း တင်ထိုက်သူပါတကား...။

ကျန်းမာချမ်းသာကြပါစေ

ဘေးရန်ကင်းကြပါစေ

လိုရာဆန္ဒများလည်း အမြန်ဆုံး အပြည့်အဝ ပြည့်ကြပါစေ

တိုင်းရင်းသားပြည်သူတရပ်လုံး၏ အရေးတော်ပုံ မုချ အောင်မြင်ရမည်

ချစ်မင်းနွဲ့ကြည်

ကိုးကားချက် - ချက်ခ်ရဟန်း အရှင်သရဏ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024