Home
မြန်မာသတင်း
“ဘယ်နိုင်ငံရဲ့ ဩဇာခံမှ မဟုတ်” ဟု NUG ပြော
DVB
·
August 22, 2024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဩဇာခံ မဟုတ်သလို ဘယ်နိုင်ငံရဲ့ ဩဇာခံမှလည်း မဟုတ်ဘူးလို့ NUG သမ္မတရုံး ပြောခွင့်ရှိသူက ပြောလိုက်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေ ထိန်းသိမ်းထားတဲ့ တရုတ်စီမံကိန်း ၁၀ ခုအထိရှိလာပြီး NUG က ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ လည်း ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ ဩဂုတ် ၁၄ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးနောက် ဩဂုတ် ၁၆ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် တွမ်ဆူလီဗန်က NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နွေဦးတော်လှန်ရေး ဦးဆောင်သူတချို့ကို အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့တာပါ။

ဩဂုတ် ၂၀ ရက်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဆက်တိုက်ဖြစ်ပေါ်လာတဲ့ တွေ့ဆုံမှုတွေဟာ မြန်မာ့အရေးအပေါ် အင်အားကြီးနိုင်ငံတွေက အရင်လို အာဆီယံလမ်းကြောင်းကနေ ထိန်းညှိတာမျိုး မဟုတ်တော့ဘဲ တိုက်ရိုက်ထိတွေ့ဖို့ လိုအပ်တယ်လို့ ယူဆလာကြတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ NUG ယာယီသမ္မတတို့ရဲ့ တွေ့ဆုံမှုမှာ စစ်ဘေးသင့် မြန်မာပြည်သူတွေကို လူသားစာနာအကူအညီတွေပေးဖို့ ကတိကဝတ် ရရှိခဲ့ပေမဲ့ ဘယ်အချိန်မှာ ဘယ်ပုံဘယ်နည်းနဲ့ ကူညီမယ်ဆိုတာမျိုးကို ၂ ဖက်စလုံးက အတိအလင်း ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “အမျိုးသားညီညွတ်ရေးအစိုးရက ဟိုဘက်ကိုယိမ်းတယ်၊ ဒီဘက်ကိုယိမ်းတယ် မရှိပါဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ဆက်ဆံသလို တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့လည်း ထိတွေ့ဆက်ဆံဖို့အတွက်လည်း ဆန္ဒရှိတယ် ဆိုတာလည်း ထုတ်ဖော်ပြောကြားသလို ရှိတဲ့လမ်းကြောင်းတွေကလည်း အစဉ်တစိုက် ဆက်သွယ် စေ့စပ်တဲ့ဟာတွေလည်း ရှိပါတယ်။ ကျနော်တို့အစိုးရဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဩဇာခံမဟုတ်သလို ဘယ်နိုင်ငံရဲ့ ဩဇာခံမှလည်း မဟုတ်ဘူး၊ ကျနော်တို့ မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားကို သစ္စာစောင့်သိတာ၊ ဘယ်သူ့ဩဇာခံမှ မဟုတ်ပါ ဆိုတာလည်း ပြောကြားချင်ပါတယ်။ အဓိက အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးတဲ့အခါမှာ စစ်ကောင်စီကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် လိုအပ်တဲ့ လူသားစာနာ အထောက်အကူတွေရဖို့အတွက် ဆွေးနွေးတယ်၊ အကူအညီပေးဖို့ကို ကျနော်တို့ တောင်းဆိုတယ်၊ အိမ်နီးချင်းနိုင်ငံတွေကိုလည်း မြန်မာပြည်သူလူထုကို တော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ တိုက်ရိုက်ကူညီပံ့ပိုးပေးကြပါလို့လည်း ထပ်ပြီးတော့ ကျနော်တို့ ပြောကြားပါတယ်” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာလကုန်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှောင်းပိုင်းမှာ မြန်မာပြည်တွင်း စစ်ရေးချိန်ခွင်လျှာဟာ အပြောင်းအလဲဖြစ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရယူနိုင်ခဲ့ပါတယ်။

စစ်ရေးအရှိန်ကောင်းလာတာနဲ့အမျှ အင်အားကြီးနိုင်ငံတွေက သူတို့လိုချင်တဲ့ပုံစံကို ဆွဲယူနိုင်ဖို့ အပြိုင်ကြိုးစားလာကြတာဖြစ်ပြီး နယ်မြေချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံကို ပိုပြီးသတိထားဆက်ဆံဖို့ လိုတယ်လို့ နိုင်ငံရေးသမားတယောက်က သုံးသပ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ကျနော်တို့ အစဉ်အဆက်အားဖြင့် ပြောရမယ်ဆိုရင်တော့ တရုတ်နဲ့ဆက်ဆံရေးက အာဏာရယူထားတဲ့ စစ်တပ်ကပဲဖြစ်ဖြစ် NUG ကပဲဖြစ်ဖြစ် သတိထားပြီးတော့ ဆက်ဆံရမယ့်ကိစ္စတွေ ရှိပါတယ်။ သူတို့နဲ့ဆက်ဆံတဲ့အခါမှာ စိတ်ရှည်ဖို့လိုတယ်၊ ဉာဏ်ပညာ အမြော်အမြင်ကြီးဖို့ လိုပါတယ်။ ကိုယ့်စိတ်ဆန္ဒရှိတဲ့အတိုင်း လျှောက်လုပ်လို့မရပါဘူး။ နောက်ပြီးတော့ သူ့ကိုလည်း ကျနော်တို့ ရွှေ့လိုက်လို့မရပါဘူး။ ပြောင်းလဲလို့မရနိုင်တဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်နေပါတယ်။ ပြီးတော့ တရုတ်ဆိုတာကလည်း ကမ္ဘာပေါ်မှာ အင်အားကြီးတဲ့နိုင်ငံ ဖြစ်တယ်၊ လက်နက်အင်အား စီးပွားရေးအင်အား စသဖြင့် ကြီးနေတဲ့နိုင်ငံကြီး ဖြစ်တဲ့အတွက် ပိုပြီးတော့ ကျနော်တို့ သတိထားသင့်တယ်လို့ မြင်မိပါတယ်” လို့ ပြောပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ရဲ့ ဩဂုတ် ၁၉ ရက်အထိ မှတ်တမ်းအရ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေမှာ တရုတ်စီမံကိန်း ၁၀ ခုအထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေက ထိန်းချုပ်ထားတာပါ။

ဒီအရေးတွေကြောင့်ပဲ တရုတ်နိုင်ငံက တခြားနိုင်ငံတွေထက် မြန်မာနိုင်ငံအခြေအနေ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုလိုလားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ တရားဝင်ရင်းနှီးမြှုပ်နှံထားတဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ကြေညာထားခဲ့သလို ကာကွယ်စောင့်ရှောက်ပေးနေတယ်ဆိုတာလည်း ထပ်ပြီး ပြောကြားချင်ပါတယ်။ ပုံမှန်ရပ်တည်လည်ပတ်ဖို့အတွက်လည်း ပံ့ပိုးပေးသွားမယ် ဆိုတာလည်း ပြောကြားချင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

လတ်တလောမှာ မြန်မာပြည်တွင်း စစ်ဘေးရှောင်ပြည်သူ ၃ သန်းကျော်၊ လူသားစာနာအကူအညီ လိုအပ်နေတဲ့ ကလေးသူငယ် ၆ သန်းဝန်းကျင် အပါအဝင် ပြည်သူ ၁၉ သန်းနီးပါးအတွက် အရေးပေါ် လူသားစာနာအကူအညီတွေ ရရှိဖို့ တိုင်းရင်းသား အင်အားစုတွေနဲ့ NUG တို့ အရေးပေါ်ရန်ပုံငွေတွေ ရှာဖွေနေရတာပါ။

အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA မှာ ထည့်သွင်းဖော်ပြထားတဲ့ Burma Act ပါ ဖော်ပြချက်တွေအတိုင်း မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ့်အချက် ပါဝင်တဲ့ဘတ်ဂျက် အတည်ပြုချက်ကို သမ္မတ ဂျိုးဘိုင်ဒင်က မတ်လမှာ လက်မှတ်ရေးထိုး အတည်ပြုထားပေမဲ့ လုပ်ငန်းစဉ် အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024