Home
မြန်မာသတင်း
ကျိုက်ထိုတွင် KRF က ဖမ်းဆီးခဲ့သည့် ရဲ ၃ ဦးကို NUG လက်အောက်ခံ တပ်ဖွဲ့များထံ အပ်နှံ
DVB
·
August 15, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့လက ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို စစ်ဆေးမေး‌မြန်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး လက်အောက်က တပ်ရင်းတပ်ဖွဲ့တွေထံ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ ကန်မွန်းစခန်းကျေးရွာ (ကျိုက်ထီးရိုးတောင်ခြေ) မှာရှိတဲ့ ကဒက်ချောင်းမှာ ဇွန် ၇ ရက် ညနေ ၃ နာရီက အရက်လာသောက်ပြီး ပျော်ပါးနေတဲ့ ရဲ ၃ ဦးကို ကင်းလှည့်နေတဲ့ KRF‌‌ တွေက တွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲတွေဟာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်း ဝင်းထက်နဲ့ ရဲတပ်သား ကြည်သာ၊ သထုံခရိုင် ရဲတပ်ဖွဲ့က ရဲတပ်သား ကောင်းထက်ကျော်တို့ ဖြစ်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲ ၃ ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ရေရှည်ထိန်းသိမ်းဖို့ အဆင်မပြေတဲ့အတွက် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို အပ်နှံခဲ့တယ်လို့ KRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့က ကဒက်ချောင်းဘေးမှာ အော်ကြီးဟစ်ကျယ်နဲ့ သောက်စား ပျော်ပါးနေတဲ့အချိန် နယ်မြေလုံခြုံရေးအရ ကင်းလှည့်နေတဲ့ ကျနော်တို့အဖွဲ့တွေက တွေ့ပြီး ဖမ်းဆီးခဲ့တာ။ ပြီးတော့ ကျနော်တို့ စစ်ဆေးပြီးတော့ MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို အခုအပ်လိုက်ပါပြီ။ နောက်ထပ် အရေးယူမှုတွေက သူတို့ပဲ ဆက်လုပ်သွားပါမယ်။ ကျနော်တို့က ဖမ်းဆီးလာတာ မှန်ပေမဲ့ ရေရှည်ထိန်းသိမ်းဖို့က ဘယ်လိုမှ မလွယ်ကူလို့ပါ။ အကြောင်းကြောင်းကြောင့် mission report နောက်ကျတဲ့အတွက်လည်း ပြည်သူတွေကို တောင်းပန်ပါတယ်။”

ရဲ ၃ ဦး ဖမ်းဆီးခံရပြီးနောက် ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်းကို စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး အနီးအနားက လူငယ်တွေနဲ့ လာရောက်အပန်း‌ဖြေကြတဲ့ လူငယ်တချို့ကို ဖမ်းဆီး စစ်မေးတာတွေ လုပ်‌သလို ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် အောင်သပြေပိုင်းမှာနေတဲ့ KRF တပ်ဖွဲ့ဝင် ကိုစလင်းရဲ့ ဖခင် ဦးအီဆွတ်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ KRF တပ်ဖွဲ့ဝင် ကိုစလင်း ဖခင်နဲ့ လူငယ်တွေကိုတော့ စစ်ကောင်စီ တပ်သားတွေက စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013