Home
မြန်မာသတင်း
အသက်ကို ပဓာနမထားဘဲ တော်လှန်ရေးတွင် ပါဝင်နေသည့် လူငယ်များအား ဦးညွှတ်ဂုဏ်ပြုကြောင်း  NUG ထုတ်ပြန်
DVB
·
August 13, 2024

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ရဲရင့်တဲ့ လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေပြီး နွေဦးတော်လှန်ရေးကြီးမှာ ကိုယ်ကျိုးစီးပွားနဲ့ အသက်ကို ပဓာနမထားဘဲ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ နိုင်ရာတာဝန်တွေကို တက်ကြွစွာ ပါဝင်ထမ်းဆောင်နေကြတဲ့ လူငယ်တွေအားလုံးကို ဂုဏ်ပြုဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၂ ရက် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ပေးပို့တဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ခုလို ဖော်ပြလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းက မျိုးဆက်သစ် လူငယ်လူရွယ်တွေအားလုံးကို လေးစားတန်ဖိုးထားတွေနဲ့ ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အရပ်သားအစိုးရဦးဆောင်မှုနဲ့ ဒီမိုကရေစီခရီးကို အရှိန်မြှင့်တင်မောင်းနှင်ဖို့အတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မအာဏာလုယူဖို့ ကြိုးပမ်းမှုကြောင့် မျိုးဆက်သစ် လူငယ်လူရွယ်(Generation-Z)တွေ အပါအဝင် တနိုင်ငံလုံးက ပြည်သူတွေရဲ့ အနာဂတ် ဘဝရည်မှန်းချက်တွေ ပျက်သုဉ်းသွားခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။ 

လွတ်လပ်မှု၊ ရဲရင့်မှု၊ တီထွင်ဆန်းသစ်ကြံဆမှုတို့ ပြည့်ဝတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတနိုင်ငံအောင်မြင်တိုးတက်မှုအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး အဲဒီလို ဘဝရည်မှန်းချက်တွေနဲ့ အခွင့်အရေးတွေကို စစ်အာဏာရှင်လူတစုရဲ့ စနစ်တကျ ချိုးဖျက်တားဆီးခြင်း ခံရတာကြောင့် မြန်မာနိုင်ငံနေရာ ဒေသအနှံ့အပြားက လူငယ်လူရွယ်များစွာဟာ ပြည်သူ့နွေဦးတော်လှန်ရေးတွင် ဆုံးဖြတ်ချက် ခိုင်မာရဲရင့်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားကြရတဲ့ လူငယ် လူရွယ်တွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကိုလည်း အောက်မေ့သတိရ ဂုဏ်ပြုကြောင်း အလေးအနက် ဖော်ပြထားသလို NUG အစိုးရအနေနဲ့ နွေဦးတော်လှန်ရေးအတွင်းသာမက တော်လှန်ရေးအလွန်ကာလတွေမှာလည်း လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတခု ပေါ်ပေါက်လာစေရေးအတွက် လူငယ်တွေနဲ့အတူ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားဖို့လည်း ကတိပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013