Home
မြန်မာသတင်း
၈၈၈၈ စိတ်ဓာတ်ကိုင်စွဲပြီး  ဆက်လက်တိုက်ပွဲဝင်မည်ဟု NUG၊ CRPH ပြော
DVB
·
August 8, 2024
Photo - NLD

နွေဦးတော်လှန်ရေးပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၃၆ နှစ် ကြာ ရှင်သန်နေဆဲ ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲပြီး တိုင်းရင်းသားညီနောင်မဟာမိတ်တွေ အပါအဝင် ပြည်သူလူထုနဲ့ ပူးပေါင်းကာ အောင်ပွဲဆီ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြေညာပါတယ်။

ဩဂုတ် ၈  ရက်မှာ ကျရောက်တဲ့ ၃၆ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့  အခမ်းအနားသို့  ပေးပို့တဲ့ သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံ စစ်အာဏာရှင်က လူထုလိုလားတောင့်တတဲ့ ဒီမိုကရေစီမျှော်လင့်ချက်ကို လျစ်လျူရှုကာ ယုတ်မာရက်စက်စွာ ပစ်‌ခတ် သတ်ဖြတ် ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခဲ့တာကြောင့် တိုင်းရင်းသား ပြည်သူလူထုမှာ အသက်၊ သွေး၊ ချွေးပေါင်းများစွာကို စတေးကာ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြရတဲ့ လူထုအရေးတော်ပုံကြီး ဖြစ်တယ်၊ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမျိုးစေ့ကို ချမှတ်လုပ်ဆောင်ခဲ့တဲ့ မော်ကွန်းတင်လောက်တဲ့ လူထုအ‌ရေးတော်ပုံကြီး ဖြစ်တဲ့အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားတွေရဲ့ ညီညွတ်ခြင်း ပြယုဂ်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ခေတ်အဆက်ဆက် ဒီမိုကရေစီရေးနဲ့ အာဏာရှင်ဆန့်ကျင်တိုက်ပွဲတွေအတွင်း အသက်ပေး လှူသွားကြတဲ့ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူ သူရဲကောင်းတွေရဲ့ ကျေးဇူးကို အမျိုးသား ညီညွတ်ရေးအစိုးရက အစဉ်အမြဲအောက်မေ့ ဂုဏ်ပြုတယ်လို့လည်း သဝဏ်လွှာမှာ ပြောပါတယ်။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒီမိုကရေစီလူထုအရေး တော်ပုံဖြစ်ပြီး တိုင်းရင်းသားပြည်သူတွေအတွက် မေ့ပျောက်မရနိုင်တဲ့ သမိုင်းပုံရိပ်တခု ဖြစ်တယ်၊ လူထုအရေးတော်ပုံတွေမှာ မြင့်မြတ်ရဲရင့်တဲ့ စိတ်ဓာတ်ကို ကိုင်စွဲကာ အသက်၊ ခန္ဓာ ပေးဆပ် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးရဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ယူလေးစားစွာ ဦးညွှတ်အလေးပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က  သဝဏ်လွှာပေးပို့ ပြောပါတယ်။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ ပေါက်ဖွားလာတဲ့ ဒီမိုကရေစီမျိုးစေ့တို့ဟာ အခု နွေဦးတော်လှန်ရေးထိတိုင် ရှင်သန်ကြီးထွားနေကာ အားလုံး မျှော်မှန်း ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုး အပြီးတိုင်ပျက်သုဉ်းပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ရည်မှန်းချက်ကို စုပေါင်းညီညွတ်စွာနဲ့ အချိန်တိုတိုအတွင်း အကောင်အထည်ဖော်ဆောင်သွားနိုင်မယ်လို့  CRPH က ပြောပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှ မပြီးပြတ်သေးတဲ့ လူထုရဲ့ နိုင်ငံရေး တောင်းဆိုချက်တွေမှသည် ၂၁ ရာစု နွေဦးတော်လှန်ရေး တောင်းဆိုချက်တွေ အောင်မြင်ဖို့ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေး ဖြစ်တာနဲ့အညီ “လူထုတိုက်ပွဲ၊ လက်နက်ကိုင် တိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ စီပွားရေးတိုက်ပွဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)ကလည်း သဝဏ်လွှာ ထုတ်ပြန်ထားပါတယ်။

အလားတူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း မိမိတို့ပါတီအနေဖြင့် အရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတာဝန်တွေကို အပြည့်အဝ အဆုံးသတ် ဖော်ဆောင်နိုင်ရေးအတွက် မိတ်ဖက်အင်အားစုအသီးသီး၊ လူမျိုးစုံပြည်သူလူထုကြီးနဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့  ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားပါတယ်။

နွေဦးတော်လှန်ရေးကြီးအနေဖြင့် စစ် ၃ စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို တစမကျန် ဖယ်ရှား ဖျက်သိမ်းပစ်ကြရမှာဖြစ်တယ်၊ ဒါမှ လူမျိုးစုံ ပြည်သူလူထုကြီးရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အခိုင်အမာ တည်ဆောက်နိုင်လိမ့်မယ်လို့ လူ့ဘောင်သစ်ပါတီက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆိုကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ရေးအတွက် ပြည်သူလူထု တရပ်လုံးက စည်းလုံးကာ ကဏ္ဍပေါင်းစုံမှ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားဖို့  ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ် ၈  ရက်မှာ ကျရောက်တဲ့ ၃၆ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့  အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း အွန်လိုင်းကနေ ကျင်းပရာမှာ NUG အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ CHPH ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ တက်ရောက်ကြပါတယ်။

Photo - NLD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024