တပါတီအာဏာရှင်စနစ်ကို မြန်မာပြည်သူလူထုတရပ်လုံးက ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်ဆင်နွှဲခဲ့တဲ့ အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲဟာ အခုလက်ရှိ နွေဦးတော်လှန်ရေးမှာ အဆုံးသတ်မယ်လို့ တော်လှန်ရေးအင်အားစုတွေက ယုံကြည်နေကြပါတယ်။
ဒါကြောင့် အာဏာရှင်ဦးနေဝင်း ဦးဆောင်တဲ့ မဆလ တပါတီအာဏာရှင်စနစ်ကို လူထုအားနဲ့ ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ မြန်မာ့သမိုင်းမှာတော့ မေ့ထားလို့မရတဲ့ လှုပ်ရှားမှုကြီးလို့ မြန်မာပြည်သူတွေက ရှုမြင်ထားကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက "ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ဖို့ဆိုရင် ၆၂၊ ၇၄၊ ၇၅၊ ၇၆ ကျောင်းသားမျိုးဆက်အသီးသီးရဲ့ လှုပ်ရှားမှုတွေကလည်း အလွန်အရေးပါတယ်လို့ မြင်တယ်ဗျ။ အဲဒီမျိုးဆက်အသီးသီးရဲ့ လှုပ်ရှားမှု တဆင့်ကမှ ကျနော်တို့ ဒီရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်လာတယ်လို့ အဲဒီအတိုင်းပဲခံယူတယ်လေ။ တကယ်တမ်းတော့ ရှစ်လေးလုံးအရေးတော်ပုံက ဘယ်လောက်သမိုင်းမှာအရေးပါလဲဆိုတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို ထင်ဟပ်ဖော်ထုတ်ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်တယ်ဗျ။ အဲဒါသည်ပင်လျှင် မြန်မာနိုင်ငံရေးသမိုင်းမှာ အလှည့်အပြောင်းတခုဖြစ်တယ်လို့ မြင်ပါတယ်။ တကယ်လည်း မြန်မာပြည်ဟာ တစုံတရာအားဖြင့် စစ်အုပ်ချုပ်မှုအောက်ကို ရောက်သွားပေမဲ့လည်း တစုံတရာအားဖြင့် ပြုပြင်ပြောင်းလဲမှုတွေတော့ မလွှဲမရှောင်သာ လုပ်ခဲ့ရတယ်လို့ မြင်ပါတယ်" လို့ ပြောပါတယ်။
ဒီအရေးတော်ပုံကြီးကနေ အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာတွေကို သင်ယူခွင့်ရခဲ့သလို မျိုးဆက်သစ်ကျောင်းသား လူငယ်အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့လည်း မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနန်းလင်းက ပြောပါတယ်။
"ဘာကြောင့် ၈၈ ဖြစ်တာလဲ၊ ဘာကြောင့် ဒီလိုအုံကြွမှုကြီးဖြစ်ပြီးတော့ ဘာကြောင့် ကျနော်တို့ တိုင်းပြည်ကြီးက စစ်အာဏာရှင်စနစ်နဲ့ ရင်ဆိုင်နေရတာလဲ၊ ဆိုတာတွေက ကျနော်တို့ ငယ်ငယ်ကတည်းက ဒါတွေက မေးခွန်းဖြစ်ခဲ့တယ်။ ပြောချင်တာက ဒါက ကျနော်တို့ကို လက်ဆင့်ကမ်းလိုက်တဲ့၊ ကျနော်တို့ ခေတ်မှာ ထပ်ပြီးတော့ ထမ်းဆောင်ရမယ့် ကျနော်တို့ ပတ်ဝန်းကျင်၊ ကျနော်တို့ လမ်းတွေ၊ ရပ်ကွက်တွေက ဒီကအသံတွေက ကျနော်တို့ကို အများကြီး သက်ရောက်မှုတွေ၊ လွှမ်းမိုးမှုတွေရှိခဲ့တယ်။ ကြီးလာလို့ စာတွေပေတွေဖတ်တဲ့အခါမှာလည်း အဲဒီခေတ်၊ အဲဒီကာလရဲ့ အဲဒီမျိုးဆက်ရဲ့ လှုပ်ရှားမှု ရဲရင့်မှု၊ နောက်ပြီးတော့ ထောင်တွေ တန်းတွေထဲမှာ ကြံ့ကြံ့ခံနိုင်မှု၊ ဒါတွေက ကျနော်တို့အတွက် လေးစားဖွယ်၊ အားကျဖွယ်၊ အတုယူဖွယ်တွေ ဖြစ်ခဲ့တယ်။ ဒါကြောင့်ပဲ ကျနော်တို့ဟာ ဆက်ပြီးတော့မှ ၈၈ ရဲ့ မပြီးပြတ်သေးတဲ့ ကျနော်တို့ရဲ့ ခရီးကို ဆက်လျှောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ကျနော်တို့ဟာလည်း ဟောသည်နိုင်ငံရေးလမ်းကြောင်း၊ ကျောင်းသားသမဂ္ဂဆိုတဲ့အထဲကို ရောက်လာကြတာဖြစ်ပါတယ်။"
ရှစ်လေးလုံးအရေးတော်ပုံ နောက်ဆက်တွဲအနေနဲ့ စစ်တပ်က အာဏာသိမ်းခဲ့သလို အဲဒီခေတ်က ကျောင်းသားတွေလည်း လက်နက်စွဲကိုင်တော်လှန်ခဲ့ကြပါတယ်။
အဲဒီနောက် မြန်မာ့နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေ တောက်လျှောက်ကြီးစိုးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရက ၅ နှစ်တာ အုပ်ချုပ်ခွင့်ရခဲ့ပေမဲ့ အရေးကြီးတဲ့ တိုင်းပြည်အာဏာတွေကိုတော့ စစ်တပ်က ဆက်လက်ဆုပ်ကိုင်ထားခဲ့တာပါ။
၂၀၂၁ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးမှာတော့ အဖွဲ့ချုပ်ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ တကျော့ပြန်အာဏာသိမ်းမှုနဲ့အတူ တနိုင်ငံလုံး ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဒီတကြိမ်မှာလည်း စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လက်နက်စွဲကိုင်တော်လှန်မှုဟာ တပြည်လုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကို နွေဦးတော်လှန်ရေးလို့ မြန်မာလူထုက သတ်မှတ်ထားပါတယ်။
ဒါဟာ ရှစ်လေးလုံးအရေးတော်ပုံအပါအဝင် ခေတ်အဆက်ဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေး တွေရဲ့ အဆက်ဖြစ်သလို ဒီတကြိမ်မှာတော့ လူထုရဲ့ တောင်းဆိုမှုတွေဟာ နောက်တဆင့်ကို ရောက်ရှိသွားပြီလို့လည်း ဆိုကြပါတယ်။
၈၈ကို ဖြတ်သန်းခဲ့တဲ့ ကျောင်းသူလည်းဖြစ်သလို လက်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက် အတွင်းရေးမှူးလည်းဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးက "တော်လှန်ရေးနှစ်ခုလုံးရဲ့ တူညီတဲ့အချက်ကတော့ အာဏာရှင်တွေကို မောင်းထုတ်နိုင်ဖို့ ကြိုးစားကြတဲ့ တော်လှန်ရေးတွေဖြစ်တယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာဆိုရင် ပိုပြီးတော့ အဆင့်တက်လာတယ်လို့ ပြောလို့ရတာကတော့ စစ်အာဏာရှင်တွေကို ဒီတိုင်းငုံ့ခံမနေပဲနဲ့ ရရာနည်းလမ်းပေါင်းစုံနဲ့ တော်လှန်ကြရမယ်ဆိုပြီးတော့ တော်လှန်ရေးက ပိုပြီးတော့ အဆင့်မြင့်တက်လာတယ်လို့ ပြောလို့ရတယ်။ အခုဆိုရင် သိကြတဲ့အတိုင်းပဲ မြို့နယ် တော်တော်များများ ၇၀၊ ၈၀ လောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်လိုက်တဲ့ အခြေအနေဖြစ်တယ်။ စစ်အုပ်စုကလည်း တော်တော်ကို မျက်ခုံးလှုပ်ပြီးတော့ သူတို့ရဲ့ ကျဆုံးခန်းက အရင့်အရင် တော်လှန်ရေးတွေကထက် ပိုပြီးတော့ နီးကပ်လာတဲ့အခြေအနေဖြစ်တယ်"လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေးရဲ့ သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ထားနိုင်တဲ့အခြေအနေဖြစ်သလို ၁၀၂၇ စစ်ဆင်ရေးလို့ လူတွေသိကြတဲ့ မြောက်ပိုင်းညီနောင်မဟာတ်မိတ်သုံးဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေရဲ့ ရှမ်းမြောက်နဲ့ ရခိုင်ဒေသက ထိုးစစ်တွေ၊ ချင်းတောင်တန်းပေါ်က တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေ၊ ကချင်ဒေသမှာ KIAနဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေ၊ မြန်မာအလယ်ပိုင်းက တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေ၊ ကရင်နဲ့ ကရင်နီဒေသက ထိုးစစ်တွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်ရှိနေပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ စစ်တိုင်းအထိပါ လက်လွှတ်ရတဲ့အခြေအနေထိ ဖြစ်နေတာပါ။ ဒီအခြေအနေတွေကြောင့် ခေတ်အဆက်ဆက်ဆင်နွှဲခဲ့တဲ့ အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲဟာ နွေဦးတော်လှန်ရေးမှာ အဆုံးသတ်ရမယ်လို့ တော်လှန်အင်အားစုတွေကတော့ ယုံကြည်နေကြ ပါတယ်။
သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက "ကျနော်တို့ တိုင်းပြည်ဗျာ လွတ်လပ်ရေးရပြီးကတည်းက ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နည်းပါးကပ်လာပြီ။ နှစ်ပေါင်းများစွာအတွင်း ကျနော်တို့ အာဏာရှင်အဆက်ဆက်ကို ကျနော်တို့ ရင်ဆိုင်ခဲ့ကြရတယ်။ ကျနော်တို့ တိုင်းပြည်ဟာ ပင်ကိုယ်သဘာဝတရားအရ သယံဇာတ ပေါကြွယ်ဝပေမဲ့ ဒီနေ့ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံ၊ ပြည်တွင်းစစ် သက်တမ်းအရှည်ကြာဆုံးနိုင်ငံ ဖြစ်နေရတယ်။ ဒါဘာကြောင့်လဲ။ ဒါတွေအားလုံးရဲ့ လက်သည် ဇာစ်မြစ်တရားခံသည် ဒီအာဏာရှင်စနစ်သာ ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီနွေဦးတော်လှန်ရေးအောင်ပွဲမှသည် အာဏာရှင်စနစ်ဟူသမျှကင်းစင်တဲ့၊ လူကို လူလိုဆက်ဆံတဲ့၊ ငြိမ်းချမ်းသာယာပြီးတော့ နေချင့်စဖွယ်ပေါ့ဗျာ။ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်ကြီးတခုကို အပြည့်အဝ တည်ဆောက်နိုင်လိမ့်မယ်လို့ ကျနော်တို့ဒါ ချွင်းချက်မရှိ ယုံကြည်ပါတယ်။ ဒီယုံကြည်ချက်နဲ့ပဲ ကျနော်တို့ ပြည်သူတွေဟာ ဒီတော်လှန်ခရီးကြမ်းကို ဆက်လက်ချီတက်နေကြပါတယ်"လို့ ပြောပါတယ်။
ဩဂုတ် ၈ ရက်မှာ ရှစ်လေးလုံး ၃၆ နှစ်ပြည့် ဆန္ဒပြပွဲတွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုတွေကို ရန်ကုန်နဲ့ မန္တလေး အပါအဝင် နိုင်ငံအနှံ့ ပြုလုပ်ခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရှစ်လေးလုံး အရေးတော်ပုံ အပါအဝင် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသလို အခု လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း မြန်မာလူထုတရပ်လုံးက တိုင်းပြည်အနှံ့အပြားမှာ ဆက်လက် တော်လှန်တိုက်ပွဲဝင်နေကြပါတယ်။
ထက်အောင်