တကောင်းနီကယ်စီမံကိန်း အပါအဝင် တရားဝင်လုပ်ငန်းအားလုံးကို အသိအမှတ်ပြု ကာကွယ်ပေးသွားမှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေနဲ့ ပတ်သက်တဲ့မူဝါဒ အပြောင်းအလဲမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စီမံကိန်းကို PDF တွေက ဇူလိုင်လကုန်ပိုင်းမှာ ထိန်းချုပ်ခဲ့တာပါ။ ဒီ စီမံကိန်းကို PDF တွေက တိုက်ခိုက်သိမ်းယူခဲ့တာမဟုတ်ဘဲ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေက ဆက်သွယ်အညံ့ခံခဲ့တာကြောင့် ဖြစ်တယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေနဲ့ပတ်သက်ပြီး NUG မှာ ပြတ်သားတဲ့မူဝါဒရှိခဲ့ပြီး လက်ရှိ အချိန်မှာလည်း အပြောင်းအလဲမရှိဘဲ တတ်နိုင်တဲ့ဘက်က အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တကောင်းနီကယ်စီမံကိန်းရှေ့ရေးအတွက် တရုတ်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ဆွေးနွေးနေပြီး နှစ်ဖက် လိုလားချက်တွေကိုတော့ တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “NUG အစိုးရဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပြတ်သားတဲ့မူဝါဒ ရှိပါတယ်။ မြန်မာပြည်သူလူထုကို အကျိုးရှိစေမယ့်၊ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့တွေ အားပေးပါတယ်။ ပူးတွဲလုပ်ကိုင်ဖို့အတွက် ကျနော်တို့လည်း တောင်းဆိုပါတယ်။ တရားဝင် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တရုတ်၊ ထိုင်း၊ အိမ်နီးချင်နိုင်ငံတွေအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးကို အသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ကျနော်တို့တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ပေးဖို့ ရှိပါတယ်။ အဲ့ဒီမူဝါဒဟာ ကျနော်တို့မှာ ပြောင်းလဲမှုမရှိပါဘူး။ တရားဝင်ဆိုတဲ့ နေရာမှာ ၂၀၂၁ ခုနှစ်ရှေ့ပိုင်းက လက်မှတ်ရေးထိုး တရားဝင်လုပ်ဆောင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြောဆိုခြင်း ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ လုပ်ငန်းတွေကတော့ ကျနော်တို့ အသိအမှတ်မပြုပါဘူး။ တော်လှန်ရေးအပြီး ကာလမှာ ဒီဟာတွေက တရားမဝင်လုပ်ငန်းတွေ ဖြစ်မှာပါ။ နိုင်ငံတကာကို စစ်ရာဇဝတ်ကောင်တွေနဲ့ပူးတွဲပြီးမလုပ်ဖို့ ကျနော်တို့တွေ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ တကောင်းနီကယ်စီမံကိန်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတို့လို အကြီးစား လုပ်ငန်းတွေ တရားဝင်လက်မှတ်ရေးထိုး လည်ပတ်ခဲ့သလို၊ ဒေသတွင်းအသေးစား လုပ်ငန်းအများအပြားမှာလည်း တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေ ပျံ့နှံ့နေတာပါ။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ခဲ့ပြီး ဒီအခြေအနေတွေကို စစ်ကောင်စီလက်အောက်မှာ လုပ်ငန်းဆက်လက်လည်ပတ်နေတဲ့ လုပ်ငန်းရှင်တွေအားလုံး မြင်အောင်ကြည့်သင့်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။
“တရုတ်နိုင်ငံကလည်း တရုတ်နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံထားတဲ့ တကောင်းနီကယ် စက်ရုံနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရကို တိုက်ရိုက်ဆက်သွယ်ပြီး ဆောင်ရွက်တာက တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်တာက အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ သိသာထင်ရှားတဲ့လုပ်ရပ်တခုပဲ ဖြစ်တယ်ပေါ့။ ရှင်းပါတယ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာ အလုပ်လုပ်သွားရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီအောက်မှာ အလုပ်လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေအကုန်လုံးဟာ တကယ်တမ်းက အကျိုးစီးပွားကို အမျိုးသားညီညွတ်ရေးအစိုးရကသာ ကာကွယ်စောင့်ရှောက်နိုင်မယ်လို့ သိသာထင်ရှားနေပြီ ဖြစ်တယ်။ အဲ့ဒီတော့ စက်မှုလက်မှုလုပ်ငန်းရှင်ကြီးတွေ စက်ရုံ အလုပ်ရုံပိုင်ရှင်တွေ ဒါတွေအကုန်လုံးက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်ပွဲရဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ရောက်ပြီလို့လည်း ကျနော်တို့က တိုက်တွန်းလိုတယ်။”
တကောင်းနီကယ်စီမံကိန်းကို PDF တွေက ထိန်းချုပ်ခဲ့ပြီးနောက်မှာ တကောင်းနီကယ်စီမံကိန်းအတွက် လိုအပ်တဲ့ ကျောက်မီးသွေးလောင်စာတွေကို မန္တလေးကနေ တင်ပို့တာကို စစ်ကောင်စီဘက်က ရပ်ဆိုင်းထားခဲ့ပါတယ်။
စစ်ကောင်စီက တရုတ်အစိုးရနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးမတည်ဆောက်နိုင်တော့သလို NUG ကိုလည်း မတည်ဆောက်နိုင်အောင် ဖိအားပေးဖို့ ကြိုးစားတဲ့အခြေအနေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူကလည်း မြန်မာနိုင်ငံအတွင်း စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို မထိပါးဖို့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုထားတာပါ။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုင်းညွန့်လွင်က “တရုတ်ဘက်က သူတို့ အကျိုးစီးပွားနဲ့ပတ်သက်လာရင် လုံးဝအထိခိုက်မခံဘူးဆိုတာကို သူတို့ ခဏခဏပြောနေတာ သိကြမှာပါ။ နီကယ်စက်ရုံကို သွားသိမ်းပိုက်လိုက်ခြင်းအားဖြင့် ဗြဟ္မာခေါင်းကြီးကို ပိုက်မိသလို ဖြစ်သွားတယ်လို့ ပြောရမှာပါ။ ဒါက အင်မတန်မှပဲ စဉ်းစဉ်းစားစား လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တရုတ်နဲ့ပတ်သက်လာရင် ဆင်ဆင်ခြင်ခြင်နဲ့ သတိထားပြီးတော့ လုပ်သင့်တယ်လို့မြင်ပါတယ်။ ကိုယ့်အတွက်အကျိုးမရှိဘဲနဲ့ အဆိုးဖြစ်မယ့်ကိစ္စတွေဆိုရင်တော့ မသိမ်းဆည်းသင့်ဘူးလို့ ကျနော် အဲဒီလိုတော့ မြင်ပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း မြစ်ဆုံ၊ လက်ပံတောင်းတောင်၊ ကျောက်ဖြူ၊ တကောင်းနီကယ်စီမံကိန်းတို့လို အကြီးစားလုပ်ငန်းတွေကို ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၅ အလွန် NLD အစိုးရလက်ထက်မှာလည်း ဆက်လက်အသိအမှတ်ပြုဆောင်ရွက်ခဲ့တာပါ။
စီမံကိန်းတွေနဲ့ပတ်သက်တဲ့ NUG ရဲ့မူဝါဒကတော့ တရားဝင်အစိုးရတွေ လက်ထက်မှာ အတည်ပြုထားတဲ့ လုပ်ငန်းတွေအားလုံးကို အသိအမှတ်ပြုကာကွယ်ပေးမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဖို့ကို နိုင်ငံတကာကို တောင်းဆိုထားပါတယ်။
သုတချမ်းသာ