Home
မြန်မာသတင်း
“အောင်လံလွှင့်ချီနွေဦးထီ” လက်မှတ်ရောင်းအားတက်လာ 
DVB
·
July 31, 2024

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့  နွေဦးထီလက်မှတ် ရောင်းအားမှာ ဇွန်လကထက် စောင်ရေ ၁၅၀၀၀ နီးပါး တိုးမြှင့်ရောင်းချနိုင်ခဲ့တယ်လို့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

“အောင်လံလွှင့်ချီနွေဦးထီ”ရဲ့ ဖေ့စ်ဘွတ်ခ်မှာ  ထီရောင်းချမှုမရပ်ခင် မိနစ်ပိုင်းအထိ ရောင်းချထားရတဲ့ ထီလက်မှတ်စောင်ရေဟာ ၁၄၂၉၇၂  စောင်ရှိတယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လက နွေဦးထီလက်မှတ်စောင်ရေ ၁၂၉၃၂၆ စောင် ရောင်းချခဲ့တာဖြစ်လို့ ဇူလိုင်လမှာ စောင်ရေ ၁၃၆၄၆ စောင် တိုးမြှင့်ခဲ့တာဖြစ်ပြီး ရောင်းရငွေ ကျပ်သိန်း ၂၇၀ ကျော် တိုးမြင့်ခဲ့ပါတယ်။

ပြည်ပရောက် နွေဦးထီကိုယ်စားလှယ်တဦးက “ဒီလမှာ တော်လှန်ရေးသတင်းကောင်းတွေ ရရှိခဲ့တာကြောင့် အားတက်ပြီး ထိုးကြတာတွေလည်း ပါမယ်ထင်တယ်။ ဒီထက်ပိုစိတ်ဝင်စားမှု ရှိလာ ဖို့မျှော်လင့်ရတယ်”လို့ ပြောပါတယ်။

နွေဦးထီကို နိုင်ငံပေါင်းစုံက မြန်မာတွေ အွန်လိုင်းကနေ ဝယ်ယူကံစမ်းကြတာဖြစ်ပြီး ဝယ်ယူအားပေးမှု အများဆုံးကတော့ ပြည်တွင်းက ဖြစ်တယ်လို့ ရောင်းချမှု အချက်အလက်စာရင်းတွေအရ သိရပါတယ်။

ဇူလိုင်လအတွင်း နွေဦးထီလက်မှတ်ရောင်းချနိုင်ခဲ့တဲ့ စောင်ရေ ၁၄၀၀၀၀ ကျော်မှာ ပြည်တွင်းက ဝယ်ယူတဲ့ စောင်ရေ ၇၇၀၀၀ ကျော်အထိ ရှိနေတာ ဖြစ်ပါတယ်။

နွေဦးထီကို ၂၀၂၁ သြဂုတ်လကစပြီး ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပြီး စတင်အစောပိုင်းကာလမှာ လက်မှတ်စောင်ရေ ၆၀၀၀၀ ကျော်ပဲ ရောင်းချနိုင်ရာကနေ အခုဆို နှစ်ဆကျော် တိုးလာတာလည်း ဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ နွေဦးထီလက်မှတ်ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုငွေပြန်ထုတ်ပေးတဲ့စနစ် ကျင့်သုံးခဲ့ပြီး ရရှိတဲ့ငွေကြေးကို စစ်ကောင်စီကို ဆန့်ကျင်သပိတ်မှောက်တဲ့ CDM တွေနဲ့ တော်လှန်ရေး လိုအပ်တဲ့နေရာတွေမှာ ပြန်လည်သုံးစွဲတာ ဖြစ်တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထီရဲ့ အမြင့်ဆုံးဆုကို ကျပ်သန်း ၅၀၀ သတ်မှတ်ပေးထားပြီး တခြားဆု ၁၄၀၀ ကျော်လည်း ထည့်သွင်းထားကာ ထီပေါက်သူအများစုမှာလည်း ဆုငွေကို တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းမှုတွေ ရှိတယ်လို့ ထုတ်ပြန်ချက်သတင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013