နွေဦးတော်လှန်ရေးတွင် မြန်မာစစ်အုပ်စုကို ဖြိုချဖျက်သိမ်းရန် ကြိုးပမ်းအားထုတ်မှုများမှ ဖြစ်ပေါ်လာသော အဆီအငေါ်မတည့် ဖြစ်နေမှုများသည် လူသားလုံခြုံရေးကို အခြေခံသည့် စစ်မှန်သော တည်ငြိမ်မှုအတွက် လိုအပ်သော ‘စ’ မှတ်တခုဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိရန်အတွက် တခုတည်းသော လမ်းကြောင်းလည်း ဖြစ်သည်။ လတ်တလော အဆီအငေါ်မတည့် ဖြစ်နေမှုများသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး လုပ်ဆောင်နေချိန်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော အသွင်ကူးပြောင်းမှုအတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးထားသည်။ သို့ရာတွင် ထိုအဆီအငေါ်မတည့် ဖြစ်နေမှုများသည် ‘ဘေးအန္တရာယ်’ တခု ဖြစ်လာနိုင်ပြီး အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို ပိုမို အမြစ်တွယ်လာစေနိုင်သည့် အလားအလာ ရှိနေသည်။ လက်ရှိ တော်လှန်ရေးကာလတွင် မိမိတို့အနေဖြင့် မည်သည့်လမ်းကို သွားမည်ကို ဆုံးဖြတ်ရန်မှာ မိမိတို့၏ တော်လှန်ရေးလှုပ်ရှားမှုများအပေါ်တွင်သာ မူတည်နေသည်။ ဤသို့ ရှေ့ဆုံးဖြတ်ချက်များ ချမှတ်ရမည့်အချိန် အခိုက်အတန့်ကို လက်မလွှတ်တမ်း အသုံးချရန် မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်လား။ သို့မဟုတ်ပါက တန်းတူညီမျှ အာဏာခွဲဝေမှုအပေါ် အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တခုအတွက် မရှိမဖြစ်လိုအပ်သော နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် စုပေါင်းနိုင်ငံတည်ဆောက်ရေး အတွေးအခေါ်ကို ခြိမ်းခြောက်မည့် စစ်တပ်က နှလုံးသွင်းထားသော သွေးခွဲအုပ်ချုပ်ရေး (Divide and rule) မူကို ဆက်လက်ခွင့်ပြုမည်လား။ ယခုကာလသည် ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရမည့် အချိန်ကာလ ဖြစ်သည်။
လတ်တလော အဆီအငေါ်မတည့်ဖြစ်နေမှုများကို ပုံဖော်ကြည့်ခြင်း
သြဂုတ်လ ၈ ရက်နေ့သည် မြန်မာပြည်သူများက ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်ခဲ့ကြသည့် ၃၆ နှစ်ပြည့် အခါသမယဖြစ်သည်။ မိမိတို့အနေဖြင့် ဤနှစ်ကာလများတွင် အာရုံစူးစိုက်မှု၊ ရည်ရွယ်ချက်နှင့် စည်းလုံးညီညွတ်မှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရန် ကျောင်းသားများ လမ်းမများပေါ်ထွက် ဆန္ဒပြချိန်တွင် ရှင်းလင်းပြတ်သားသော ဦးတည်ချက်များ ရှိခဲ့သော်လည်း မိမိတို့လိုချင်သည့် ပန်းတိုင်ကို ရောက်ရှိရန် တညီတညွတ်တည်း ချမှတ်ထားသော နိုင်ငံရေးမျှော်မှန်းချက်များ မရှိခဲ့ပေ။ မိမိတို့ပြည်သူများသည် လွတ်လပ်မှုနှင့် ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးကို လိုလားကြောင်း သိရှိခဲ့ကြသော်လည်း လူမျိုးစုနှင့် ဘာသာရေး အသိုက်အဝန်းများအပေါ် သမိုင်းဝင် မကျေနပ်မှုများကို ခိုင်မာစွာ အမြစ်တွယ်စေသည့် ဗုဒ္ဓဘာသာ ဗမာကြီးစိုးသည့် စနစ်ထဲတွင် ဖြစ်တည်နေသော ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်ညှဉ်းပန်းမှု အလွှာများကို အပြည့်အဝ နားလည်ခြင်း မရှိခဲ့ကြပေ။ မြန်မာနိုင်ငံ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမတိုင်မီ ဆယ်စုနှစ်များစွာကတည်းက တိုက်ပွဲဝင်နေခဲ့ကြပြီး ဖြစ်သည်။ သို့သော် မိမိတို့၏ ၈၈၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှု ကနဦးတောင်းဆိုချက်များထဲတွင် ၎င်းတို့ လိုချင်တောင့်တနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးဟူသော နိုင်ငံရေးရည်မှန်းချက်များကို ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပေ။ ယင်းအခြေအနေမှာ မိမိတို့ တိုင်းရင်းသား တော်လှန်ရေးနယ်မြေများသို့ ရောက်ရှိပြီး ၎င်းတို့နှင့် မဟာမိတ်ဆက်ဆံရေး စတင်တည်ဆောက်ခဲ့သည့် အချိန်မှသာ မိမိတို့၏ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေး ရည်မှန်းချက်များသည် ၎င်းတို့နှင့် တသားတည်း ဖြစ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ တိုင်းရင်းသားအချင်းချင်းကြား ညှိနှိုင်းဆွေးနွေးမှုများနှင့် ဖက်ဒရယ်နှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲခြင်းများ အပါအဝင် မဟာဗျူဟာကျသော နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်များကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ထိုဒီမိုကရေစီရေးနှင့် တိုင်းရင်းသားတန်းတူရေး လှုပ်ရှားမှုသည် ဗဟိုချုပ်ကိုင်သော စစ်အာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်းရန် ယခုအချိန်ထိ မစွမ်းဆောင်သေးပေ။
၂၀၂၁ ခုနှစ် စစ်တပ်၏ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည့် နိုင်ငံတဝန်းလုံးမှ ထကြွပုန်ကန်ခဲ့သော နွေဦးတော်လှန်ရေးသည် အခြားသော လှုပ်ရှားမှုများနှင့်မတူဘဲ တမူထူးခြားနေသည်။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရေးသည် တော်လှန်ရေး စတင်ကတည်းက တညီတညွတ်တည်း ချမှတ်ထားသော နိုင်ငံရေးမျှော်မှန်းချက် တခု ဖြစ်သည်။ လူငယ်များကလည်း ‘လုံးဝအုပ်ချုပ်ခွင့်မရစေရ’ ဟု ရဲဝံ့ပြတ်သားစွာ ကြွေးကြော်ထားပြီး ဖြစ်သည်။ လူငယ်များဦးဆောင်သော နွေဦးတော်လှန်ရေး၏ မျှော်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များသည် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ မဟာဗျူဟာ၊ ချဉ်းကပ်မှုများနှင့် ပြီးပြည့်စုံသည့် ပေါင်းစည်းမှုများ မရှိသေးသော်ငြားလည်း ၎င်းတို့အကြား ပိုမိုကျယ်ပြန့်ပြီး ထိရောက်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီးဖြစ်သည်။ နိုင်ငံတဝန်း တွန်းလှန်မှုတွင် ပြည်သူများ ဦးဆောင်သည့် အကြမ်းမဖက် လှုပ်ရှားမှုများ အပါအဝင် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (Civil Disobedience Movement - CDM)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defense Force - PDF) များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။ ယခုအချိန်သည် တိုင်းရင်းသားများနှင့် ဘာသာရေးအစုအဖွဲ့များ၊ လူတန်းစားအလွှာစုံ၊ လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBTQIA+) များနှင့် မျိုးဆက်အသီးသီးမှ ပြည်သူများသည် ရှင်းလင်းပြတ်သားသော ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို တညီတညွတ်တည်း စုစည်းလာသည့်အတွက် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကို အပြီးတိုင် အဆုံးသတ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်တခုကို တည်ဆောက်ရန် အကြီးမားဆုံးသော အခွင့်အရေးကြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ခုခံတော်လှန်မှုများ ဆယ်စုနှစ်များစွာ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း မိမိတို့ မြင်တွေ့ခဲ့ရသည့် အားလုံးပါဝင်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိသော တော်လှန်ရေးမျိုး မည်သည့်အခါမှ မရှိခဲ့ပေ။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတို့ကြား ပူးပေါင်းဆောင်ရွက်မှုရှိသည့် မဟာဗျူဟာများ၊ လမ်းပြမြေပုံများနှင့် အစီအစဉ်များသည် စစ်တပ်ကြီးစိုးသော ဗဟိုချုပ်ကိုင်မှုစနစ်ကို ပြိုကွဲပျက်စီးစေမည့် အဓိကမောင်းနှင်အားများ ဖြစ်လာခဲ့သည်။ ထိုသို့သော စစ်တပ်ကြီးစိုးသည့် ဗဟိုချုပ်ကိုင်မှုစနစ် ပြိုကွဲခြင်းသည် မတူကွဲပြားသော လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်ကို ဦးတည်သွားနိုင်မည့် တခုတည်းသောနည်းလမ်း ဖြစ်သည်။ ဝိရောဓိသဘောအရ လက်ရှိဖြစ်ပေါ်နေသော အဆီအငေါ်မတည့် ဖြစ်နေမှုများသည် လူသားလုံခြုံမှုအပေါ် အခြေခံသော စစ်မှန်သည့် တည်ငြိမ်မှုအတွက် မရှိမဖြစ် လိုအပ်သည်။ ယင်းသည် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်သူများ ခံစားလာခဲ့ရသည့် ဆင်းရဲဒုက္ခ၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီးဖြစ်သော စစ်တပ်၏ ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် ဖြစ်နိုင်ခြေကို ဖန်တီးပေးသည်။
အဆီအငေါ်မတည့် ဖြစ်နေမှုများသည် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ရေရှည် ပြုပြင်ပြောင်းလဲမှုများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးသည်။ နွေဦးတော်လှန်ရေးတွင် ထိုဖြစ်နိုင်ခြေကို အထောက်အကူပြုသော အရင်းခံ အကြောင်းတရားများစွာ ရှိနေသည်။ သို့သော် အာဏာနှင့် လုပ်ပိုင်ခွင့်ရရန် ယှဉ်ပြိုင်နေသော ပြည်တွင်း ပြည်ပရှိ လှုပ်ရှားဆောင်ရွက်သူများကြောင့် ထိုအလားအလာကို သွေဖည်သွားစေနိုင်ပြီး ဆိုးဝါးသော နောက်ဆက်တွဲ အကျိုးဆက်များလည်း ဖြစ်ပေါ်စေနိုင်သည်။ တချိန်တည်း၌ပင် အာဏာကို အင်အားသုံး အကြမ်းဖက်ပြီး မျိုးဆက်သုံးဆက်အထိ အတင်းအဓမ္မ ချုပ်ကိုင်နိုင်ခဲ့သော စစ်တပ်သည် ယခင်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်နည်းတူ အဆီအငေါ်မတည့် ဖြစ်နေမှုများကို ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဆက်လက် ဖန်တီးနေဦးမည် ဖြစ်သည်။
ဤဆောင်းပါးသည် လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် ပြည်သူများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် အပြုသဘောဆောင်သော အကြံပြုချက်များနှင့် အခွင့်အလမ်းများကို မီးမောင်းထိုး ဖော်ပြထားသည်။ ထို့ပြင် မြန်မာပြည်သူများ နှစ်ရှည်လများ ခံစားနေရသည့် ဆင်းရဲဒုက္ခ၊ စစ်တပ်၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှဉ်းပန်းမှုများကို ပိုမိုအမြစ်တွယ်စေပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်အပေါ် ကတိကဝတ်ပြုထားသော ဘုံမျှော်မှန်းချက်များကို သွေဖည်သွားစေနိုင်သည့် ခြိမ်းခြောက်မှု အန္တရာယ်များကိုလည်း မီးမောင်းထိုး ဖော်ပြထားသည်။
အဆီအငေါ်မတည့်ဖြစ်နေမှုများ (သို့) အခွင့်အလမ်းအတွက် ‘စ’ မှတ်တခု
နွေဦးတော်လှန်ရေးသည် အတွေးအခေါ်ပိုင်းဆိုင်ရာ အပြောင်းအလဲတခုကို အစပြုခဲ့သည်။
၁၉၈၈ ခုနှစ် မိမိတို့ နိုင်ငံရေးလှုပ်ရှားမှုနှင့် ယခုခေတ် လူငယ်မျိုးဆက်များအကြား အဓိက ကွာခြားချက်မှာ ၎င်းတို့အနေဖြင့် ကမ္ဘာကြီးနှင့် နိုင်ငံရေးအရ ထိတွေ့ခွင့်ရခြင်းပင် ဖြစ်သည်။ လူငယ်များ၏ စဉ်းစားတွေးခေါ်မှုသည် ဆန်းသစ်တီထွင်မှုရှိသည့်အပြင် ယခု လူထုလှုပ်ရှားမှုတွင် မိမိတို့၏ အချိန်ကာလတုန်းက မရှိနိုင်ခဲ့သည့် ပုံစံတခုဖြစ်သော ‘မျိုးဆက်ပေါင်းစုံ’ ပါဝင်နေသည်။ ယခု နွေဦးတော်လှန်ရေးသည် အဖွဲ့အစည်းပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းတည်ဆောက်ပုံပိုင်းဆိုင်ရာ စနစ်တကျ ပြုပြင်ပြောင်းလဲရေးတို့အတွက် ကြီးမားကျယ်ပြန့်ပြီး ဆန်းသစ်တီထွင်မှုရှိသည့် လှုပ်ရှားမှုတခုလည်း ဖြစ်သည်။
မိမိတို့ ခေတ်ကာလက “စစ်အာဏာရှင် ကျရှုံးပါစေ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပါစေ” ဟု ကြွေးကြော်ခဲ့ကြသည်။ သို့သော် မသန်စွမ်းသူများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQIA+) များကဲ့သို့သော ဖယ်ကြဉ်ခံ လူအုပ်စုများနှင့် လူနည်းစုများအပေါ် ချန်လှပ်ထားခြင်း သို့မဟုတ် အားလုံးပါဝင်နိုင်မှုမရှိခြင်း (Non-inclusivity) များ အပါအဝင် ကျား၊ မ အခြေပြု ခွဲခြားဆက်ဆံမှု၊ ဖိုဝါဒကြီးစိုးမှု၊ အမျိုးသမီးမုန်းတီးရေးဝါဒ၊ ဘာသာရေးနှင့် လူမျိုးရေး ဖိနှိပ်မှုများက စစ်အာဏာရှင်စနစ်ကို အမှန်တကယ် ကျားကန်ပေးထားသည်ကို မိမိတို့က ရှင်းရှင်းလင်းလင်း ထုတ်ဖော်မပြောဆိုခဲ့သလို ပြောဆိုနိုင်စွမ်းလည်း မရှိခဲ့ပေ။
လက်ရှိ လူထုလှုပ်ရှားမှုသည် စစ်အာဏာရှင်စနစ် တခုတည်းကို အဆုံးသတ်ရန်သာမကဘဲ အာဏာရှင်အားလုံးနှင့် ဖိနှိပ်မှုအားလုံးကိုပါ အဆုံးသတ်ရန် ဦးတည်ထားသည်။ ယင်းသည် စစ်တပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကဲ့သို့သော နိုင်ငံရေးပါတီများ အပါအဝင် မည်ကဲ့သို့သော အစိုးရမျိုးကိုမဆို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့အနေဖြင့် အာဏာရှင်ဆန်ဆန် ပြုမူလာပါက ပြည်သူများ လက်ခံလိမ့်မည် မဟုတ်ပေ။ အတွေးအခေါ်ပိုင်းဆိုင်ရာ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ လူ့အခွင့်အရေးစံနှုန်းများ ဖြစ်သည့် အားလုံးပါဝင်နိုင်ရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေးနှင့် ခွဲခြားဆက်ဆံမှု မရှိခြင်းတို့သည် နွေဦးတော်လှန်ရေး၏ အခြေခံအစုအဖွဲ့များ ဖြစ်သည်။ လူ့အခွင့်အရေးစံနှုန်းများအပေါ် အခြေခံထားသည့် လူ့အဖွဲ့အစည်း အသွင်ကူးပြောင်းရေးသည် ဖြစ်နိုင်ခြေရှိသည်ကို မြန်မာပြည်သူများ နိုင်ငံရေးအသိ နိုးကြားလာအောင် နွေဦးတော်လှန်ရေးက ပံ့ပိုးပေးခဲ့သည်။ သို့သော် လက်တွေ့လုပ်ဆောင်ချက်နှင့် စည်းလုံးညီညွတ်မှုအပေါ် ထားရှိသော ကတိကဝတ်များကို ခိုင်ခိုင်မြဲမြဲ ဖက်တွယ်ထားမှသာလျှင် ယင်းသည် လက်တွေ့ကျမည်ဖြစ်သည်။
ဤအချိန်ကာလတွင် အတွေးအခေါ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ထင်ရှားပေါ်လွင်စေသော လုပ်ဆောင်ချက်များထဲမှ တခုမှာ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည် ရိုဟင်ဂျာများ၏ လူမျိုးရေးလက္ခဏာနှင့် အသက်ရှင်ပိုင်ခွင့်အပေါ် အလွန်နှောင့်နှေးကြန့်ကြာနေသော အသိအမှတ်ပြုမှုပင် ဖြစ်သည်။ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ၂၀၁၇ လူမျိုးတုံး သတ်ဖြတ်မှုသည် ဆွေစဉ်မျိုးဆက် နှိပ်စက်ညှဉ်းပန်းခံလာခဲ့ရသော ဖြစ်ရပ်များ၏ နောက်ဆက်တွဲဖြစ်ပြီး ဤတော်လှန်ရေးကြီးက ဖြိုချဖျက်သိမ်းရန် ဦးတည်လုပ်ဆောင်နေသည့် တခုတည်းသော စစ်တပ်က ကျူးလွန်ခဲ့သည် ဆိုသည်ကို ၎င်းတို့က အသိအမှတ်ပြုသည်။ ထို ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုအပေါ် သွေးစည်းညီညွတ်မှုနှင့် ပံ့ပိုးကူညီမှုများ မရှိခဲ့ခြင်းအတွက် ရိုဟင်ဂျာများအား တောင်းပန်ရန်၊ အရပ်ဘက်အဖွဲ့အစည်းများကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်ရန်နှင့် ပြည်သူ့အစိုးရထဲတွင် ရိုဟင်ဂျာ ကိုယ်စားပြုမှု ရှိလာစေရေး စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ တောင်းပန်ရန် ကြိုးပမ်းလုပ်ဆောင်ခြင်းသည် ရိုဟင်ဂျာများ ရင်ဆိုင်ခဲ့ရသည့် အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းသော ဖိနှိပ်ညှဉ်းပန်းမှုများနှင့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်မှု မရှိသည်မှာ ထင်ရှားပေါ်လွင်နေသည်။ သို့သော် ယင်းမှာ ပထမခြေလှမ်းတခု ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုသို့သော အမှားများကို ထပ်မံ မဖြစ်ပွားစေရေး အာမခံချက်နှင့်အတူ မိမိတို့၏ မှားယွင်းသော လုပ်ရပ်များကို လက်ခံပြီး ဝန်ချတောင်းပန်ခြင်းသည် ယုံကြည်မှုနှင့် ယုံကြည်ကိုးစားနိုင်မှုအပေါ် အခြေခံသည့် စစ်မှန်သော ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် အဓိကသော့ချက် ဖြစ်သည်။ လူမှုအသိုင်းအဝိုင်းအဆင့်တွင် လူမျိုးရေးနှင့် ကျား-မ တန်းတူညီမျှမှု၊ တရားမျှတမှု၊ တာဝန်ယူမှု တာဝန်ခံမှုများနှင့်အတူ အားလုံးပါဝင်နိုင်မှုရှိသော နိုင်ငံသစ်အတွက် အခြေခံအုတ်မြစ် ချမှတ်ရာတွင် ဖယ်ကြဉ်ခံထားရသော အုပ်စုများ၏ ထင်သာမြင်သာရှိသော ကိုယ်စားပြုမှုနှင့် ဦးဆောင်မှုများ ပါရှိရမည်။
အမျိုးသမီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍ
၁၉၈၈ လူထုလှုပ်ရှားမှုနှင့် နွေဦးတော်လှန်ရေးကြား အကြီးမားဆုံး ကွာခြားချက်မှာ အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ကိုယ်စားပြုမှုပင် ဖြစ်သည်။ လက်ရှိလှုပ်ရှားမှုကြီး စတင်ချိန်ကတည်းက ယင်းအချက်သည် နိုင်ငံရေးအသိ တစိတ်တပိုင်း ဖြစ်ခဲ့သော်လည်း အခြားတဖက်တွင်မူ မိမိ၏ ခေတ်ကာလအချိန်က အမျိုးသမီးများသည် ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် နေရာများတွင် ပါဝင်ခွင့်မရဘဲ ဘေးဖယ်ခံခဲ့ရသည်။ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ မိမိတို့ ပြည်ပတွင် လှုပ်ရှားနေချိန်နှင့် နိုင်ငံတံခါးပွင့်ချိန် ၁၀ နှစ်တာ ကာလများတွင် လူ့အခွင့်အရေးသင်တန်းများ၊ ကျား-မ တန်းတူညီမျှရေးဆိုင်ရာ အသိပညာပေးမှုများ၊ နိုင်ငံရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် အမျိုးသမီးဝါဒဆိုင်ရာ အသိပညာပေးမှုများ အများအပြားရှိခဲ့ပြီး ယင်းသည် တိုင်းပြည်၏ နိုင်ငံရေးအသိစိတ်ကို ပြောင်းလဲပေးခဲ့ပြီး နွေဦးတော်လှန်ရေးအတွက်လည်း သိသာထင်ရှားသော အထောက်အကူများ ဖြစ်ခဲ့သည်။ ယခင်က မိမိတို့ အမျိုးသမီးများသည် နိုင်ငံရေးတွင် ပါဝင်သင့် ပါဝင်ထိုက်သော ပူးပေါင်းပါဝင်နိုင်မှုများ မရရှိခဲ့ဘဲ မိသားစုဝင်များနှင့် မိတ်ဆွေအသိုင်းအဝိုင်းများမှလည်း ထောက်ခံပံ့ပိုးမှု မရှိခြင်းနှင့် ပြစ်တင်ဝေဖန်ခြင်း စသည့် ဖိအားများစွာကို ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း နွေဦးတော်လှန်ရေးတွင်မူ လုပ်ဖော်ကိုင်ဖက် အမျိုးသားများ အပါအဝင် မိတ်ဆွေအသိုင်းအဝိုင်းများမှ ပံ့ပိုးကူညီမှုများ ပိုမိုရှိလာသည်ကို တွေ့ရှိရပြီး ယင်းသည် လူမှုအပြောင်းအလဲတခုကို ညွှန်ပြနေသည်။
နွေဦးတော်လှန်ရေးတွင် ဖြစ်ပေါ်လာသည့် ဝေဖန်ပိုင်းခြား တွေးခေါ်မှုဆိုင်ရာ နောက်ထပ် ဥပမာတခုမှာ ‘ထဘီတော်လှန်ရေး’ ဖြစ်သည်။ အမျိုးသမီးဝတ်ဆင်သော ထဘီများကို လုံခြုံရေး အတားအဆီးများ ဖန်တီးရန် တပ်ဦးအလံများအဖြစ် အသုံးပြုခဲ့ကြပြီး လူငယ်အမျိုးသားများကလည်း အမျိုးသမီးများ၏ စွမ်းအားကို ဖော်ညွှန်းသည့် သင်္ကေတအဖြစ် ထဘီများကို ခေါင်းပေါင်း ပေါင်းခဲ့ကြသည်။ ရှေးကျသော မျိုးဆက်အများစုက ယောကျ်ားများတွင် ဘုန်းတန်ခိုးရှိသည်ဆိုသော အယူအဆကို ဆက်လက် ကိုင်စွဲထားသော်လည်း ထိုအတွေးအခေါ်ကို လူငယ်အမျိုးသားများက လိုလိုလားလား ပြောင်းလဲချင်ကြသည်။ ဆန္ဒပြပွဲများ စတင်ချိန်ကတည်းက အမျိုးသမီးများ၏ ပုံရိပ်နှင့် ခေါင်းဆောင်မှုများကို လက်ခံ အသိအမှတ်ပြုခဲ့ကြသည်။ ကျား-မ အခြေပြု စံသတ်မှတ်ချက်များနှင့် ဓလေ့ထုံးတမ်းများကို စိန်ခေါ်ခြင်းဖြင့် ပြည်သူများသည် ပေါင်းစပ်အင်အားနှင့် မဟာဗျူဟာများကို အမိအရအသုံးချကာ မိတ်ဖက်နှင့် မဟာမိတ်ဖွဲ့စည်းမှု ပုံစံအသစ်များကို ဖန်တီးနိုင်ခဲ့သည်။
ခိုင်မာအားကောင်းသော အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ကျန်းမာရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြည်သူ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားများ၊ ကျောင်းသားများနှင့် ရဲနှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ အပါအဝင် လူပေါင်း ၄ သိန်းကျော် ပါဝင်လာခဲ့သည်။ ဗဟိုချုပ်ကိုင်ထားသော အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး ယန္တရားများနှင့် ဝန်ကြီးဌာနများသည် ဤသို့သော မရှိမဖြစ်လိုအပ်သည့် လုပ်သားအင်အားနှင့် ပံ့ပိုးကူညီမှုများ မရှိဘဲ လုပ်ငန်းများ လည်ပတ်နိုင်မည် မဟုတ်ပေ။ ကဏ္ဍပေါင်းစုံမှ ပြည်သူ့ဝန်ထမ်းများသည် စစ်တပ်လက်အောက်တွင် တာဝန်ထမ်းဆောင်ရန် ဆက်လက်ငြင်းဆန်နေသည့် တချိန်တည်းတွင် စစ်တပ်မှထိန်းချုပ်ရန် ကြိုးပမ်းနေသည့် လုပ်ငန်းလည်ပတ်နိုင်စွမ်းနှင့် အထူးသဖြင့် ဗဟိုစနစ်၏ တရားဝင်မှုကို အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုက ထိရောက်စွာ ကန့်သတ်ပိတ်ပင်ထားနိုင်သည်။ စစ်တပ်၏ ဗဟိုစနစ်ကို ကျားကန်ပေးထားသော မဏ္ဍိုင်များ အားပျော့သွားခြင်းသည် လက်နက်ကိုင်တော်လှန်ရေးဖြင့် မြို့၊ ရွာများကို သိမ်းပိုက်ခြင်းကဲ့သို့ ထင်သာမြင်သာ မရှိသော်လည်း ယင်းသည် စစ်တပ်မှ တနိုင်ငံလုံးကို မထိန်းချုပ်နိုင်အောင် ပိတ်ပင်တားဆီးရာတွင် အခရာကျသကဲ့သို့ ဆယ်စုနှစ် များစွာကြာ စစ်တပ်မှ အာဏာချုပ်ကိုင်ထားမှုကို ဖြိုချဖျက်သိမ်းရေး ကြိုးပမ်းရာတွင်လည်း တော်လှန်ရေးအတွက် သိသာထင်ရှားသော တွန်းအားတခုအဖြစ် ဆက်လက်တည်ရှိနေသည်။
အစားထိုးစနစ်များ အားကောင်းစေခြင်း
အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု မဟာဗျူဟာ အားသာချက်၏ အဓိကသော့ချက်မှာ ဤတော်လှန်ရေးတွင် ဘက်စုံကျွမ်းကျင်မှုနှင့် အတွေ့အကြုံရင့်ကျက်သော ပြည်သူ့ဝန်ထမ်းများ ပါဝင်လာပြီး အစားထိုး ဆောင်ရွက်နိုင်သည့် စင်ပြိုင်အုပ်ချုပ်ရေးစနစ်များကို ထူထောင်ရာတွင် ပံ့ပိုးကူညီပေးနေခြင်းပင် ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသည် ၎င်းတို့ နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်များ ရှိနှင့်နေပြီး ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် မရှိမဖြစ်လိုအပ်သော အခြေခံကျသည့် ဝန်ဆောင်မှုများကို ဆယ်စုနှစ်များစွာကတည်း အတိုင်းအတာတခုထိ လုပ်ဆောင်နေခဲ့ပြီး ဖြစ်သည်။ ယခု အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွင် ဗဟိုစနစ်၏ အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့ကြပြီး လက်ရှိ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသော သူများထဲတွင်လည်း တိုင်းရင်းသားလူမျိုးစု အများအပြား ပါဝင်နေသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် နိုင်ငံ၏ အစွန်အဖျားဒေသများတွင် ပိုမိုအားကောင်းစွာ လည်ပတ်နိုင်ရေးအတွက် လုပ်သားအင်အားများစွာ ရှိနေသည်။ နိုင်ငံအလယ်ပိုင်းတွင် အစားထိုးအုပ်ချုပ်ရေးစနစ်များ ထူထောင်နိုင်ရေးနှင့် တိုင်းရင်းသားဒေသများတွင် ထူထောင်ထားပြီးသော ဖွဲ့စည်းတည်ဆောက်မှုများတွင် ပါဝင်လုပ်ဆောင်နေကြသည့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု၏ ကြိုးပမ်းအားထုတ်မှုများသည် စစ်မှန်သော ဖက်ဒရယ်စနစ်အောက်တွင် ခိုင်မာအားကောင်းသော ဒေသန္တရအုပ်ချုပ်ရေးများ လည်ပတ်နိုင်ပုံကို ဖော်ပြနေသည်။
ညှိနှိုင်းဖော်ဆောင်သော တွန်းလှန်မှု
မဟာဗျူဟာမြောက်ပြီး ညှိနှိုင်းဆောင်ရွက်မှုရှိသော ခုခံတွန်းလှန်မှုသည် ဗဟိုစစ်အာဏာရှင်စနစ် ပြိုကွဲစေနိုင်မည် ဖြစ်သည်။ ကဏ္ဍအသီးသီးမှ ပြည်သူ့ဝန်ထမ်း လုပ်သားအင်အားများ ထွက်ခွာသွားခြင်းသည် စစ်တပ်၏ ဗဟိုဖွဲ့စည်းမှုများကို များစွာ အင်အားချည့်နဲ့သွားစေပြီး တချိန်တည်း၌ပင် စင်ပြိုင်စနစ်များ ထူထောင်ရာတွင်လည်း ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများက အထောက်အကူပေးခဲ့ပြီး လူထုလှုပ်ရှားမှုကြီးကို ပိုမိုအားကောင်းစေခဲ့သည်။ အလားတူစွာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း နိုင်ငံတဝန်း ထိုးစစ်ဆင်မှုများကို ညှိနှိုင်းတိုင်ပင် ဖော်ဆောင်ခဲ့ကြသည့်အတွက် စစ်တပ်နှင့် ၎င်း၏ ဗဟိုစနစ်ချုပ်ကိုင်မှုစနစ်များကို ပိုမိုအားလျော့လာစေခဲ့သည်။ ဒေသအလိုက် ပူးပေါင်းဆောင်ရွက်မှုရှိသည့် ကြိုးပမ်းအားထုတ်မှုများကြောင့် မြို့ပြနှင့် ကျေးရွာများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်မှ ဆုတ်ခွာခြင်း သို့မဟုတ် လက်နက်ချ အညံ့ခံခြင်းများသည် မကြုံစဘူးသော အနေအထားသို့ ရောက်ရှိလာခဲ့သည်။ တချိန်တည်း၌ပင် နိုင်ငံတကာမှ သွေးစည်းညီညွတ်မှုနှင့် လူထုလှုပ်ရှားမှုအတွက် ထောက်ခံအားပေးမှုများ ရရှိရန်၊ နိုင်ငံတကာဥပဒေနှင့်အညီ မြန်မာစစ်တပ်မှ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးအတွက် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန်၊ ဒေသန္တရအုပ်ချုပ်ရေးများ ပိုမိုအားကောင်းလာစေရန်၊ ဝန်ဆောင်မှုပေးရေးဆိုင်ရာ အကူအညီများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရန်အတွက် စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများသည် အဓိကအခန်းကဏ္ဍများတွင် ပါဝင်လုပ်ဆောင်နေကြသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများသည်လည်း လူထုလှုပ်ရှားမှုကို ထောက်ခံရေး မူဝါဒဆိုင်ရာ ပြောင်းလဲမှုများ လုပ်ဆောင်ရန် ၎င်းတို့ရောက်ရှိနေသည့် သက်ဆိုင်ရာနိုင်ငံများရှိ အစိုးရများထံ စည်းရုံးလှုံ့ဆော်ခြင်းများ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက် ရန်ပုံငွေများကို များစွာ ပံ့ပိုးကူညီပေးခဲ့ကြသည်။
နွေဦးတော်လှန်ရေးကြီးသည် ကြောက်ခမန်းလိလိ အင်အားကြီးထွားလာပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ အပြောင်းအလဲ ဖြစ်နိုင်ခြေသည်လည်း လက်တကမ်းအလိုသာ ကျန်တော့သည်။ သို့သော် ဤအင်အားများကို စစ်မှန်သော အပြောင်းအလဲအတွက် အထောက်အကူပြု ကိရိယာအဖြစ် စနစ်တကျ အသုံးချနိုင်စွမ်း မရှိပါက လက်ရှိ အခင်းအကျင်းတွင် ရှိနေသည့် အဆီအငေါ်မတည့် ဖြစ်နေမှုများသည် ‘ဘေးအန္တရာယ်’ အဖြစ်သို့ ဦးတည်သွားနိုင်မည် ဖြစ်သည်။ ယင်းဘေးအန္တရာယ် ဖြစ်လာနိုင်ခြေ အလားအလာနှင့် အပြုသဘောဆောင်သော အကြံပြုချက်များကို ဆက်လက်ဖော်ပြသွားမည်။
အဆီအငေါ်မတည့် ဖြစ်နေမှုများက မည်သို့ ဘေးအန္တရာယ် ဖြစ်လာနိုင်သလဲ
ခေါင်းဆောင်များ၏ ‘ခေါင်းဆောင်မပါသော’ လှုပ်ရှားမှု
နွေဦးတော်လှန်ရေးသည် ခေါင်းဆောင်မပါသော လှုပ်ရှားမှုဖြစ်သည်ဟု ကြွေးကြော်ထားသည်။ ဤသို့ ခေါင်းဆောင်မပါသည့် လှုပ်ရှားမှုသည် အာဏာနှင့် ရာထူးစဉ်စနစ်ကို ဆန့်ကျင်သည့် အယူအဆအပေါ် အခြေခံသောကြောင့် ပိုမိုအားကောင်းသော ကိုယ်စားပြုပါဝင်မှုအတွက် အထူးသဖြင့် အစဉ်အလာအရ ဖယ်ကြဉ်ခံလာခဲ့ရသော အုပ်စုများ၏ ကိုယ်စားပြု ပါဝင်မှုအတွက် လမ်းဖွင့်ပေးနိုင်သည်။ သို့သော် အာဏာအရွေ့ ဖြစ်ပေါ်နေသည့် အရေးကြီးသော အချိန်ကာလတွင် ‘ညှိနှိုင်းဆောင်ရွက်မှုရှိသော ပူးပေါင်းခေါင်းဆောင်မှု မလိုအပ်သလော’ ဟူသည်ကို လှုပ်ရှားမှုကြီးက မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ရန် လိုအပ်သည်။
သက်ဆိုင်ရာ အုပ်စုများနှင့် အစုအဖွဲ့များ၊ အထူးသဖြင့် စစ်ရေးအာဏာရှိသည့် အစုအဖွဲ့များ အမြောက်အမြား ပါဝင်နေသည့် အခင်းအကျင်းတွင် ခေါင်းဆောင်မပါသော လှုပ်ရှားမှု ဆိုသည်မှာ အနှစ်သာရအားဖြင့် အဖွဲ့အသီးသီးတွင် ရှိနေသည့် ခေါင်းဆောင်များသည် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ သို့မဟုတ် စုပေါင်းခေါင်းဆောင်မှုများ ကင်းမဲ့နေသည်ဟုလည်း အဓိပ္ပာယ်သက်ရောက်သည်။ စုပေါင်းခေါင်းဆောင်ခြင်းသည် ပန်းတိုင်ကိုရောက်ရန် အားထုတ်နေသော လှုပ်ရှားမှုကြီးအတွက် အရှိန်အဟုန်နှင့် သြဇာအရှိန်အဝါကို တိုးမြင့်စေနိုင်သည်။ သို့သော် မဟာဗျူဟာကျသော ညှိနှိုင်းဆောင်ရွက်မှု မရှိသည့် လှုပ်ရှားမှုသည် တိုးတက်မှု တစုံတရာ ဖြစ်ထွန်းလာမည်မဟုတ်ဘဲ ဒုံရင်းအခြေအနေကို ပြန်ရောက်နိုင်သည်။
အာဏာကို ပြည်သူများထံ လွှဲပြောင်းပေးရမည့်အစား စစ်တပ်က ဆက်လက်ချုပ်ကိုင်ထား
မြန်မာပြည်သူများသည် ၁၉၈၈ ခုနှစ်မှစ၍ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ နွေဦးတော်လှန်ရေးကို ထောက်ပိုးပေးထားသော လူမှုအပြောင်းအလဲကြီးကို စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ လက်နက်ကိုင် တော်လှန်ရေးတခုသည် အကြမ်းမဖက်မှု သို့မဟုတ် နိုင်ငံရေးအန်တုမှု ကဲ့သို့သော အခြားနည်းလမ်းများကို အသိအမှတ်မပြုဘဲ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရန် လက်နက်ကိုင် တော်လှန်ရေးသည်သာ အဓိကနည်းလမ်း ဖြစ်သည်ဟု တော်လှန်ရေး ခေါင်းဆောင်များက ရှုမြင်သည့်အချိန်တွင် ‘ဘေးအန္တရာယ်’ ဖြစ်လာနိုင်သည်။ ၎င်းတို့က အများပြည်သူနှင့်ဆိုင်သော ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများအတွက် ၎င်းတို့၏အာဏာကို အပြန်အလှန် ထိန်းကျောင်းပေးသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ အရေးပါသော အခန်းကဏ္ဍကို အရေးမထားလောက်ဟု သဘောထားပြီး လျစ်လျူရှုနိုင်သည်။ ထိုအခါ ဒီမိုကရေစီစံနှုန်းများကို လက်ခံယုံကြည်သော အသွင်ပြောင်းလူ့အဖွဲ့အစည်း ဖြစ်ရမည့်အစား စစ်အာဏာရှင်စနစ် သို့မဟုတ် အာဏာရှင်ဆန်သော အုပ်ချုပ်မှု ဆက်လက် ဖြစ်တည်နေမည့် အန္တရာယ် ရှိနေသည်။
လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များ အနေဖြင့် ဗဟိုစစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာတွင် ပြည်သူများ၏ ပြင်းပြသောဆန္ဒများကို ရရှိရန် ၎င်းတို့၏ပန်းတိုင်ကို မျက်ခြည်မပြတ် ထားရှိရန် လိုအပ်ပြီး အရပ်သားပြည်သူများကိုလည်း အုပ်ချုပ်ရေး ဗဟိုချက်မတွင် ထားရှိရန် မရှိမဖြစ် လိုအပ်ပေသည်။ လွန်ခဲ့သော ၃ နှစ်တာ ကာလပတ်လုံး နွေဦးတော်လှန်ရေး လူငယ်များ အခိုင်အမာ တောင်းဆိုခဲ့သည့်အတိုင်း မည်သည့်အာဏာရှင်စနစ်ကိုမဆို တွန်းလှန်တိုက်ဖျက်ရန် ရည်မှန်းချက်ထားရှိသည့် လူထုလှုပ်ရှားမှုကြီးအတွက် အလွန်ရေးကြီးသည်မှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အနေဖြင့် အုပ်ချုပ်ရေးယန္တရားများ၏ အခန်းကဏ္ဍကို မယူဘဲ ယင်းအစား အရပ်သားအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထူထောင်ရေးနှင့် အကာအကွယ်ပေးရေးတို့အတွက် ပံ့ပိုးကူညီမှုပေးရန် ဖြစ်သည်။ ယင်းသည် ပမာဏသေးငယ်သော်လည်း မိမိတို့ မျှော်မှန်းထားသော လူမှုအသွင်ကူးပြောင်းရေး အောင်မြင်မှုဆီသို့ ဦးတည်သည့် အရေးပါသော မရှိမဖြစ်လိုအပ်သော အရွေ့အပြောင်းတခု ဖြစ်သည်။ မိမိတို့သည် အခြားသော စစ်အစိုးရများကို ဖွဲ့စည်းရန်အတွက်သက်သက် မြန်မာစစ်တပ်ကို ရှင်းလင်းဖယ်ရှားလိုက်သည့် အခြေအနေမျိုး အဖြစ်ခံ၍ မရပါ။
ဤသည် ဖက်ဒရယ်ဒီမိုကရေစီနစ်၏ ဒီမိုကရေစီ အစိတ်အပိုင်းတခု ဖြစ်သည်။ မြန်မာစစ်တပ်က တိုင်းပြည်ကို လုံးဝမထိန်းချုပ်နိုင်တော့သည့် အနေအထားသို့ ရောက်ရှိလာသည့်အချိန်တွင် အရပ်ဘက်အဖွဲ့အစည်းများသည် နိုင်ငံရေးအစုအဖွဲ့များ၊ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အဖွဲ့အစည်းများအပေါ် အပြန်အလှန် ထိန်းကျောင်းမှုပေးသည့် ၎င်းတို့၏ အခန်းကဏ္ဍကို ဆက်လက် ဖြည့်ဆည်းဆောင်ရွက်နေသည့် တချိန်တည်းတွင် ပြည်သူလူထုအတွက် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် လူမှုရေး ဝန်ဆောင်မှုစနစ်များ ထူထောင်ရာတွင် ပံ့ပိုးကူညီရန် မရှိမဖြစ် လိုအပ်သည်။
ဒီမိုကရေစီအလေ့အထများ ခိုင်မာအားကောင်းအောင် တည်ဆောက်ရန် လိုအပ်ချက်
ခေါင်းဆောင်မှုကင်းမဲ့သော လှုပ်ရှားမှု၏ အားနည်းချို့ယွင်းချက်မှာ အောက်ခြေမှစတင်၍ ဒီမိုကရေစီတည်ဆောက်ရေး လုပ်ဆောင်ရာတွင် လက်တွေ့အားဖြင့် ဒီမိုကရေစီစနစ် မရှိခြင်းပင် ဖြစ်သည်။ နွေဦးတော်လှန်ရေး ၃ နှစ်ခွဲကျော် အချိန်ကာလသို့ ရောက်ရှိလာစဉ် တော်လှန်ရေးအင်အားစုများ (လက်နက်ကိုင် (သို့) လက်နက်ကိုင်မဟုတ်သော တော်လှန်ရေးအင်အားစုများ) သည် ဒီမိုကရေစီကျင့်စဉ်အတွက် လိုအပ်သော အင်စတီကျူးရှင်းများ သို့မဟုတ် လူမှုအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုလုပ်ဆောင်ခဲ့မည်ဆိုလျှင် လှုပ်ရှားမှုကြီး ပိုမိုအားကောင်းလာမည် ဖြစ်သည်။ ထိရောက်သောနည်းလမ်းဖြင့် ရှေ့သို့ ဆက်လက်ချီတက်နိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေများ၊ ရွေးကောက်ပွဲနှင့် ကိုယ်စားပြုမှုများ၊ ကျင့်ဝတ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အခြေခံမူများ စသည့် ဒီမိုကရေစီ အခြေခံအုတ်မြစ်များ လိုအပ်သည်။
နွေဦးတော်လှန်ရေးသည် ပြည်သူကိုဗဟိုပြုသော ဒီမိုကရေစနစ်၏ စံနှုန်းများအပေါ် အခြေခံထားသော်လည်း အောက်ခြေမှ လက်တွေ့ကျသော ဆုံးဖြတ်ချက်ချခြင်းနှင့် ကိုယ်စားပြုမှုများအတွက် မည်သို့ ထိရောက်အောင် လုပ်ဆောင်မည်ဆိုသည့် နည်းစနစ်များက ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ပြည်သူများသည် ခေါင်းဆောင်မှု ဖွဲ့စည်းတည်ဆောက်ပုံ အောက်တွင် မနေချင်ကြသကဲ့သို့ ၎င်းတို့ ပူးပေါင်းပါဝင်မှုမရှိသော ၎င်းတို့ကိုယ်စား ချမှတ်သော ဆုံးဖြတ်ချက်များကိုလည်း မလိုက်နာချင်သည့်အတွက် ခေါင်းဆောင်မပါသော လှုပ်ရှားမှုများကို လိုလားကြသည်။ သို့သော် ထိုသို့ တရားဝင်ဖွဲ့စည်းတည်ဆောက်ပုံ မပါဘဲ အာဏာခွဲဝေမှုနှင့် အားလုံးပါဝင်နိုင်မှုအပေါ် အခြေခံသော ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွင် ဆုံးဖြတ်ချက်များ မည်သို့ချမှတ်ရမည်ကို သဘောတူချက် ရှိထားရန် အရေးကြီးသည်။ လက်ရှိ လှုပ်ရှားမှုကြီးသည် ဒီမိုကရေစီကျသော ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် အားလုံးပါဝင်နိုင်သော ကိုယ်စားပြုမှုကို အာမခံချက်ပေးရန်အတွက် ရှင်းလင်းတိကျသော ဖွဲ့စည်းတည်ဆောက်ပုံများနှင့် လုပ်ထုံးလုပ်နည်းများကို သဘောတူဖော်ဆောင်ရန် လိုအပ်သည်။ ယင်းသည် စုပေါင်းဦးဆောင်မှု၏ မျှော်မှန်းချက်များအပေါ် လှုပ်ရှားမှုကြီး၏ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုခွန်အားဖြစ်စေသည်။
အမျိုးသမီးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQIA) များ၏ စစ်မှန်သော ကိုယ်စားပြုမှုများ လိုအပ်ခြင်း
လက်တွေ့ မြေပြင် တော်လှန်ရေးနှင့် နိုင်ငံရေးတွင် အမျိုးသမီးများသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်နေကြသနည်း။ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုမှုများ ရှိလာသော်ငြားလည်း (ဥပမာအားဖြင့် အချို့သော အဖွဲ့အစည်းများတွင် အမျိုးသမီးငယ်များသည် ထိပ်တန်းခေါင်းဆောင်မှုတွင် တစိတ်တပိုင်း ပါဝင်လာသည်) ၎င်းတို့အနေဖြင့် တကယ်တမ်း ဆုံးဖြတ်ချက် ချမှတ်မှုများပေါ် မည်မျှလွှမ်းမိုးနိုင်ကြောင်းနှင့် ၎င်းတို့ရရှိထားသော နေရာများနှင့် ၎င်းတို့၏ ပူးပေါင်းပါဝင်မှုသည် တကယ်တမ်း မည်မျှအရေးပါကြောင်း ဆန်းစစ်မှုများပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။ အဆိုးဆုံး အခြေအနေမှာ အမျိုးသမီးများအား အခွင့်အာဏာမရှိသော ကိုယ်စားပြုမှု သင်္ကေတများအဖြစ် အသုံးချခြင်းပင်ဖြစ်သည်။ စစ်မှန်သော ပါဝင်မှုနှင့် ကိုယ်စားပြုမှုဖြစ်ရန် တန်းတူဆုံးဖြတ်ခွင့် အာဏာရှိရန် လိုအပ်သည်။ သို့သော် ယင်းသည် အမျိုးသမီးခေါင်းဆောင်များအတွက် အလှမ်းဝေးနေဆဲ ဖြစ်သည်။
အလားတူပင် လိင်စိတ်ခံယူမှု ကွဲပြားသူများ (LGBTQIA) များ၏ ပုံရိပ်များနှင့် ကိုယ်စားပြုမှုများသည် နွေဦးတော်လှန်ရေး၏ ဆန္ဒပြပွဲ အစောပိုင်းရက်နှင့် လများတွင် ထင်သာမြင်သာ ရှိခဲ့သော်လည်း ယခု ၃ နှစ်ခွဲ ကြာလာသည့်အချိန်တွင် LGBTQIA ပြည်သူများ၏ ပူပေါင်းပါဝင်မှုနှင့် အကြောင်းအရာများသည် တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ တော်လှန်ရေးတွင် LGBTQIA ၏ ပံ့ပိုးမှုများနှင့် ၎င်းတို့၏ အခွင့်အရေးများကို ဆတက်ထမ်းပိုး ကြိုဆိုလက်ခံခဲ့လင့်ကစား LGBTQIA တက်ကြွလှုပ်ရှားသူများသည် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ ထိပါးနှောင့်ယှက်မှုနှင့် လူမှုရေးအစွဲများ (Social stigma) အပါအဝင် စိန်ခေါ်မှုများစွာကို ဘဝနယ်ပယ်အသီးသီးတွင် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။
တော်လှန်ရေးအတွက်အလို့ငှာ မတရားမှုတွင် ကြံရာပါခြင်း
စစ်မှန်သော ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အကြီးမားဆုံး အတားအဆီးတခုမှာ တော်လှန်ရေး အကျိုးဖြစ်ထွန်းစေရန်နှင့် တိုးတက်စေရန်အတွက်ဟု ဆိုကာ မတရားမှုကို နှုတ်ဆိတ်နေကြသူများ ဖြစ်သည်။ ဖိနှိပ်မှုများ ရင်ဆိုင်နေကြရလင့်ကစား နှုတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် ပြည်သူများက မတရားမှုများကို ဆန့်ကျင်ပြီး လူသိရှင်ကြား ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုသည့်အခါ ၎င်းတို့အား တော်လှန်ရေးကို ဖျက်လိုဖျက်ဆီးလုပ်သူများ သို့မဟုတ် နှောင့်နှေးကြန့်ကြာအောင် လုပ်သူများဟု တံဆိပ်ကပ်ပြီး ပြစ်တင်ဝေဖန် ရှုတ်ချကြသည်။ သို့သော် ထိုသို့ ရေငုံနှုတ်ပိတ်နေခြင်း သို့မဟုတ် ယင်းအသံများကို နှုတ်ဆိတ်စေရန် ကြိုးပမ်းခြင်းဖြင့် တော်လှန်ရေးကြီးသည် ၎င်း၏ရည်ရွယ်ချက်များမှ သွေဖည်သွားပြီး အများ၏ ယုံကြည်ကိုးစားမှုကို ဆုံးရှုံးစေသည်။
အတိုက်အခံများ၏ အသံများကို နှုတ်ဆိတ်စေရန် ကြိုးပမ်းသည့် အဖြစ်အပျက်မျိုးသည် အတိအကျဆိုရလျှင် ၂၀၁၇ ခုနှစ်တွင်လည်း ဖြစ်ခဲ့ဖူးပြီး ထိုလုပ်ရပ်များက ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်ရေး လှုံ့ဆော်မှုများဖြစ်အောင် တွန်းပို့ခဲ့သည်။ ထိုသို့ လူသားမဆန်သော အကြမ်းဖက်မှုများအပေါ် လူသိရှင်ကြား ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုခဲ့သည့် မိမိတို့ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အနှောင့်အယှက်ပေးနေသူများဟု ပြောဆိုခဲ့သည်။ မိမိတို့ကို ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးနေသူများဟု မိတ်ဆွေများက တံဆိပ်ကပ်ကာ အမျိုးသားသစ္စာဖောက်များ၊ တတိယအုပ်စုများဟု ကင်ပွန်းတပ်ခဲ့ကြသည်။
ယခုဆိုလျှင် အခြေအနေအကြောင်းအရာများ ပြောင်းသွားပြီ ဖြစ်သည်။ သို့သော် ရလဒ်များက ပြောင်းလဲသွားမည် မဟုတ်ပါ။ ယခုအခါ တော်လှန်ရေး အဖွဲ့အစည်းများအတွင်း မိမိတို့ မျက်မြင်ကြုံတွေ့နေရသော မတရားမှုများနှင့် ဖိနှိပ်မှုများကို လူသိရှင်ကြား ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုလျှင် တော်လှန်ရေးကို ဖျက်လိုဖျက်ဆီး လုပ်သူများဟု တံဆိပ်ကပ်ခံရသည်။ ယင်းတွင် LGBTQIA နှင့် မသန်စွမ်းသူများကဲ့သို့ ဖယ်ကြဉ်ခံအုပ်စုများကို ဆက်လက် ချန်လှပ်ထားခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများ အပါအဝင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုနှင့် ချိုးဖောက်မှုများ၊ လှုပ်ရှားမှုအတွင်း လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါ (Gender) အခြေပြု အကြမ်းဖက်မှုများ ပါဝင်သည်။ မတရားမှုကို ဆန့်ကျင်ပြောဆိုခြင်းကို တော်လှန်ရေးကို ပျက်ပြားစေရန် လုပ်ဆောင်သည်ဟု ရှုမြင်ပါက မည်သို့သော လူ့ဘောင်အဖွဲ့အစည်းကို မိမိတို့ ကြိုးစားတည်ဆောက်ကြမည်နည်း။
တန်းတူညီမျှမှု၊ သာတူညီမျှမှု၊ တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု စသည့် အခြေခံမူများနှင့် ပြည့်စုံသည့် ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုကို တည်ဆောက်မည်ဟု တော်လှန်ရေးကြီးက အခိုင်အမာ ကြွေးကြော်ထားသည့်တိုင် စစ်တပ်၏ လူမျိုးတုံး သတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သည့် ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းက ဆက်လက် ပစ်မှတ်ထားခံနေရချိန် မိမိတို့က ရေငုံနှုတ်ပိတ်နေရပါက သို့မဟုတ် အမျိုးသမီးနှင့် LGBTQIA များ လုံခြုမှုမရှိသေးဘဲ လှုပ်ရှားမှုများတွင် ခေါင်းဆောင်များအဖြစ် လေးစားမှု မခံရသေးပါက သို့မဟုတ် အဓိပ္ပာယ်ရှိသော အပြည့်အဝ ပူးပေါင်းပါဝင်မှုအတွက် ကတိကဝတ်များကို ဆက်လက်ဖြည့်ဆည်းနိုင်ခြင်း မရှိသေးပါက ထိုကြွေးကြော်ချက်များ အကောင်အထည် ပေါ်လာကြောင်း မိမိတို့က မည်သို့ အမှန်တကယ် မျက်မြင်သက်သေခံနိုင်မည်နည်း။ တော်လှန်ရေးသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အခြေခံမူများ၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည်။ သို့မဟုတ်ပါက ယင်းသည် လူမှုအသွင်ကူးပြောင်းရေးအတွက် တော်လှန်နေသည့် တော်လှန်ရေး မဟုတ်ပေ။
‘တည်ငြိမ်မှု’ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှု
နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံမှု ပြုလုပ်ခဲ့သည့် ၁၀ နှစ်တာကာလ (၂၀၁၁-၂၀၂၀) အတွင်း ကျရှုံးမှုများထဲမှ တခုမှာ စစ်တပ်၏ ‘အာဏာခွဲဝေမှု’ အစီအစဉ်ကို ကြိုဆိုထောက်ခံခဲ့ခြင်း ဖြစ်သည်။ ယင်းသည် တဖက်ရှိ စစ်တပ်နှင့် တခြားတဖက်ရှိ စစ်တပ်ကိုဆန့်ကျင်သော အတိုက်အခံအဖွဲ့များ (တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ သို့မဟုတ် နိုင်ငံရေးပါတီများ) ကြား တန်းတူရည်တူ ထိတွေ့ဆက်ဆံနိုင်သည့်နေရာ မည်သည့်အခါမှ ဖြစ်မလာခဲ့ပေ။ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေသား သို့မဟုတ် မည်ကာမတ္တဖြစ်သော နိုင်ငံရေးအာဏာများမှတဆင့် ထောက်ပံ့သော နိုင်ငံတကာ အလှူရှင်များ၏ ငွေကြေးများသည် လူနည်းစုနှင့် အတိုက်အခံအုပ်စုများကို ပိုမိုဖိနှိပ်ချုပ်ချယ်ရန်နှင့် ၎င်းတို့အား နှုတ်ဆိတ်စေရန်အတွက် စစ်တပ်အား ထောက်ကူပေးခဲ့သည်။ ယင်းသည် နှိပ်စက်ညှဉ်းပန်းခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းနှင့် စစ်ပုံသွင်းခြင်းများရှိသော အချုပ်အခြာအာဏာပိုင် ဗဟိုထိန်းချုပ်မှုစနစ်အား ဆက်လက်လည်ပတ်နိုင်ရန် စွမ်းဆောင်ပေးခဲ့သည်။
နိုင်ငံ၏ ဗဟိုစနစ်ကို လူများစုက ဆက်လက်စီမံကွပ်ကဲနေချိန်တွင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်သည် သို့မဟုတ် တည်ငြိမ်အေးချမ်းမှု ရှိနေသည်ဟု အများက ယူဆကြသည်။ မြန်မာနိုင်ငံတွင် ဗဟိုစနစ် ဆိုသည်မှာ စစ်တပ်ထိန်းချုပ်မှုပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် စစ်တပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရနှင့် အာဏာခွဲဝေမှု လုပ်ဆောင်ခဲ့ခြင်းကို မြန်မာနိုင်ငံ တည်ငြိမ်ရေးဟု ရှုမြင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံအားပေးခဲ့သည်။ စစ်တပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ခုစလုံးတွင် ဗမာလူမျိုးစု အများစုက လွှမ်းမိုးထားသဖြင့် ယင်း ‘တည်ငြိမ်မှု’ သည် ဗမာလူမျိုးစုများ၏ နိုင်ငံချုပ်ကိုင်မှုကို သက်တမ်းရှည်ကြာစေခဲ့ပြီး ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု လူနည်းစုများကြား ဗမာလူမျိုးကြီးဝါဒကို ပိုမိုတည်တံ့စေခဲ့သည်။ တည်ငြိမ်မှု (Stability) ဆိုသည်မှာ လူ့ဂုဏ်သိက္ခာ၊ လူသားလူခြုံမှုနှင့်အတူ တည်ငြိမ်သော ဘဝများနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ဆိုလိုသည်။ ယင်းသည် မျိုးဆက်တခုပြီးတခု အခွင့်အရေးများ၊ အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ငြင်းပယ်ခြင်းခံလာရသော ဖယ်ကြဉ်ခံ လူနည်းစု တိုင်းရင်းသား လူမျိုးများအတွက် အထူးအရေးတကြီး ကိစ္စရပ်တခု ဖြစ်သည်။ သို့သော် နိုင်ငံတကာက စွဲကိုင်ထားခဲ့သော တည်ငြိမ်အေးချမ်းမှု ပုံစံတွင် မတရားမှု၏ အခြေခံအကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းသည့် လူသားဗဟိုပြု အလေးထားဆောင်ရွက်မှု လုံးဝ ကင်းမဲ့နေခဲ့ပုံရသည်။
မည်သည့်နိုင်ငံတွင်မဆို အုပ်ချုပ်သူ လူတန်းစားသည် လူများစု ဖြစ်နေသည့်အခါ ၎င်းတို့သည် ဗဟိုစနစ်ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ထိရောက်စွာ လည်ပတ်စေရန် လိုအပ်ကြသည် သို့မဟုတ် လိုလားကြသည်။ သို့မှသာ ၎င်းတို့၏အာဏာ ဆက်လက်တည်မြဲမည် သို့မဟုတ် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။ ယင်းနောက် လူနည်းစုများ၏ မည်သည့် တော်လှန်ပုန်ကန်မှုများကိုမဆို အင်အားချည့်နဲ့သွားအောင် ၎င်းတို့လုပ်နိုင်သမျှ အရာအားလုံး ဥပမာအားဖြင့် အကျပ်ကိုင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အမြစ်ဖြတ်ချေမှုန်းခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးကိုသုံးပြီး လုပ်ဆောင်ကြမည်။ သို့သော် ၎င်းတို့၏ အာဏာကို အကြီးမားဆုံး ခြိမ်းခြောက်နေသူများကို ‘အာဏာခွဲဝေမှု’ (power sharing) ဟူသော မက်လုံးများ ပေးခြင်းဖြင့်လည်း လုပ်ဆောင်နိုင်သည်။
ယင်းအာဏာခွဲဝေမှုကို အစဉ်အလာနှင့်အညီ ‘ငြိမ်းချမ်းရေး’ ဟု အစွဲပြု ခေါ်ဝေါ်ထားသည်။ ၎င်းတို့က အာဏာခွဲဝေမှုရှိသည်ဟု လူတိုင်းကို သိမ်းသွင်းစည်းရုံးနိုင်လျှင် အပစ်အခတ် ရပ်စဲရေးကို ဖော်ဆောင်နိုင်သည်။ ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိသည်။ တည်ငြိမ်မှုသည် ချက်ချင်းဆိုသကဲ့သို့ နောက်တဆင့် ဖြစ်လာသည်။ အာဏာရှိသူများ၏ အမြင်တွင် ‘တည်ငြိမ်မှု’ ဟူသည် အနှစ်သာရအားဖြင့် ဆိုရလျှင် တော်လှန်ရေးလှုပ်ရှားမှု တိုက်ခိုက်ရေး စစ်သည်ဟောင်းများက လက်နက်ဖြုတ်သိမ်းရေး၊ တပ်အင်အား ဖြုတ်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး (Disarmament, demobilization and reintegration - DDR) ကဲ့သို့ ခုခံမှုရပ်တန့်ခြင်း၊ အရှုံးပေးခြင်းကို ဆိုလိုသည်။ စနစ်ကျသော ပြန်လည်တည်ဆောက်မှုနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အားလုံးက တန်းတူစုဆုံကာ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ အင်အားနည်းသူများဘက်က အရှုံးပေးကာ လူများစုက ထိန်းချုပ်ထားသော ဗဟိုယန္တရားအောက်ရှိ ‘ဥပဒေဘောင်’ အတွင်းသို့ ဝင်ရောက်ရေး စီမံထားသော တဖက်သတ်ဖြစ်စဉ်တခုသာ ဖြစ်သည်။ ဖိနှိပ်သောဗဟိုစနစ်အား ဆန့်ကျင်တွန်းလှန်မှုကို နှိပ်ကွပ်ထားသည့် ‘တည်ငြိမ်မှု’ ဟူသည် အခြေခံအားဖြင့် အင်အားကြီးသော လူများစုကိုသာ အကျိုးပြုသည်။ ၎င်းတို့က နိုင်ငံ၏ အချုပ်အခြာ အာဏာအောက်တွင် ဆက်လက်အုပ်ချုပ်နိုင်ပြီး တချိန်တည်း၌ပင် စနစ်တကျ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုများအတွက် လူနည်းစုများကို ဗဟိုစနစ်အောက်သို့ သွတ်သွင်းလိုက်သည်။
ဤသို့သော တည်ငြိမ်မှုပုံစံမျိုးသည် အနှစ်သာရအားဖြင့် ခုခံတွန်းလှန်မှုကို ချေဖျက်လိုက်ပြီး မတူညီသော ပုံစံမျိုးဖြင့် စေ့စပ်ညှိနှိုင်းမှုသို့ ဦးတည်သွားစေသည်။ ယင်းကိုပင် ၎င်းတို့က ‘တွေ့ဆုံဆွေးနွေးမှု’ (Dialogue) ဟု ခေါ်ဆိုကြပြီး ထိုဖြစ်စဉ်ထဲတွင် ၎င်းတို့သည် တော်လှန်ရေးကို အုပ်ချုပ်သူ လူတန်းစားနှင့် စေ့စပ်ဆွေးနွေးမှု ပြုလုပ်စေသည်၊ တော်လှန်ရေးကို စားပွဲဝိုင်းပေါ်သို့ သယ်လာကာ ဆွေးနွေးစေသည်၊ ညှိနှိုင်းစေသည်၊ အုပ်ချုပ်သူ လူတန်းစားက သတ်မှတ်ထားသည့် သို့မဟုတ် သဘောတူထားသည့်အတိုင်း တစုံတရာသော အာဏာခွဲဝေမှု အစီအမံများ ချမှတ်စေသည်။ သို့သော် ယင်းအခြေအနေသည် အာဏာခွဲခြမ်းစိတ်ဖြာမှု (power analysis) ကင်းမဲ့နေသည်။ တော်လှန်ရေးအဖွဲ့များသည် ယေဘုယျအားဖြင့် လူထုထောက်ခံမှုနှင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးများ ပါဝင်သော နယ်မြေထိန်းချုပ်မှု အာဏာများ ရှိသော်လည်း စစ်တပ်သည် တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှု ပုံစံများတွင် သြဇာအရှိန်အဝါရှိပြီး အထူးသဖြင့် တိုင်းပြည်၏ အချုပ်အခြာအာဏာကို အကြောင်းပြု၍ ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စစ်ရေးကိစ္စများတွင် သြဇာသက်ရောက်မှုများ ရှိနေသည်။ ညှိနှိုင်းအဖြေရှာမှု တခုကို အာဏာခွဲဝေမှု (power sharing) ဟု ခေါ်ဆိုသော်လည်း တကယ့်လက်တွေ့တွင်မူ အုပ်ချုပ်သူ လူတန်းစားသည် အဖွဲ့ငယ်လေးများကို တစုံတရာ ကမ်းလှမ်းမှုပေး၍ ကြိုးကိုင်ခြယ်လှယ်လိုက်နိုင်သည့် အခွင့်အာဏာ ရှိနေသည်။
မြန်မာနိုင်ငံ၏ ‘တည်ငြိမ်မှု’ ကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှုမြင်ပုံသည် ဗဟိုချုပ်ကိုင်ထားသော မြန်မာနိုင်ငံကို ကုလသမဂ္ဂနှင့် အာဆီယံကဲ့သို့ နိုင်ငံတကာ ယန္တရားများ၏ အစိတ်အပိုင်းအဖြစ် နဂိုရှိမြဲအတိုင်း ဆက်လက်ထိန်းသိမ်းထားနိုင်မှုအပေါ် များစွာမူတည်နေသည့်ပုံ ပေါ်သည်။ ထိုအယူအဆကို ပြောင်းလဲရမည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကွဲပြားစုံလင်သော အသိုက်အဝန်းများသည် တန်းတူလှုပ်ရှားမှုများ (Horizontal movements) မှတဆင့် အမျိုးသားတိုင်းပြည်ကို တည်ဆောက်နေကြပြီး ၎င်းတို့၏ အတူတကွ လာရောက်စုဆုံမှုကို ၎င်းတို့ကြားရှိ ဘုံမျှော်မှန်းချက် (Common vision) နှင့် သဘောတူညီမှုများက အဆုံးအဖြတ် ပေးသွားလိမ့်မည်။ ယင်းကို ကြိုဆိုထောက်ခံရမည် ဖြစ်သည်။
သမိုင်းအစဉ်အလာအရ ဘိုးပွားပိုင်နယ်မြေနှင့် ကိုယ်ပိုင်တိုင်းပြည်များ ရှိခဲ့ကြပြီး အနာဂတ်တွင် အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ဆက်လက်အဖြေရှာရန် လိုအပ်နေသည့် မတူညီသော တိုင်းရင်းသားလူမျိုးစု အမျိုးမျိုးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စီမံအုပ်ချုပ်ရေး ယန္တရားများကို တည်ဆောက်လာခဲ့ကြကာ အခြေအနေအတော်များများတွင် ၂၀၂၁ ခုနှစ် မတိုင်မီကတည်းက ကာလရှည်ကြာ ရှိလာခဲ့သော အုပ်ချုပ်ရေးယန္တရားများကို ခိုင်မာအားကောင်းအောင် ပြန်လည်မွမ်းမံနေကြသည်။ ထို့ပြင် ၎င်းတို့၏ လက်တွေ့မြေပြင် အနေအထားသည် လက်ရှိ မြန်မာနိုင်ငံမြေပုံ သို့မဟုတ် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့်လည်း ဆက်နွှယ်မှုမရှိပါ။ ၎င်းတို့သည် နောင်မျိုးဆက်များစွာတိုင်အောင် ဆက်လက်စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်သဘာဝ အရင်းအမြစ်များ ရှိကြပြီး ကိုယ်တိုင် အုပ်ချုပ်နိုင်စွမ်းလည်း ရှိကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူများစု ပြည်သူများက လူနည်းစုများ၏ ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်ခဲ့ဖူးသည့် သမိုင်းကြောင်းနှင့် လက်ရှိကာလ လိုအပ်ချက်များကို အသိအမှတ်ပြုကာ အတူတကွ ယှဉ်တွဲနေထိုင်ရေးအား လက်ခံမှု၊ လေးစားမှုနှင့် အသိအမှတ်ပြုမှု ပေးလာအောင် လက်ရှိ ပကတိ အခြေအနေများသည် တွန်းပို့နေသည်။
လတ်တလော အဆီအငေါ်မတည့်ဖြစ်နေမှုများကို ဘေးအန္တရာယ်သို့ ဦးတည်နိုင်ခြေအစား အခွင့်အလမ်း ဖြစ်စေမည့်လမ်းကို မိမိတို့ မည်သို့ ရွေးချယ်ကြမလဲ။
လက်ရှိကာလသည် အဆီအငေါ်မတည့် ဖြစ်နေပါသလား။ မှန်ပေသည်။ သို့သော် ပြည်သူများက မိမိတို့လိုချင်သည့် ရလဒ်များအတွက် ထိရောက်သော ပူပေါင်းဆောင်ရွက်မှုများကို အတူတကွ လုပ်ဆောင်မည်ဆိုပါက ယင်းအဆီအငေါ်မတည့် ဖြစ်နေမှုများသည် ဘေးအန္တရာယ်အစား အခွင့်အလမ်းတခုအဖြစ် အသုံးချသင့်သည့် အရာတခု ဖြစ်လာမည်။ ယင်းသည် မိမိတို့ မြန်မာပြည်သူများမှ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပံ့ပိုးကူညီသင့်သည်။ တန်းတူညီမျှရေးကို အခြေခံသော လူထုလှုပ်ရှားမှုများသည် တိုင်းရင်းသား လူမျိုးစုများ၏ နယ်မြေများနှင့် ဒေသများတွင် အသီးသီးပေါ်ပေါက်လာကာ အမျိုးသားပြည်နယ်များ စုဖွဲ့ထူထောင်လာကြလျက် ရှိသည်။ ဤအခြေအနေသည် ကြီးမားသော အပြုသဘောဆောင်သည့် ရလဒ်တခုဖြစ်ပြီး လူမှုအသိုင်းအဝိုင်းများအကြား အတားအဆီး ဖြစ်စေခဲ့သည့် နေပြည်တော် ဗဟိုစစ်အုပ်ချုပ်ရေးစနစ်သည် လုံးဝဥဿုံ ပြိုလဲသွားခြင်း မရှိသေးသည့်တိုင် နေရာဒေသ အတော်များများတွင် တွေ့နေရသည့်အတိုင်း အင်အားချည့်နဲ့လာနေကြောင်း ဖော်ပြနေသည်။ ဗဟိုထိန်းချုပ်မှုစနစ်ကို ဖျက်သိမ်းရန် နွေဦးတော်လှန်ရေး၏ ကြိုးပမ်းမှုများမှတဆင့် ဖြစ်တည်လာသော အဆီအငေါ်မတည့် ဖြစ်နေမှုများ၏ သက်ရောက်မှုများ အသက်ဝင်လာခဲ့ပြီး ပြည်သူများအကြား အတားအဆီး အကာအရံများမရှိဘဲ အပြန်အလှန် ကူးလူးဆက်ဆံမှုများ လုပ်ဆောင်လာနိုင်ကြသည်။ တဖက်တွင်လည်း ၎င်းတို့အကြား အတားအဆီး အကာအရံများ မရှိတော့သည့်အတွက် ၎င်းတို့ကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည်။
တိုင်းပြည်တည်ငြိမ်မှုရှိအောင် လက်ရှိ အဆီအငေါ်မတည့် ဖြစ်နေမှုများကို ဖိနှိပ်ရန် အတင်းအကျပ် ကြိုးပမ်းပါက ရေရှည်တည်ငြိမ်ရေးအတွက် ဖြေရှင်းနည်း သို့မဟုတ် အတူယှဉ်တွဲနေထိုင်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းနည်းများကို ရှာဖွေရန် အခွင့်အလမ်းများ လက်လွတ်ဆုံးရှုံးရဖွယ် ရှိနေသည်။ ယင်းအတူယှဉ်တွဲနေထိုင်ရေးမူကို ဖော်ဆောင်ရန် အမြော်အမြင်သစ်နှင့်အတူ ပြည်တွင်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကတိကဝတ်များ လိုအပ်သည်။ ပါဝင်ဆောင်ရွက်သူ အားလုံးသည် လူအဖွဲ့အစည်းအားလုံး၏ လူ့အခွင့်အရေးကို အချိန်မရွေး အခြေအနေမရွေး ဦးစားပေး ကာကွယ်ရမည်။ ယင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အနေဖြင့် အရပ်သားအုပ်ချုပ်ရေးများကို ထူထောင်ရန်နှင့် အရပ်သားပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက် ဒီမိုကရေစီ အခင်းအကျင်းများကို ဖန်တီးပေးရမည်။ အရပ်ဘက်အဖွဲ့အစည်းများအတွက် အခန်းကဏ္ဍနှင့် နယ်ပယ်များကို အသိအမှတ်ပြု လေးစားရမည်။ အရပ်ဘက်အဖွဲ့အစည်းများသည် နိုင်ငံတည်ဆောက်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု သေချာစေရေးနှင့် အပြန်အလှန် ထိန်းကျောင်းမှု ကဏ္ဍများ ဖြည့်ဆည်းဆောင်ရွက်ရာတွင် အခရာကျသည်ဟု လက်နက်ကိုင် တော်လှန်ရေးက ရှုမြင်ထားမှသာလျှင် တော်လှန်ရေးကြီး ရှေ့ဆက်နိုင်မည် ဖြစ်ပေသည်။ အရပ်ဘက်အဖွဲ့အစည်းများသည် ယင်းတို့၏ သီးခြားလွတ်လပ်သော အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားရမည် ဖြစ်ပြီး နိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကိုလည်း ပွင့်လင်းမြင်သာမှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ဆက်လက်ထိန်းကျောင်းထားရမည် ဖြစ်သကဲ့သို့ လူ့အခွင့်အရေး၊ အားလုံးပါဝင်နိုင်မှုနှင့် အရပ်သားများကို အကာအကွယ်ပေးရေး အခြေခံမူများအပေါ် တော်လှန်ရေးကြီး၏ ကတိကဝတ်များကိုလည်း သွေဖည်မသွားအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပြည်သူကိုဗဟိုပြုသော ဒီမိုကရေစီစနစ်ကို မိမိတို့၏ အဖွဲ့အစည်များ၊ ကွန်ရက်များနှင့် မဟာမိတ်များကြားတွင် ယခုပင် စတင်ကျင့်သုံးရန် လိုအပ်သည်။ မိမိတို့၏ ဒီမိုကရေစီမျှော်မှန်းချက်များကို လက်တွေ့ကျင့်သုံးရန် နေပြည်တော် ကျဆုံးသွားသည့် အချိန်အထိ စောင့်ရန် မလိုအပ်ပါ။ မစောင့်နိုင်သလို စောင့်ရန်လည်း မသင့်ပါ။
ယခုအခါတွင် ပြည်သူပြည်သားအားလုံး၏ အနာဂတ်များကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းများအဖြစ် ဖော်ဆောင်ရန် ဖြစ်နိုင်ချေ ရှိနေသည်။ ပြည်သူအချင်းချင်း အပြန်အလှန် သင်ယူနိုင်သည်။ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council) ကဲ့သို့ ပြည်သူများ ပူးပေါင်းပါဝင်နိုင်သော ဒီမိုကရေစီအုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်မှု ပုံစံများနှင့် အင်စတီကျူးရှင်းများကို နေရာဒေသတခုက ဖော်ဆောင်နိုင်လျှင် အခြားနေရာဒေသ များကလည်း လေ့လာသင်ယူပြီး အလားတူ ဖော်ဆောင်လာကြမည် ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍ
နိုင်ငံတကာ အသိုင်းအဝိုင်းသည် စစ်တပ်၏ တဖက်သတ် ‘ငြိမ်းချမ်းရေး’ အစီအစဉ်ကို ထောက်ခံခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများ၏ အခြေခံမူများ ပျက်ပြားသွားစေရန် ယင်းလုပ်ရပ်ကို ခွင့်ပြုခဲ့သည့်အချိန် ၎င်း၏ ၁၀ နှစ်တာ ပြန်လည်ထိတွေ့ဆက်ဆံမှုကို သင်ခန်းစာယူရမည် ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းသည် နိုင်ငံ၏ မှားယွင်းသော ဖိနှိပ်သော ဗဟိုချုပ်ကိုင်မှု တည်ငြိမ်ရေးအတွက် မဟုတ်ဘဲ လက်ရှိ မြေပြင်ရှိ ပြည်သူများ၏ လုံခြုံမှု၊ အသက်အိုးအိမ်နှင့် အသက်မွေးဝမ်းကျောင်းမှုများ တည်ငြိမ်ရေးကို အာမခံချက်ပေးသည့် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ကတိကဝတ်ပြုရန် လိုအပ်သည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် လက်ရှိအခင်းအကျင်း၏ အဆီအငေါ်မတည့် ဖြစ်နေမှုများကို မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ အကျပ်အတည်းများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်များ ရှာဖွေရန်အတွက် အခွင့်အလမ်းအဖြစ် လက်ခံယုံကြည်ရမည် ဖြစ်သည်။
မြန်မာပြည်သူများသည် နိုင်ငံသစ်ကို လူထုအားဖြင့် ဆက်လက်တည်ဆောက်နေလျက် ရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် လုံခြုံသောနယ်ပယ်တခု ဖန်တီးပေးသင့်ပြီး လုပ်ငန်းစဉ်များတွင် ပြည်သူများကို ဦးဆောင်ခွင့် ပေးသင့်သည်။ ၎င်းတို့အနေဖြင့် နောက်ကွယ်မှသာ ပံ့ပိုးပေးရမည်။
လက်တွေ့အားဖြင့် စစ်တပ်အား လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရေးနှင့် လေယာဉ်ဆီ ရောင်းချမှုများ ရပ်တန့်ရေး အပါအဝင် လူအမြောက်အမြား သေစေနိုင်သော လေကြောင်းတိုက်ခိုက်မှုများကို နည်းလမ်းအမျိုးမျိုးဖြင့် ၎င်းတို့က ရပ်တန့်နိုင်သည်။
တချိန်တည်းမှာပင် ၎င်းတို့၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် အရပ်သားကာကွယ်ရေး အစီအမံများကို ပံ့ပိုးခြင်းဖြင့် မြေပြင်ရှိ အရပ်သားခေါင်းဆောင်များကို အမှန်တကယ် ကူညီပေးပြီး အသက်များကို ကယ်တင်နိုင်သည်။ အရပ်သားများကို အကာအကွယ်ပေးခြင်းသည် နိုင်ငံတကာ၏ တာဝန်ဝတ္တရားတခု ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံတွင် လုပ်ကိုင်ခဲ့သော ငြိမ်းချမ်းရေး အလှူရှင်များကလည်း ဆေးဝါးပံ့ပိုးကူညီမှုများနှင့် ဖွံ့ဖြိုးဆဲ ကျန်းမာရေးနှင့် ပညာရေးစနစ်များကို ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးနိုင်သည့်အပြင် ဆက်သွယ်ရေးနှင့် ပြည်သူများအပေါ် အန္တရာယ်ကျရောက်နိုင်ခြေကို လျှော့ချရန် မိုင်းရှင်းလင်းရေးကဲ့သို့ အခြားသော လက်တွေ့ကျသော အစီအမံများကိုလည်း ပံ့ပိုးပေးနိုင်သည်။
နိုင်ငံတကာ တာဝန်ရှိပုဂ္ဂိုလ်များကြား ခေါက်ရိုးကျိုးနေသော အတွေးအခေါ်များကို အပြောင်းအလဲ လုပ်ရမည်။ အလွယ်ဖြေရှင်းနည်းများ အသုံးပြုခြင်း၊ အခြားနိုင်ငံများမှ ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ဖော်မြူလာများ သို့မဟုတ် လက်တွေ့မကျသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခြင်းများသည် လိုအပ်သည့်အရာများ မဟုတ်ပါ။ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းကို စောင့်ဆိုင်းမနေဘဲ ၎င်းဘာသာ ပြောင်းလဲနေသည့်အတွက် မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ ချဉ်းကပ်မှုများကို ပြောင်းလဲရမည် ဖြစ်သည်။ မြန်မာပြည်သူများက ရှေ့သို့ရောက်နှင့်နေပြီး ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် နောက်ကျမကျန်ရစ်လိုလျှင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်သည်။ လွန်ခဲ့သောဆယ်စုနှစ်က မအောင်မြင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ ယူရန်လိုသည်။ ပြည်သူများထံသို့ လာရောက်ကာ ဦးဆောင်မှုမလုပ်ဘဲ ပံ့ပိုးမှုများ ပေးရန်လိုသည်။
နိဂုံး
စစ်တပ်က မြန်မာပြည်သူများအပေါ် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဗဟိုစစ်အာဏာရှင်စနစ် သွတ်သွင်းထားခဲ့သည့် ကာလတလျှောက်လုံးတွင် မိမိတို့သည် တဖက်နှင့်တဖက် အမှန်တကယ် ချိတ်ဆက်မှု ပြုလုပ်ရန်နှင့် မိမိတို့ကြား ကွဲပြားစုံလင်မှုများနှင့် ခြားနားမှုများကို ခွန်အားအဖြစ် ရှုမြင်ကာ ငြိမ်းချမ်းသော သဟဇာတရှိသည့် အတူယှဉ်တွဲနေထိုင်မှု တည်ဆောက်ရန် တကြိမ်တခါမျှ အခွင့်အလမ်း မရှိခဲ့ဘူးပေ။ ဗဟိုစနစ်တံတိုင်းများ ပယ်ပျက်သွားသည့် ယခုလိုအချိန်မှာ မိမိတို့အားလုံး အတူတကွ လာရောက်စုရုံးရမည်။ မိမိတို့သည် လူများစုနှင့် လူနည်းစုများကြားတွင် လည်းကောင်း၊ လူနည်းစု အသိုက်အဝန်းများ အချင်းချင်းကြားတွင် လည်းကောင်း ရှေ့ဆုံးဖြတ်ချက်များ ချမှတ်ရန် အရေးကြီးသော လမ်းဆုံလမ်းခွတွင် ရောက်ရှိနေကြသည်။ အချင်းချင်း စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေအောင် လုပ်ဆောင်ရမည့်အစား အချင်းချင်းကြား ယှဉ်ပြိုင်တိုက်ခိုက်မှုများ ပေါ်ပေါက်လာစေရန် စစ်တပ်က ဖန်တီးထားသော ထောင်ချောက်များထဲ မကျရောက်စေရေး သေချာအောင် မည်သို့လုပ်ဆောင်မည် ဆိုသည်ကို အလေးအနက်ထား စဉ်းစားရန် အရေးတကြီး လိုအပ်နေသည်။ မိမိတို့ကြား စည်းလုံးညီညွတ်မှု မရှိပါက ဘုံရန်သူများဖြစ်သည့် မြန်မာစစ်တပ်နှင့် မတူကွဲပြားသော မြန်မာပြည်သူများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးစေသော ဗဟိုချုပ်ကိုင်ဖိနှိပ်သော စနစ်ကို မိမိတို့အားလုံးက တွန်းလှန်နိုင်မည်မဟုတ်ဘဲ အရှုံးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ပေသည်။
ဒေါ်ခင်ဥမ္မာ
(ဒေါ်ခင်ဥမ္မာသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဒီမိုကရေစီရေး အရေးတော်ပုံကြီးတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သည့် မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သည့် ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ကို တည်ထောင်သူလည်း ဖြစ်သည်။)