Home
မြန်မာသတင်း
အောင်ပွဲက လက်တကမ်းအလို ရောက်နေပြီဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော
DVB
·
August 22, 2024
Photo Crd-NUG

လက်ဗလာနဲ့စတင်ခဲ့ကြတဲ့ ပြည်သူ့တော်လှန်ရေးဟာ ဒီနေ့အချိန်မှာတော့ အရင်က ဖြစ်နိုင်ပါ့မလားဆိုတဲ့ကိစ္စတွေ တခုပြီးတခု အကောင်အထည်ဖော်လာနိုင်ပြီး အောင်ပွဲက လက်တကမ်းအလို ရောက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဩဂုတ် ၂၀ ရက်ကလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ခုလိုပြောလိုက်တာ ဖြစ်ပြီး နွေဦးတော်လှန်ရေး ဘယ်အခြေအနေ ရောက်နေပြီလဲလို့ မေးရင် ဒီကနေ့ တွေ့နေ၊ မြင်နေ၊ ကြားနေကြရတဲ့ အခြေအနေတွေက ဘယ်ရောက်နေပြီလဲ ဆိုတာကို ပုံဖော်ပြနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးလို့ အမည်ရတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း ပြည်သူ့တော်လှန်ရေးကြီးဟာ အခုဆိုရင် ၃ နှစ်ခွဲဆိုတဲ့ ကာလ တစ်ခုကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အခုဆို ဓမ္မချစ်မြတ်နိုးသူ ပြည်သူများ မဆုတ်မနစ် ပါဝင်ပေးခဲ့ကြတဲ့ ဒီနွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးစစ်စစ် ဖြစ်ပါတယ်။ လူထုတော်လှန်ရေးကို စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍပေါင်းစုံက ပေါင်းစပ်ပြီး ကျရာတာဝန်၊ နိုင်ရာတာဝန် ထမ်းပြီး ချီတက်လာခဲ့ကြတဲ့ ပြည်သူ တစ်ဦးချင်းစီကိုလည်း အလွန်လေးစားတန်ဖိုးထားကြောင်း ပြောကြားလိုပါတယ်။ တော်လှန်ရေးခရီးဆုံးအထိ အတူတကွ ဆက်လက်ပါဝင်ချီတက်ကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းလိုပါတယ်။”

ဒါ့အပြင် အစိုးရအဖွဲ့အနေနဲ့ စစ်ရေးအရ အောင်မြင်မှုတွေဖြစ်တဲ့ စခန်းတွေ သိမ်းနိုင်၊ မြို့တွေ သိမ်းနိုင်ပြီးတဲ့ နောက်မှာ ဆက်လက် ထိန်းထားဖို့နဲ့ အုပ်ချုပ်‌ရေးယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့အတွက် စနစ်တကျ ပြင်ဆင်ကြဖို့ လိုအပ်သလို ရှေ့မြို့တွေမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကောင်းမွန်တဲ့ သင်ခန်းစာတွေအဖြစ် ပြန်လည် အသုံးချနိုင်ဖို့လည်း အရေးကြီးကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

“မြို့သိမ်းပြီး ထိန်းဖို့ စီမံကြရတဲ့ အရေးပေါ်အခြေအနေမျိုးမှာ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့တွေကို ပါဝင်သင့် ပါဝင်ထိုက်သူတွေနဲ့ စနစ်တကျဖွဲ့စည်းပြီး တာဝန်များ ပေးအပ်ကာ အနီးကပ် စီမံ ကြီးကြပ်နိုင်ဖို့လည်း အင်မတန်အရေးကြီးပါတယ်။ ဝန်ကြီးဌာနတွေ အချင်းချင်းကြားက ပေါင်းစပ်ညှိနှိုင်းမှု ယန္တရားကလည်း အဆင်ပြေပြေ လည်ပတ်နေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေ၊ ဆက်သွယ်ရေးအခက်အခဲတွေနဲ့ အရေးပေါ် အုပ်ချုပ်ရေးတွေကို စီမံခန့်ခွဲ ရတာ လွယ်ကူမှာ မဟုတ်ပေမယ့် ၃ နှစ်ခွဲတာ ကာလတလျှောက် မလွယ်ကူတဲ့ အလုပ်တွေကိုပဲ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ကြတဲ့အတွက် ဒီအခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်”

ဒါ့အပြင် လက်ရှိ ဖြတ်သန်းနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းက အမြင်တွေအပေါ်လည်း ခုလို တုံ့ပြန်ပြောဆိုပါတယ်။

“ယနေ့ ကျနော်တို့ ဖြတ်သန်းနေရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ အသိုက်အဝန်းကလည်လည်း စိုးရိမ်သလိုလို၊ စိတ်ပူသလိုလိုနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ယုံကြည်မှုအားနည်းပြီး ပြောဆိုကြတာတွေလည်း ရှိပါတယ်။ စစ်‌ရေးအရ အားသာနေပေမယ့် တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထိန်းနိုင်ပါ့မလားဆိုတာမျိုး မေးမြန်းလာကြတာတွေလည်း ရှိပါတယ်။ သမိုင်းကြောင်း ရှည်လျားပြီး တိုင်းရင်းသားပေါင်းစုံ စုစည်းနေကြတဲ့ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအရ ညှိနှိုင်း ဆောင်ရွက်စရာတွေ များပြားပေမယ့်  ပြည်သူကို မျက်နှာမူပြီး တော်လှန်ရေးခရီးကို ကိုယ့်လမ်းကိုယ်ဖောက် လျှောက်လာလိုက်ကြတာ ဒီကနေ့ ဒီခရီးကို ရောက်နေကြပြီမို့ ကျနော်တို့ တိုင်းပြည်ကို ကျနော်တို့ အကောင်းဆုံးအတူတကွ တည်ဆောက်နိုင်မယ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်ရှိပါတယ်။ နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခဲ့မှုတွေရဲ့ ဆိုးပြစ်တွေကို ခံလာကြရပြီးတဲ့နောက် အခုဆိုရင် စုစည်းမှုနဲ့ အင်အားတွေကို ကောင်းကောင်းနားလည်လာကြတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ နိုင်ငံရေးအရ ကောင်းမွန်တဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာမှုတွေနဲ့အတူ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတာကို နိုင်ငံတကာမိတ်ဆွေတွေကိုလည်း သတင်းစကားပါးလိုတာ ဖြစ်ပါတယ်။”

ဒါ့အပြင် အစိုးရအဖွဲ့ဝင်အားလုံး တော်လှန်ရေးအောင်နိုင်ရေးကိုပဲ အဓိက မျက်နှာမူပြီး တော်လှန်ရေးကို ထိထိရောက်ရောက် ဖြစ်စေမယ့် အရေးကြီးတဲ့ လုပ်ငန်းများကို အားစိုက် ဆောင်ရွက်ကြရေး၊ အောင်မြင်မှု နီးလာလေလေ စိတ်တွေ ယိမ်းယိုင်သွားစေနိုင်တဲ့ Issue တွေ ပေါ်ပေါက်လာတတ်တာမို့ ကိစ္စရပ်တိုင်းကို သတိကြီးကြီးနဲ့ စီမံဆောင်ရွက်သွားကြရေး နဲ့ နိုင်ငံကြီး တွေရဲ့ အကျိုးစီးပွားတွေကြားထဲ ပါးပါးနပ်နပ်နဲ့ ကိုယ့်နိုင်ငံအကျိုးစီးပွားကိုပဲ ရှေးရှု လျှောက်လှမ်းကြဖို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013