ခင်ဗျားတို့ တကယ်အောင်မြင်စေချင်ရင် တကယ်ကူညီကြဗျ
ယောင်ဝါးဝါးတော့ မလုပ်နဲ့
ရီစရာကောင်းတဲ့ အကြောင်းပြချက်တွေနဲ့လည်း လျှောက်ပြောမနေကြနဲ့ဗျ။ ဒဲ့သာပြော ကျနော်တို့က လူငယ်တွေ။ စိတ်မဆိုးတတ်ဘူး။ ဒါပေမဲ့ စိတ်မကောင်းတော့ ဖြစ်တတ်တာပေါ့။
အခုခေတ်က အတော်ရယ်စရာကောင်းတဲ့ခေတ်ဗျ။
တော်လှန်ရေးကာလ။ ညီအစ်ကို မသိတသိကာလလည်း မဟုတ်။
ရန်သူ မိတ်ဆွေ ကွဲပြား ခြားနား သိသာထင်ရှားတဲ့ ကာလ။
တခါတလေ သူဌေးတွေက ဆင်းရဲသားတွေထက် ညည်းပြတာ ခိုငှက်ကတောင် အရှုံးပေးရတယ်။
ကျနော်က အခု လူငယ်ကနေ လူလတ်ဘက်ကို ချဉ်းနင်းဝင်ရောက်လာပြီဆိုတော့ ခင်ဗျားတို့လို ဂျန်လီးတော့ အခေါ်မခံနိုင်ဘူးဗျ။ ရှင်းရှင်းပဲ။ အဲဒီတော့ သတင်းစာဆရာပီပီ ပြောစရာရှိတာတော့ ပြောရမှာပဲ။
ကျနော့်အဖို့တော့ ငတ်ချင်ငတ်ပါစေ၊ သိက္ခာရှိရှိ ခေါင်းမော့ ရင်ကော့ပြီးတော့ပဲ အငတ်ခံမယ်ဗျာ။ ရေးစရာရှိတာတော့ ရေးရမှာပဲ။
အေးဗျ။ ကျုပ်စကားပြန်ဆက်ရဦးမယ်။ လူငယ်တွေကို တကယ်အောင်မြင်စေချင်တယ်ဆိုရင် ကိုယ်ဖိရင်ဖိ တကယ်ကူညီကြစေချင်တယ်။ ပညာစိုက်သင့်ရင် ပညာစိုက်၊ လုပ်အားထည့်သင့်လည်း လုပ်အားထည့်၊ ငွေကြေးအင်အား ပံ့ပိုးသင့်ရင်လည်း တုံ့ဆိုင်းမနေနဲ့ဗျ။ ပံပိုးကူညီကြပါ။ အဲဒီလို ထိထိမိမိ ကူညီမှ ဖြစ်တော့မှာနော်။
ခင်ဗျား ဆရာကြီး ဆိုပြီး အထာကိုင်မနေနဲ့။ သူက ဖုန်းမဆက်လို့ ဆိုပြီးတော့လည်း ပစ်မထားနဲ့။ ဟိုက ဖုန်းဆက်ဖို့ကို အဆင်မပြေတာလည်း ဖြစ်နိုင်တယ်။ ကုန်ကုန်ပြောမယ်ဗျာ။ ဖုန်းကို မရှိတော့တာလည်း ဖြစ်နိုင်တယ်။ အဲဒါကို ခင်ဗျားက ငါက ဆရာကြီးပဲ။ ဖုန်းဆက်ချင်း ဆက်ရင် သူက ဆက်ရမှာပေါ့။ ငါက ဘာလို့ဆက်ရမှာတုံး ဆိုပြီး လုပ်မနေနဲ့ဗျ။ ဆက်သာဆက်သွယ်ပါ။ လူငယ်တွေ၊ ဆယ်ကျော်သက် မျိုးဆက်သစ်တွေက ခင်ဗျားတို့ရဲ့ အကူအညီတွေကို တကယ်လိုအပ်နေပါပြီ။
ကျနော့်ကိုယ်တွေ့လေး ပြောပြရဦးမယ်။ ဒီကာလကြီးမှာပဲ။
ဆယ်ကျော်သက် လူငယ် အမျိုးသမီး မိန်းမငယ်တဦးပေါ့။
ဆယ်တန်းရောက်ခါနီး စစ်တပ်က အာဏာသိမ်းတာနဲ့ ကြုံတော့ ခင်ဗျားတို့ ဝိုင်းအော်တဲ့ အသံကြီး ကြားတဲ့အထဲမှာ ဒီကျောင်းသူလေးလည်း တယောက်အပါအဝင်ပေါ့။ အော်ခဲ့တဲ့အထဲ ကျနော်လည်း ပါတယ်ဆိုတာ ဒီစာထဲကနေ ကျနော် ဝန်ခံပါတယ်။ တာဝန်ခံနိုင်လို့ အော်ခဲ့တာလား ဆိုတာကတော့ ခင်ဗျားတို့ ကျုပ်တို့ ကိုယ့်ကိုယ်ကိုယ်သာ အားမနာတမ်း မေးစမ်းရမယ့် မေးခွန်းထင်ပ။
ဘာတဲ့ “ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုပြီး အဲလို ဝိုင်းအော်ခဲ့တာပဲ။ အော်တဲ့သူတွေလည်း အော်ခဲ့ပြီးပြီ။ ထွက်တဲ့သူတွေလည်း ထွက်ခဲ့ကြတယ်။ ဘယ်နှယောက်လောက်ကများ ကိုယ် အော်ပြောခဲ့တဲ့ ကိုယ့်ရဲ့ နှုတ်ထွက်စကားကို တာဝန်ယူရဲခဲ့ကြလို့လဲဆိုတာ စောကြောစရာပါ။
ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျောင်းထွက်ပြီး မိဘတွေရဲ့ အလုပ်ဖြစ်တဲ့ ရာဘာခြစ်လိုက်၊ ပီနံဥတူးလိုက်နဲ့ ကျပန်းလုပ်ကိုင်နေတဲ့ ကျောင်းထွက်ခဲ့သူ မိန်းကလေးကို မျက်စိရှေ့တင် မြင်တွေ့နေရတယ်။
“ဟဲ့ ညီမလေး မင်း ဘယ်နှတန်းနဲ့ ကျောင်းထွက်ခဲ့တာလဲ။
၉ တန်းပါဆရာ။
အခု ဘာလုပ်နေလဲ။
ရာဘာခြစ်တယ်၊ ပီနံတူးတယ်။
ပြီးရင် ဘာလုပ်သလဲ။
ဘာမှအလုပ်မရှိဘူး ဆရာ။
စားလိုက် အိပ်လိုက်ပဲ”
ပန်းကောင်း အညွန့်ကျိုးဆိုတာ ဒီလိုဘဝတွေကို ပြောတာပါ။
အဖေကကလည်း အင်္ကျီမပါ ဗလာနတ္ထိ၊ အဲဒီတော့ ကျနော်က မေးကြည့်မိတယ်။
“ဟေ့လူ ခင်ဗျား အင်္ကျီမဝတ်ဘူးလား”
“ဆရာ ကျနော့်မှာ ဆေးရှိတယ်၊ အင်္ကျီမလိုဘူး”
ပြောပြောဆိုဆို ဘယ်က ဝယ်လာမှန်းမသိတဲ့ အရက်တု ဘူးပိုင်းလေးကို လက်က ကိုင်ပြတယ်။ မျက်နှာက ဖောသွတ်သွတ်က အရက်တုဖြစ်ကြောင်း သက်သေခံလျက်။
အမေကလည်း လောကဓံရဲ့ ဖိစီးမှုနဲ့ နွမ်းလျတဲ့ သွင်ပြင်လက္ခဏာ အမြဲဆောင်လျက်ပါပဲ။
အငယ်ဆုံးသမီးလေး ကြည့်ပြန်တော့ ကျောင်းထားရမယ့်အရွယ် ရောက်ပေမဲ့ ကျောင်းမထားနိုင် ဖြစ်နေရှာတယ်။ အလတ်ကောင်ကျတော့လည်း သေစာ ရှင်စာကို မဖတ်တတ်သေးဘူး။
ဒါပေမဲ့ သူတို့တမိသားစုလုံး အလုပ်တအားကြိုးစားကြတယ်။
ကျနော် အဲဒါကို မြင်နေရတယ်။
ဒါနဲ့ ကျနော် သူတို့မိသားစုနဲ့ စကားစပ်မိစပ်ရာ ပြောပြောကြည့်တယ်။ တခါတလေ အဖေနဲ့ ပြောတယ်။ တခါတလေကျတော့ အမေနဲ့တွေ့ပြီး ပြောတယ်။ သူတို့ရဲ့ သမီးကြီးနဲ့ တွေ့တော့ မေးရင်းမြန်းရင်း စကားလက်ဆုံကျ၊ ခဏ ခဏ စကားပြောဖြစ်တော့ ခင်လာတယ်။
ဒီတော့ ကျနော့်ထုံးစံအတိုင်း လူငယ်တွေနဲ့တွေ့ရင် စာဖတ်ဖို့ တိုက်တွန်းတယ်။ သင်တန်းတွေ တက်ဖို့ စည်းရုံးတယ်။ အဲဒီမှာ စပြီး သိရတာက၊ ကျနော်ကသာ သင်တန်းတွေ ဘာတွေ ချိတ်ပေးမယ် ပြောတာ၊ တချို့ကို ကျနော်က ထောက်ခံပေးမယ်သာ ပြောတာ၊ သူတို့မှာ အွန်လိုင်းကနေ သင်တန်းတက်ဖို့ကိုတောင် ဖုန်းကမရှိဘူး။
အီးမေးလ်နဲ့ သင်တန်းလျှောက်ဖို့သာ ပြောတယ်။ အီးမေးလ် ဘာမှန်းမသိဘူး။
အဲဒီမှာ ကျနော် ပြောချင်တာ လာပါပြီ။ ခင်ဗျား အဲဒီလူငယ်တယောက်ကို တကယ် ကူညီချင်တယ်ဆိုရင် ခင်ဗျားပါးစပ်နဲ့ အီးယောင်ဝါး ကူညီလို့ မရတော့ဘူး။ ခင်ဗျား တကယ် အားစိုက်ကူညီရတော့မယ်။ ခင်ဗျား သူ့ကို ဖုန်းတလုံးရလာအောင် အကြံဉာဏ်တွေ ပေးရတော့မယ်။ ဖြစ်နိုင်ရင် ငွေကြေးစိုက်ထုတ်ပြီး ကူညီနိုင်ရင် ကူညီရတော့မယ်။
အီးမေးလ်နဲ့ လျှောက်မှရမယ့် သင်တန်းတွေ တက်လို့ရဖို့အတွက် အီးမေးလ်တွေ ဖွင့်ပေးရမယ်။ သင်တန်းတွေကို ခင်ဗျားကိုယ်တိုင် သေသေချာချာ လျှောက်ပေးရတော့မယ်။ ခင်ဗျား အစကနေ အဆုံး၊ ရေရှည် တောက်လျှောက် အမြဲမပြတ် စောင့်ကြည့်ဆက်သွယ်ပြီး ကူညီပေးနေရမှာနော်။
ဒါမှ အဲဒီလို လူငယ်မျိုးဆက်တယောက်က လူ့အဖွဲ့အစည်းမှာ လူစဉ်မီလာမှာ။ အဲဒီလိုမျိုး စနစ်တကျ ပြုစုပျိုးထောင်မှ ခင်ဗျားတည်ဆောက်ချင်တဲ့ နိုင်ငံတော်မှာ နိုးကြားတက်ကြွတဲ့ နိုင်ငံသားတွေနဲ့ တည်ဆောက်လို့ရမှာနော်။
အဲဒီလို တကယ်ကူညီမှ ကျောင်းမတက်နဲ့ ကျောင်းထွက် ဆိုတဲ့ စကားကို ပြောသင့်ကြတယ် မဟုတ်လား။
ခင်ဗျားက သုံး လေးနှစ်လောက် ပစ်ထားပြီးခါမှ အကြောင်းတခုခုကြောင့်ပဲ ဖြစ်ဖြစ်၊ တိုက်ဆိုင်မှုရှိလို့ သတိရလို့ပဲဖြစ်ဖြစ်၊ ဒီကာလမှာ သူ့ကို မဆက်သွယ်ရင် မကောင်းပါဘူးလေဆိုပြီး မကောင်းတတ်လို့ ဆက်သွယ်တာမျိုးလုပ်ပြီး ဝတ်ကျေတန်းကျေလေး လာပြီး မေးထူး ခေါ်ပြောလေး လုပ်ရုံနဲ့တော့ အဲဒီလူငယ်တယောက်အပေါ်မှာ ခင်ဗျားတို့ တကယ်စေတနာရှိပါတယ်ဆိုတာ ခင်ဗျားတို့လိပ်ပြာက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ကျနော်ပြောရဲတယ်။
ခင်ဗျားတို့လူမျိုးတွေက အတော်ခက်တယ်ဗျာ။ ရာထူးလေးရှိမှ၊ နာမည်ဂုဏ်သတင်းလေး ကျော်ကြားမှ၊ ခင်ဗျားတို့အတွက် အကျိုးအမြတ်လေး တစုံတရာရမှ အဲဒီလူငယ်တယောက်ကို ဆက်သွယ်တာမျိုး လုပ်ချင်တယ်။ အဲဒီလိုတွေ မလုပ်ကြပါနဲ့ဗျာ။
နောက်ပြီး အခု တိုင်းပြည်မှာ ဘာဖြစ်နေတုံးဆိုတော့ လူကြီးတွေ အောက်ခြေလွတ်တဲ့ ပြဿနာ ဖြစ်နေတယ်။ စိတ်ကြီးဝင်တဲ့ရောဂါ ရနေကြတယ်။ မျိုးဆက်တွေအပေါ်မှာ ထားတဲ့ စိတ်နေသဘောထားဟာ အင်မတန် တာဝန်မဲ့ရာကျတယ်လို့ ကျနော် မြင်တယ်။ တကိုယ်ရေ ကောင်းစားဖို့၊ ကိုယ့်မိသားစု ကွက်ကွက်ကလေး အဆင်ပြေပြေနေရဖို့ကိုပဲ ခင်ဗျားတို့ စိတ်တိမ်းညွှတ်မှု များတယ်။
ဒီအချက်ဟာ ခင်ဗျားတို့နဲ့ ဂျူးလူမျိုးတွေနဲ့ အဓိက ကွာခြားချက်တွေပဲ။ ဒီနေ့ခေတ် ဂျူးတွေ အောင်မြင်နေတာလည်း မပြောနဲ့၊ သူတို့ မျိုးဆက်ဟောင်းတွေက မျိုးဆက်သစ်တွေအတွက်ဆို ပစ္စည်းဥစ္စာ ရာထူးဂုဏ်ရှိန်တွေ မဆိုထားနဲ့ အသက်ကို ပဓာနမထားဘဲ သူတို့ အစ္စရေးနိုင်ငံတော်ကို သဲကန္တာရထဲမှာ မရ ရအောင် တည်ထောင်ခဲ့ကြတယ်။
အိပ်ဇိုးဒပ် ဆိုတဲ့ စာအုပ်သာ ခင်ဗျားတို့ ရှာဖတ်ကြည့်ကြပါ။
အခု စကစက ဘာလုပ်ခဲ့သလဲ။
ကျနော် ဟိုတုန်းကတည်း ကျနော့်ဆောင်းပါးတပုဒ်မှာ ရေးပြီး သတိပေးခဲ့ဖူးတယ်။ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး ပြည်သူလူထုနဲ့ လူငယ်မျိုးဆက်သစ်တွေကို စစ်ကျွန်ဘဝရောက်အောင် သွတ်သွင်းလိမ့်မယ်လို့ ကျနော်ရေးခဲ့တယ်။ အခု တကယ်ဖြစ်လာခဲ့ပြီ။ ကျနော်တို့ ဘာတွေ ပြင်ဆင်ထားခဲ့သလဲ။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက် ၃၀ ထဲက လူတိုင်းကို အတင်းအဓမ္မ ကျွန်အဖြစ် မခိုင်းစေရဘူးလို့ ပါတယ်။
အခုလို ပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့အချိန်မှာ ဒီဥပဒေကို အသက်သွင်းခြင်းဟာ လူငယ်တိုင်းရဲ့ အသက်ရှင်သန်ခွင့်ကို စလိုးမိုးရှင်းနဲ့ ရပ်တန့်ပစ်ခြင်းခံရတာနဲ့ တူပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စကစရဲ့လက်ထဲ ရောက်သွားရင် အနှေးနဲ့အမြန်တော့ စစ်မြေပြင် လွှတ်မယ်။ စစ်ပညာကို ဆေးမြီးတိုကုသလို ကုပေးပြီး အမြန်သင်ပေးလိုက်တဲ့အတွက် စစ်မြေပြင်မှာ မိမိကိုယ်ကို ဘယ်လိုမှ ကာကွယ်နိုင်မယ်လို့ ကျနော် မယုံကြည်ပါဘူး။
ကျနော်တို့ NUG က ဝန်ကြီးတွေ၊ ဝန်ကလေးတွေရဲ့ တုံ့ပြန်ဖြေကြားမှုတွေကလည်း အတော်တာဝန်မဲ့ပြီး ရယ်စရာလည်း ကောင်းပါတယ်။ အထူးသဖြင့် ဒုကာကွယ်ရေးအတွင်းဝန် ဖြေကြားသလိုမျိုးပေါ့။
အဲဒါတွေက ကျနော်တို့ကို အတော်စိတ်ပျက်စေပါတယ်။
ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်။ ခင်ဗျားတို့ တော်လှန်ရေးကာလမှာ တာဝန်ရတာကို ရာထူးရတယ်လို့ မထင်လိုက်နဲ့ဗျ။ အဲဒီလိုထင်ရင် ခင်ဗျားတို့ ငါးပါးမှောက်ကုန်ကြမယ်ဗျို့။ လူပီသကြဖို့တော့ လိုမယ်။
လူ့တာဝန် ကျေပွန်ကြဖို့တော့ လိုမယ်။ လူမှာ ကတိတဲ့၊ မင်းမှာသစ္စာ ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။
အခုဟာက ခင်ဗျားတို့က ရာထူးရပြီး ရူးနေသလို ဖြစ်နေတယ်။ ခင်ဗျားတို့က ရာထူးတာဝန်ကြီးသာ ယူထားပြီးတော့ အလုပ်ကို တူတူတန်တန် မလုပ်ချင်ဘူး။
အားကြိုးမာန်တက် မလုပ်ချင်ဘူး။ ဖေးဖေးမမနဲ့ တက်တက်ကြွကြွ ဆက်သွယ်ဆောင်ရွက်တာမျိုး မရှိဘူး။ ငါ ဝန်ကြီးပဲ။ ငါ အတွင်းဝန်ပဲ ဆိုပြီး စိတ်ကြီးတွေဝင်ပြီး ခင်ဗျားတို့ တန်ဖိုးထားပြီး လေးလေးစားစား ဆက်ဆံရမယ့် ရပ်ရွာက လူငယ်ခေါင်းဆောင်တွေကို ပစ်ထားရင်တော့ ခင်ဗျားတို့ အနာဂတ်ကို ခင်ဗျားတို့ကိုယ်တိုင် သတ်ပစ်နေတာပဲလို့ ကျနော်တော့ အဲဒီလို ရဲရဲကြီး ပြောရဲတယ်။
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)