Home
ဆောင်းပါး
တော်လှန်ရေးသမား ရေ နဲ့ ငါးကို သတိထား
DVB
·
August 13, 2024

တော်လှန်ရေးသမားတယောက်ဟာ တော်လှန်ရေးကာလထဲမှာ ရေနဲ့ ငါး သီအိုရီကို သိရှိ ကျင့်သုံးတတ်ဖို့ လိုပါတယ်။ အဲဒါ အသက်တမျှ အရေးကြီးပါတယ်။

နွေဦးတော်လှန်ရေးမှာ ထူးခြားမှုကတော့ တော်လှန်ရေးသမားတွေဟာ ပြည်သူကိုယ်တိုင် ဖြစ်နေတာပါပဲ။ ဒါက သာမန်ကိစ္စ မဟုတ်ဘူး။ အထူးသတိချပ်စရာကောင်းတဲ့ အချက်ပါပဲ။ တော်လှန်ရေးရဲ့ အားသာချက်က ပြည်သူကိုယ်တိုင် တော်လှန်ရေးသမားတွေ ဖြစ်နေတာပါပဲ။

တော်လှန်ရေးလုပ်နေကြတဲ့ တော်လှန်ရေးသမားတိုင်းက ရေနဲ့ ငါး သီအိုရီကို ဘာကြောင့် သိသင့်သလဲ။ ဘာကြောင့် ကျင့်သုံးသင့်တာလဲ ဆိုတော့ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် အသက်တမျှ အရေးကြီးလို့ပါ။ တော်လှန်ရေးကြီး ရှင်သန်အောင်မြင်ဖို့ ဒီ ရေနဲ့ငါး သီအိုရီကို လက်တွေ့ကျင့်သုံးကြရပါမယ်။

တော်လှန်ရေးမှာ ရေဟာ ပြည်သူလူထုနဲ့တူပြီး ငါးဟာ တော်လှန်ရေးသမား ဖြစ်ပါတယ်။ ငါးနဲ့တူတဲ့ တော်လှန်ရေးသမားတွေဟာ ရေနဲ့တူတဲ့ ပြည်သူလူထု မရှိပါဘဲနဲ့ ဘယ်လိုမှ မရှင်သန်နိုင်ပါဘူး။

ရေနဲ့တူတဲ့ ပြည်သူလူထုဆိုတာ ပြည်သူလူထုရဲ့ ကူညီထောက်ပံ့မှုလို့ အဓိပ္ပာယ် နားလည်ရမှာ ဖြစ်ပါတယ်။ ရေနဲ့တူတဲ့ ပြည်သူလူထုဟာလည်း တော်လှန်ရေးသမားတွေ ရှင်သန်အောင်မြင်နိုင်ဖို့ အထောက်အပံ့ဖြစ်စေမယ့် ရေကြည် ရေသန့် ဖြစ်ဖို့လိုပါတယ်။

ငါးနဲ့တူတဲ့ တော်လှန်ရေးသမားဟာ ရေနဲ့တူတဲ့ ပြည်သူလူထုကို မထီမဲ့မြင် မပြုအပ်ပါဘူး။ တန်ဖိုးထား လေးစားဖို့ လိုပါတယ်။ ပြည်သူရဲ့ အကူအညီ အထောက်အပံ့တွေကို အကျိုးရှိစွာ အဖိတ်အစင်မရှိ၊ ကိုယ်ကျိုးစီးပွားကို လျှော့ချပြီး တော်လှန်ရေး သီလလုံစွာ ကျင့်သုံးဆောင်ရွက်ကြဖို့ လိုပါတယ်။

ဒီနေရာမှာ ဆိုရှယ်မီဒီယာ Facebook မှာ လူတွေ မျှဝေနေတာလေးကို အလျင်းသင့်လို့ ဝေဖန်စောကြော ပြချင်ပါသေးတယ်။

အောက်ပါအတိုင်း တွေ့ရပါတယ်။

“ဒီစစ်ပွဲကြီး ပြီးတဲ့အခါ

တောခိုသွားတဲ့ လူငယ်တွေက

စင်မြင့်ထက်မှာ စကားပြောခွင့်ရကြမယ် မထင်ဘူး” တဲ့။

အဲဒီတော့ ကျနော်တို့လည်း တောခိုတဲ့အထဲမှာ ပါခဲ့တယ်။ စစ်ပညာကို အခြေခံရော အဆင်မြင့်ပါ KNU တပ်မဟာ ၆ ထဲမှာ လနဲ့ချီပြီး ခက်ခဲပင်ပန်းစွာ သင်ယူခဲ့ပါတယ်။ သင်တန်းအပြီးမှာ သစ္စာဆိုခဲ့ပါတယ်။ ကျနော်ဟာ PDF ဖြစ်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရန်သူနဲ့တော့ ထိတွေ့တိုက်ပွဲ မဆင်နွှဲခဲ့ရပါ။

သို့သော် စခန်းတခုကို ဘယ်လိုဗျူဟာနဲ့ သိမ်းရမလဲ ဆိုတာတော့ ကျနော် သိတယ်။ ဘာဖြစ်လို့ သိတာလဲ ဆိုတော့ သင်တန်းမှာ ကျနော်က တပ်ခွဲမှူးအဆင့်ထိ တာဝန်ယူပြီး စခန်းသိမ်းတိုက်ပွဲ လေ့ကျင့်ခဲ့ရလို့ပါပဲ။ တကယ့် ရန်သူ့စခန်းကို သိမ်းတဲ့ ပုံစံတူ လေ့ကျင့်ခဲ့ရတာနော်။ အသေးစိတ်ကတော့ ဒီဆောင်းပါးထဲမှာ ရေးဖို့ မရှိပါဘူး။

အဓိက ပြောပြချင်တာက ကျနော်တို့ တော်လှန်ရေးထဲကို ရောက်လာတာဟာ တော်လှန်ရေးကြီးပြီးရင် စင်ပေါ်တက်ပြီး စကားပြောခွင့်ရဖို့ မဟုတ်ဘူး။ လူတွင်ကျယ်လုပ်ဖို့ မဟုတ်ဘူး ဆိုတာပဲ။

အဓိက ရည်ရွယ်ရာပန်းတိုင်က စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့တကွ အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းစေပြီး ပြည်သူရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရက ပြန်လည် အုပ်ချုပ်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ကိုယ်က ဘာကြောင့် တောခိုပြီး တော်လှန်ရေးလုပ်ရသလဲဆိုတာ ရှင်းသွားလောက်ပြီ ထင်ပါတယ်။

နောက်တပိုဒ် ဆက်ဖတ်ကြည့်ရအောင်ပါ။

“စစ်ကြီးအတွင်း နေသာသလို ငုပ်လျှိုးသွားတဲ့ နိုင်ငံရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင် အစရှိသဖြင့် စကားပြောကောင်းသူတွေပဲ စင်ပေါ်မှာ အာပေါင်အာရင်းသန်သန်နဲ့ သူတို့တကယ်မကြုံဘူးတဲ့ စစ်ကြီးအကြောင်း ပြောကြလိမ့်မယ်၊ ကြားဖူးနားဝ အခက်အခဲတွေကို ပြောကြလိမ့်မယ်” တဲ့။

တော်လှန်ရေးဆိုတာ သေနတ်ကိုင်ပြီးတိုက်မှ၊ တောထဲမှာနေမှ ဆိုတဲ့ အတွေးဟာ အမြင်ကျဉ်းတဲ့ အငုံ့စိတ်ကနေလာတဲ့ အတွေးအခေါ်သက်သက်ပါပဲ။ တကယ်တမ်းတော့ အဲဒီအတွေးအခေါ်နဲ့ ဒီဘက်ခေတ် ၂၁ ရာစုမှာ ခေတ်မမီတော့ပါဘူး။ လိုရာကို ခရီးရောက်အောင် အလုပ်မဖြစ်တော့ပါဘူး။

ကျနော် KNU မှာ စစ်ပညာသင်ယူခဲ့စဉ်က ဒုတိယဗိုလ်ချုပ်ကြီး ဖဒိုအောင်ဆန်း ပြောခဲ့တာလေး ပြန်ပြောပြချင်ပါတယ်။

“သေနတ်ကိုင်ထားတဲ့ တော်လှန်ရေးသမားတယောက်ရဲ့ နောက်မှာ ထောက်ပို့တာဝန် ထမ်းရွက်နေတဲ့သူ ၅ ယောက်လောက် အမြဲရှိနေတယ်လို့ မှတ်ပါ” တဲ့။

အဲဒီလိုသာဆိုရင် အကြောင်းအမျိုးမျိုးကြောင့် တောထဲလာပြီး သေနတ်မကိုင်နိုင်တဲ့ အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ တေးရေးဆရာတွေ၊ ကဗျာဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ သူတို့စွမ်းနိုင်တာနဲ့ ထောက်ပို့လုပ်နေတာပါ။ ငုတ်လျှိုးနေတိုင်း တော်လှန်ရေးနဲ့ ကင်းကွာနေတယ်လို့ မဆိုနိုင်ပါဘူး။

အနုပညာရှင်ဟာ အနုပညာနဲ့ တော်လှန်တယ်။ တေးရေးဆရာဟာ တော်လှန်ရေး သီချင်းရေးပြီး တော်လှန်တယ်။

ကဗျာဆရာဟာ တော်လှန်ကဗျာတွေ ရေးပြီး တော်လှန်တယ်။ စာရေးဆရာဟာ အခုလို တော်လှန်ရေး ဆောင်းပါးတွေ ရေးပြီး တော်လှန်တယ်။ ပြည်သူကို တော်လှန်ရေးစိတ်ဓာတ်တွေ လျော့ကျမသွားအောင် ကလောင်နဲ့ တော်လှန်တယ်။ အဆိုတော်ဟာ တော်လှန်ရေးသီချင်းဆိုပြီး တော်လှန်တယ်။ နိုင်ငံရေးသမားဟာလည်း သူ့နည်း သူ့ဟန်နဲ့ တော်လှန်နေမှာပါပဲ။ အဲဒါတွေကို ခင်ဗျား လျှော့တွက်ရင် ခင်ဗျား အကြီးအကျယ် လွဲနေပြီလို့ မှတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတယ်၊

“ကိုယ့်ဘေးနားမှာ ကိုယ်နဲ့အတူရှိနေမှ ရဲဘော်ရဲဘက်မဟုတ်ပါဘူး။ ကိုယ်နဲ့အတူ ရှိမနေပေမဲ့လည်း ဦးတည်ရာပန်းတိုင်ချင်း တူတယ်ဆိုရင် ဒါဟာ ရဲဘော်ရဲဘက်ပါပဲ” တဲ့။

အဲဒီတော့ တော်လှန်ရေးသမားမှန်ရင် ရေနဲ့တူတဲ့ ထောက်ပို့ပြည်သူ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တလှေတည်းမစီးပေမဲ့ တခရီးတည်း သွားနေသူတွေကို အုပ်စုတွေကွဲသွားအောင် အပြုအမူ အပြောအဆို အရေးသားတွေနဲ့ မစော်ကားသင့်ပါဘူး။

ကျနော်တို့ တော်လှန်ရေးမှာ အဓိက အရေးကြီးဆုံးက ရန်သူရဲ့အကြောင်းကို သိဖို့ပါ။

ရန်သူဟာ ရေနဲ့ ငါးကို ဝေးအောင်လုပ်နေပါတယ်။ နည်းအမျိုးမျိုးနဲ့ကို လုပ်နေပါတယ်။ ဗျူဟာကျကျ စနစ်တကျကို လုပ်နေပါတယ်။

အထူးသတိထားဖို့ လိုပါတယ်။

ရန်သူ စစ်ကောင်စီရဲ့ ရေနဲ့ငါးနဲ့ ခွဲတဲ့ နည်းဗျူဟာက ဘာတွေလဲ ဆိုတော့…

၁။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို မီးရှို့ဖျက်ဆီးနေတာ

၂။ တော်လှန်ရေးသမားတွေကို ထောက်ပို့နေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်တာ

၃။ တော်လှန်ရေးသမားတွေကို အယုံအကြည်မဲ့အောင် သတင်းမှားတွေ၊ သတင်းအတုတွေ၊ အမှားများပြီး အမှန်နည်းတဲ့ သတင်းတွေဖြန့်ဝေပြီး ပြည်သူတွေကို ဝေဝါးအောင်လုပ်နေတာ

၄။ ဖြတ် ၄ ဖြတ် ဗျူဟာကို သုံးနေတာ (ရေ၊ မီး၊ သတင်း၊ ရိက္ခာ)

ဒီထက် အချက်အလက်တွေ အများကြီး ထပ်ဖြည့်ပြီး စဉ်းစားလို့ ရပါသေးတယ်။

ငါးတည်းဟူသော တော်လှန်ရေးသမားဟာ ရေတည်းဟူသော ပြည်သူလူထု ကြီးရင်ကြီးသလောက် အားကောင်းရင် ကောင်းသလောက် တော်လှန်ရေးက အမြန်အောင်မြင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မီးကျိုးမောင်းပျက် တော်လှန်ရေးသမားတွေလည်း ရှိနေတာ သတိချပ်ဖို့တော့ လိုပါမယ်ဆိုတာ သတိပေးရင်း ကျနော့်ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024