Home
မြန်မာသတင်း
NUCC တွင် CRPH ပါဝင်မှု ယာယီရပ်ဆိုင်း
DVB
·
January 15, 2026

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ပူးပေါင်းပါဝင်မှုတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

NUCC ကို ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလထဲက တရားဝင်စာပေးပို့ အကြောင်းကြားထားတာဖြစ်ပြီး ဒီလို ယာယီရပ်ဆိုင်းတာကလည်း NUCC ဘက်က ပုံမှန်အစည်းအဝေးတွေ မတက်ရောက်နိုင်ရင် တခြားပါဝင်မှုတွေပါ ခေတ္တ ဆိုင်းငံ့ပေးထားဖို့ စာပေးပို့ အကြောင်းကြားထားတဲ့အတွက် CRPH အနေနဲ့ ယာယီရပ်ဆိုင်းထားတာလို့ CRPH ပြောခွင့်ရ ဦးစည်သူမောင်က DVB ကို ပြောပါတယ်။

“အဓိကကတော့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံပြီးကတည်းက ကျနော်တို့ ပုံမှန်အစည်းအဝေး regular meeting တွေ တက်ရောက်နိုင်ခြင်း မရှိဘူးပေါ့။ ဒါပေမဲ့ တခြား ပလက်ဖောင်းတွေမှာပေါ့နော်။ သူ့ရဲ့ ဆက်စပ် JCC လေးတွေမှာ ပါဝင်တယ်ပေါ့။ operation team မှာ ပါတယ်။ foreign affair group မှာ ပါတယ်။ နောက်ပြီးတော့ Article of Federal Transitional Arrangement (AFTA) ရေးဆွဲရေးပေါ့၊ ဒီပလက်ဖောင်းတွေမှာ ပါခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလလောက်ကစပြီးတော့ NUCC ဘက်က ဘာစာပို့လဲဆိုတော့ သူတို့ ပုံမှန်မီတင်တွေမှ မတက်ရောက်နိုင်ဘူးဆိုရင် တခြားပါဝင်မှုတွေပါ ခေတ္တဆိုင်းငံ့ထားပေးဖို့ ဆိုပြီးတော့ သူတို့က စာပေးပို့တယ်ပေါ့နော်။"

NUCC အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာ အစည်းအဝေးအစီအစဉ်ထက် ကျော်လွန်လုပ်ဆောင်လို့ဆိုပြီး CRPH နဲ့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က ကိုယ်စားလှယ်တွေဟာ အစည်းအဝေးနောက်ဆုံးရက်မှာ မတက်ရောက်ခဲ့ပါဘူး။

ဒီပြည်သူ့ညီလာခံပြီးတဲ့နောက် CRPH က ပုံမှန်အစည်းအဝေးတွေ တက်ရောက်နိုင်ခြင်း မရှိခဲ့တာနဲ့ပတ်သက်ပြီး CRPH ပြောခွင့်ရ ဦးစည်သူမောင်က “ကျနော်တို့က အဲဒီပုံမှန် Meeting တွေ မတက်ရောက်နိုင်ဘူး ဆိုတာကလည်း အကြောင်းတခု ရှိတယ်။ ဘာလဲဆိုတော့ ဆုံးဖြတ်ချက်ချပုံ နည်းလမ်း Decision making မှာ ပြုပြင်ရမဲ့ ကိစ္စလေးတွေ ရှိနေတဲ့အခါမှာ ကျနော်တို့ ဘက်ကလည်း ပြန်ပြီး အဆိုပြု တင်ပြထားတဲ့ ဆုံးဖြတ်ချက်ချပုံ နည်းလမ်းတခု ရှိတယ်ပေါ့။ အဲဒီပေါ်မှာ NUCC ဘက်က လက်ခံပြီး ဆွေးနွေးတာ မရှိဘူးပေါ့နော်။ ဆွေးနွေးဖို့ မရှိဘူး ဆိုပြီးတော့လည်း အစည်းအဝေးထဲမှာ ဆုံးဖြတ်ထားပြီး ဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လို့ NUCC ဘက်က ခေတ္တ ပါဝင်မှုအပေါ်မှာ တခြားပလက်ဖောင်းတွေမှာပါ ပါဝင်မှု ခေတ္တ ရပ်ဆိုင်းထားပေးပါလို့ ပြောတဲ့အတွက် ကျနော်တို့ ရပ်ဆိုင်းထားပေးခြင်း ဖြစ်ပါတယ်။ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျနော်တို့ ကြားထဲမှာ အငြင်းပွားစရာတွေ ရှိပြီး နိုင်ငံရေးအရ သဘောထားအကြီးအမားကြီး ကွဲလွဲပြီးတော့ ရပ်ဆိုင်းထားတာမျိုး မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒီလို ပါဝင်မှု ရပ်ဆိုင်းထားပေမဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ ကဏ္ဍအလိုက်တွေ အစည်းအဝေးတွေမှာ ပူးတွဲဆောင်ရွက်တာတွေနဲ့ နိုင်ငံတကာ ဆက်ဆံရေးကိစ္စနဲ့ လွှတ်တော်အချင်းချင်းဆိုင်ရာ နိုင်ငံတကာမျက်နှာစာမှာ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ပေါင်းစပ်ညှိနှိုင်းတဲ့ အစည်းအဝေးတွေကို လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ကရင်နီတိုးတက်ရေးပါတီ (KNPP) တို့ကလည်း ပြီးခဲ့တဲ့ ၂၀၂၅၊ နိုဝင်ဘာလက NUCC ကနေ ယာယီနုတ်ထွက်စာတင်ထားပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံ အပြီးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ Kachin Political Interim Coordination (KPICT) တို့က နုတ်ထွက်ထားတာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုတော့ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေးပြီး အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013