
မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံပြန်ဖို့ ကြိုးစားတဲ့ တရားမဝင် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၁၆ ယောက်ကို မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့ (MMEA) က ဖမ်းဆီးလိုက်တယ်လို့ Malay Mail သတင်းတပုဒ်မှာ မတ် ၈ ရက်က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ မနက်အစောပိုင်း စစ်ဆင်ရေးတခုအတွင်း အမျိုးသမီး ၅ ယောက် အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ ယောက်ပါဝင်တဲ့ စပိဘုတ်စက်လှေတစင်းကို ကိုတာဘာရူးမြို့ မြစ်ကြောင်းလမ်းကတဆင့် မှောင်ခိုပို့ဆောင်ဖို့ ကြိုးပမ်းချိန်မှာ ခုလို ဖမ်းဆီးနိုင်ခဲ့တာပါ။
ကလန်တန်ပြည်နယ် MMEA ညွှန်ကြားရေးမှူး၊ ရေတပ်ဗိုလ်မှူးကြီး ကာမယ်လ် မိုဟာမက်က သံသယဖြစ်ဖွယ် အဆိုပါစပိဘုတ်လှေကို ကမ်းလွန် ၅ မိုင်လောက် အကွာမှာ တွေ့ရှိခဲ့ပြီးနောက် ဆူကိုင်းကမ်ပွန်ကီဂျန်းမြစ်ထဲမှာ အားလုံးကို ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။
“အဲဒီလှေဟာ ကျဉ်းမြောင်းပြီး ရေတိမ်တဲ့မြစ်ထဲကို အရှိန်ပြင်းပြင်းနဲ့ မောင်းဝင်ပြီး ထွက်ပြေးသွားပါတယ်။ မှောင်နေတဲ့အတွက် ကင်းလှည့်လှေတွေ ချဉ်းကပ်ဖို့ ခက်ခဲတာကြောင့် အဲဒီအဖွဲ့ကို ကြားဖြတ်ဖမ်းဆီးဖို့ ကုန်းကြောင်းအဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့ရပါတယ်။”
ဖမ်းမိသူတွေဟာ အသက် ၁၆ နှစ်ကနေ ၅၁ နှစ်ကြား အရွယ်တွေဖြစ်ပြီး ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ အသက် ၃၆ နှစ်အရွယ် ဒေသခံအမျိုးသားတယောက်ကိုလည်း ရွှေ့ပြောင်းလုပ်သားတွေကို ကုန်းကြောင်းကတဆင့် ပို့ဆောင်ပေးမှု သံသယနဲ့ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။
ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ ဒီနိုင်ငံခြားသားတွေ အားလုံးဟာ မလေးရှားနိုင်ငံတဝန်းက စားသောက်ဆိုင်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပြီး အိမ်နီးချင်းနိုင်ငံကို မှောင်ခိုဂိုဏ်းတွေကတဆင့် ပို့ဆောင်ခံရဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် တယောက်ကို ရင်းဂစ် ၃,၅၀၀ စီ ပေးခဲ့ရပြီး ကုန်းကြောင်းပို့ဆောင်ပေးသူကတော့ တခေါက်ကို ရင်းဂစ် ၂၅၀ ရရှိပါတယ်။
လတ်တလောမှာတော့ သံသယရှိသူအားလုံးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုကူးမှုတားဆီးရေး အက်ဥပဒေ ၂၀၀၇ နဲ့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/၆၃ တို့နဲ့ စစ်ဆေးအရေးယူသွားဖို့ ရှိနေပါတယ်။
Source: Malay Mail


