
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ဒီရက်ပိုင်း ဓာတ်ဆီဈေးတွေ ပြန်ကျလာတဲ့အတွက် ဆီဆိုင်တွေ ပုံမှန်အတိုင်း ပြန်ဖွင့်နေပြီလို့ ဆီကုန်သည်တွေက ဆိုပါတယ်။
လောင်စာဆီ အကျပ်အတည်းကြောင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ခြမ်းမှာ မတ် ၄ ရက်ကစပြီး ဓာတ်ဆီဈေးတွေ ၂ ဆကျော် ခုန်တက်သွားပါတယ်။
ဆီပြတ်လပ်မှုကြောင့် လိုသလောက် ထည့်မရတော့ဘဲ ဆိုင်ကြီးတချို့ ပိတ်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဓာတ်ဆီဈေးနှုန်းတွေ ပြန်ကျတဲ့ အနေအထား ရှိနေတာ ၂ ရက်လောက်ရှိနေပြီလို့ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိနေတဲ့ ဆီကုန်သည်တယောက်က DVB ကို ပြောပါတယ်။
“အရင်ရက်ထကက်စာရင်တော့ ဈေးတွေအကုန်လုံး ဆိုင်တွေ ပုံမှန်ပြန်ဖွင့်ပြီ။ ကိုယ်လိုသလောက် ဖြည့်လို့ရပြီ။ ဒါပေမဲ့ ဈေးက အကျထဲမှာလည်း မဟုတ်သလို အများကြီး ထိုးတက်သွားတဲ့ အထဲမှာလည်း မပါတော့ဘူး။ ဈေးက ဒီ ဆီစပြတ်တဲ့ရက်က ၈,၀၀၀၊ ၉,၀၀၀၊ ၁၀,၀၀၀ ထိတောင် အမျိုးမျိုးပေါ့။ တချို့ဆိုင်တွေကလည်း ၇,၀၀၀၊ တချို့ဆိုင်တွေက ၉,၀၀၀၊ ၁၀,၀၀၀ ထိပေါ့နော်။ တချို့နေရာဒေသမှာ ကျတော့လည်း ၁၅,၀၀၀ ထိတောင် တက်တာပေါ့။ အဲ့ ၂ ရက်အတွင်းပေါ့။ ဒါပေမဲ့ ဒီ ၂ ရက် ၃ ရက်ကျတော့ ၆,၀၀၀၊ ၇,၀၀၀၊ တချို့ဆိုင်က ၅,၅၀၀ အဲ့လိုမျိုးပြန်ရတာ၊ ပြန်ရတဲ့ဈေးတွေ ရှိပြီပေါ့၊ ဒါက တလီတာဈေးနဲ့ပေါ့။”
ထိုင်းကနေဝင်လာတဲ့ စက်သုံးဆီကြောင့် ဒီးမော့ဆိုမြို့နယ်မှာ ဒီတရက် ၂ ရက်အတွင်း စက်သုံးဆီဈေးတွေ ကျလာနေပေမဲ့ ဆီဈေးနဲ့အတူ ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းက ပြန်မကျသေးတဲ့အတွက် စစ်ရှောင်တွေဟာ ဆီဈေးအပြင် ကုန်ဈေးနှုန်းဒဏ်ပါ ဆက်ခံနေရပါတယ်။
စစ်ရှောင်အဖွဲ့အစည်းတွေကို ကူညီနေတဲ့ အဖွဲ့တချို့ ရပ်နားသွားပြီး လက်ရှိ စစ်ရှောင်စခန်းတွေကို ရေပေးဝေတဲ့ ကူညီမှုတွေလည်း အကန့်အသတ်နဲ့ ဖြစ်ကုန်တယ်လို့ စစ်ရှောင်တွေကို ကူညီနေသူက DVB ကို ပြောပါတယ်။
“လတ်တလော ဆီလက်ကျန်တွေတော့ ရှိသေးတယ်ပေါ့နော်။ အဲ့အတွက်တော့ လတ်တလောတော့ လည်ပတ်နေသေးပါတယ်။ အရမ်းဆိုးတဲ့ထိတော့ မရှိသေးဘူးပေါ့။ ဒါပေမဲ့ ဖြစ်လာတော့မယ်၊ အခုစပြီးတော့ တချို့နေရာတွေ တချို့ Clean Yangon တို့ ရပ်ပြီဆိုတော့လေ၊ ကျနော်တို့က အစတည်းက ရေကားမရှိဘူးဆိုတော့ အစကတည်းက ဝယ်လှူနေတဲ့ အဖွဲ့ဆိုတော့ ကျနော်တို့လည်း ဈေးကြီးသွားတယ်။ တစီး ၈၀,၀၀၀ ကနေ အခု ၁၀၀,၀၀၀ ပေါ့နော်။ အရင်တုန်းက ၄၀,၀၀၀ ကနေ အခု ၇၀,၀၀၀ အဲလိုမျိုးတွေ ဖြစ်သွားတာပေါ့။ ကျနော်တို့လည်း ခေါက်ဆွဲစက်တွေ နားလိုက်ရပြီ။ သွားဖို့ လာဖို့လေးလောက်ပဲ အရေးကြီးမှသုံးပေါ့။”
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်တာ ၁၀ ရက်ကျော် ကြာလာပြီဖြစ်တဲ့အတွက် ရေနံစျေးဟာ ၄ နှစ်အတွင်း အမြင့်ဆုံး ဖြစ်လာနေပါတယ်။
မြန်မာနိုင်ငံမှာတော့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ လောင်စာဆီ အကျပ်အတည်းကြောင့် ကားလမ်းမတွေပေါ် ယာဉ်သွားလာမှုကို ကန့်သတ်ပြီး ဆီတန်းစီဝယ်နေရတဲ့ အခြေအနေတွေပါ။
ထိုင်းနိုင်ငံကလည်း ပြည်ပကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းလိုက်ပြီးတော့ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံကိုတော့ လောင်စာဆီတင်ပို့မယ်လို့ ထုတ်ပြန်ထားပါတယ်။
မောရစ်


