
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပြီး ရေနံနဲ့ ဓာတ်ငွေ့တွေ ပြန်လည်စီးဆင်းနိုင်ဖို့ “ကာကွယ်ရေးသီးသန့်” မစ်ရှင်တခုကို ပြင်သစ်နဲ့ မဟာမိတ်တွေက ပြင်ဆင်နေတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက ပြောကြားလိုက်ပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံကို ရောက်ရှိနေတဲ့ မက်ခွန်းက အရှေ့အလယ်ပိုင်းစစ်ပွဲ ဒုတိယသီတင်းပတ်ထဲ ရောက်လာတဲ့ မတ် ၉ ရက်မှာ အခုလို ပြောခဲ့တာပါ။
ပဋိပက္ခ အပြင်းထန်ဆုံးကာလ ပြီးဆုံးသွားချိန်မှာ ကုန်တင်သင်္ဘောတွေနဲ့ ရေနံသင်္ဘောတွေကို စောင့်ရှောက်ပေးဖို့က ဒီမစ်ရှင်ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ဆိုက်ပရပ်စ်နိုင်ငံဟာ အီရန်လုပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒါကြောင့် “ဆိုက်ပရပ်စ်ကို တိုက်ခိုက်တာဟာ ဥရောပတခွင်လုံးကို တိုက်ခိုက်တာဖြစ်တယ်” လို့ မက်ခွန်းက သတိပေးထားပါတယ်။
ကမ္ဘာ့ရေနံစိမ်း ငါးပုံတပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားမှာ ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲစတင်ကတည်းက ရေကြောင်းသွားလာမှုတွေ ရပ်ဆိုင်းနေခဲ့တာပါ။
ဒါကြောင့် ပြင်သစ်ဟာ မြေထဲပင်လယ်အရှေ့ပိုင်း၊ ပင်လယ်နီနဲ့ ဟော်မုဇ် ရေလက်ကြားအထိ လွှမ်းခြုံနိုင်ဖို့ ချားလ်စ်ဒီဂေါလ် လေယာဉ်တင်သင်္ဘောနဲ့အတူ ဖရီးဂိတ် ၈ စင်း၊ ကုန်းရေနှစ်သွယ်သွားသင်္ဘော ၂ စင်းတို့ကို စေလွှတ်သွားမှာဖြစ်ပါတယ်။
“ကျနော်တို့ လုပ်ချင်တာက ရေကြောင်းသွားလာခွင့် လွတ်လပ်မှုနဲ့ လုံခြုံရေးကို သေချာစေဖို့ပါပဲ” လို့ ဂရိနိုင်ငံ ခရိကျွန်း ကမ်းလွန်မှာရှိနေတဲ့ လေယာဉ်တင်သင်္ဘောပေါ်ကို သွားရောက်ချိန်မှာ မက်ခွန်းက ပြောဆိုခဲ့ပါတယ်။


