
ကမ္ဘာတဝန်းက နျူကလီးယားကန့်သတ်ချက်ကို ကျော်လွန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာလို့ ပြင်သစ်နိုင်ငံက နျူကလီးယားလက်နက်တိုက်ရဲ့ အရွယ်အစားကို တိုးချဲ့ရင်း တားဆီးကာကွယ်ရေးကို အားကောင်းအောင်လုပ်မယ်လို့ သမ္မတ အီမန်နျူရယ် မက်ခွန်းက မတ် ၂ ရက်မှာ ပြောလိုက်ပါတယ်။
အတ္တလန္တိတ်ကမ်းရိုးတန်းက နျူကလီးယားစခန်းတခုမှာ ပြင်သစ်ရဲ့ နျူကလီးယားမူဝါဒ အသစ်ကို ထုတ်ဖော်ပြသရာမှာ မက်ခွန်းက ပြောခဲ့တာပါ။
ဂျာမနီ အပါအဝင် စိတ်ဝင်စားမှုပြတဲ့ ဥရောပမဟာမိတ်တွေနဲ့ ပိုပူးပေါင်းဆောင်ရွက်မှာကို “အဓိက” အပြောင်းအလဲတခုအဖြစ် မြင်ရမယ်လို့လည်း သူက ပြောပါတယ်။
ဂျာမနီအပြင် ပိုလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဒိန်းမတ်နိုင်ငံတို့က ပြင်သစ် နျူကလီးယား စစ်ရေးစွမ်းရည်ပြပွဲတွေမှာ ပါဝင်နိုင်မယ်လို့ မက်ခွန်းက ပြောပေမဲ့ နျူကလီးယား တိုက်ခိုက်မှုတွေအတွက် ဆုံးဖြတ်ချက်ချခွင့်က ပြင်သစ်သမ္မတရဲ့ လက်ထဲမှာသာ ရှိနေမယ်လို့ သူက ရှင်းရှင်းလင်းလင်း ပြောပါတယ်။
သတ်မှတ်မထားတဲ့ အခြေအနေတွေအောက်မှာ “ရှေ့သို့တားဆီးကာကွယ်ရေး” မူဝါဒအသစ်လို့ သူပြောတဲ့ မူဝါဒရဲ့ တစိတ်တပိုင်းအဖြစ် တခြားဥရောပနိုင်ငံတွေမှာလည်း မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို တည်ထောင်နိုင်လိမ့်မယ်လို့ ပြင်သစ်ခေါင်းဆောင်က ထပ်ပြောပါတယ်။
ပြင်သစ်နဲ့ ဗြိတိန် နှစ်နိုင်ငံစလုံးက နျူကလီးယားအင်အားကြီးနိုင်ငံတွေ ဖြစ်ပေမဲ့ ဥရောပနိုင်ငံအများစုက ဘယ်ရန်သူတွေကိုမဆို တားဆီးဖို့ ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်တဲ့ အတ္တလန္တိတ်ဖြတ်ကျော် လုံခြုံရေးရဲ့ ထောက်တိုင်တခုအဖြစ် အမေရိကန်ပြည်ထောင်စုအပေါ် အဓိက မှီခိုနေရတာပါ။
ဒါပေမဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့ ထရမ့်ပ်တို့ ပြန်လည်သင့်မြတ်ရေးနဲ့ ရိုးရာမဟာမိတ်တွေအပေါ် သူ့ရဲ့ ပိုပြင်းထန်တဲ့ သဘောထားက ဥရောပအစိုးရတွေကို တုန်လှုပ်စေပါတယ်။
Source: Reuters


