
အစ္စရေးဟာ မတ် ၂ ရက်က ဟစ်ဇ်ဘိုလာအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ပိုင်း ရပ်ကွက်တွေကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတွေက အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အနီးက ဒုံးခွင်းဒုံးစခန်းကို ညသန်းခေါင်ယံမှာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးဘက်က အခုလို လက်တုံ့ပြန်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေကြောင့် ဘေရွတ်မြို့တောင်ပိုင်းက အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး ဒေသခံတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြရပါတယ်။
အစ္စရေးစစ်တပ်ကလည်း လက်ဘနွန်တောင်ပိုင်းက ကျေးရွာပေါင်း ၅၅ ရွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားသလို နယ်စပ်တလျှောက်မှာ အရန်တပ်ဖွဲ့ဝင် တသိန်းကို ချထားပါတယ်။
အစ္စရေးစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီယာလ် ဇာမာက “ဟစ်ဇ်ဘိုလာဟာ အစ္စရေးကို ညတွင်းချင်း စစ်ဆင်ရေးစတင်ခဲ့တဲ့အတွက် ပဋိပက္ခကြီးထွားလာမှု အားလုံးကို တာဝန်ယူရမယ်” လို့ ပြောပါတယ်။
လက်ဘနွန်ဝန်ကြီးချုပ် နာဝက်ဖ် ဆလမ် ကတော့ တောင်ပိုင်းကနေ ဒုံးကျည်တွေ ပစ်ခတ်တာဟာ တာဝန်မဲ့ပြီး သံသယဖြစ်စရာကောင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
ဒီလုပ်ရပ်ဟာ လက်ဘနွန်နိုင်ငံရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေပြီး အစ္စရေးကို ကျူးကျော်မှု ဆက်လုပ်ဖို့ အကြောင်းပြချက်ပေးသလို ဖြစ်နေတယ်လို့ ဆလမ်က ပြောကြားခဲ့ပါတယ်။


