Home
မြန်မာသတင်း
ပုလောမြို့နယ်၌ ခရစ်ယာန်အသင်းတော်နေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦး သေဆုံး
DVB
·
March 10, 2026
လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် အဆောက်အအုံ။ Photo : KNU

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ တဖီလေးခိုကျေးရွာရှိ ဘာသာရေးအဆောက်အအုံပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၁ နှစ်အောက် ကလေး ၃ ယောက်နဲ့ လူကြီးပိုင်း အမျိုးသား ၃ ယောက် စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပါတယ်။

မတ် ၉ ရက် မွန်းလွဲ ၁၂ နာရီလောက်က  တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အဆောက်အအုံမှာ နွေရာသီကျောင်းပိတ်ရက် ကလေးတွေကို စာပေ သင်ကြားပေးနေတဲ့အချိန် ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက DVB ကို ပြောပါတယ်။

“ဘာတိုက်ပွဲမှ မရှိဘူး၊ ခရစ်ယာန်အသင်းတော်ရဲ့ အဆောက်အအုံပေါ့နော်၊ ဘုရားကျောင်းဆောင် တော့ မဟုတ်ဘူး၊ နွေရာသီ ကျောင်းပိတ်ရက်အချိန်မှာ ကလေးတွေကို စာသင်သင်တန်း ပေးနေတာလို့ သိထားတယ်။ အဲဒီချိန် ဗုံးချတာ၊ အကုန်လုံးက ရွာခံတွေ။”

ဗုံးကြဲခံရမှုကြောင့် အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက်၊ အသက် ၆ နှစ်အရွယ် မိန်းကလေး တယောက်၊ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၃ ယောက် သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေး ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာမှာ ပုလောမြို့ပေါ် အလှမ်းဝေးတဲ့ KNU တပ်မဟာ ၄ ထိန်းချုပ် နယ်မြေရှိ ကရင်တိုင်းရင်းသားအများစု နေထိုင်ကြပါတယ်။ လက်ရှိ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေ ဟာ နီးစပ်ရာ ဆေးပေးခန်းတွေမှာ ကုသမှု ခံယူနေရပါတယ်။

ဒီမနက် အစောပိုင်းမှာလည်း သရက်ချောင်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးသလို ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မနက်အစောပိုင်းမှာ လက်နက်ကြီးပစ်ခတ်သံ ဆက်တိုက်ကြားရပြီးနောက် အပြန်အလှန် ပစ်ခတ် သံတွေ ကြားခဲ့ရတယ်လို့ ထားဝယ်မြို့ပေါ်ကို ရောက်ရှိနေတဲ့ သရက်ချောင်းမြို့ခံ တယောက်က ပြောပါတယ်။

“ကြားတာတော့ ရဲစခန်းဘက်မှာ ဖြစ်တယ်တဲ့၊ ဟုတ်တယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ၊ အရပ်သားထိခိုက်မှု ရှိတယ် ပြောနေကြတယ်၊ အသေးစိတ်တော့ မသိရသေးဘူး။”

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို သိရှိနိုင်ဖို့ ထားဝယ်ခရိုင် တပ်ရင်းအချို့ကို ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

မတ် ၉ ရက် မနက် ၁၀ နာရီခန့်ကလည်း ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်းကို စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်နဲ့ ကရင်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်က ၄ ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ က ထုတ်ပြန်ထားပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ထံက MA 1 တလက်၊ MA 3 ၂ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်းက မြို့နယ်တချို့မှာ စစ်တပ်က အင်အားအလုံးအရင်း စစ်ကြောင်း ထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်နေသလို စစ်ရှောင်ဦးရေ လည်း တိုးလာနေတယ်လို့ စစ်ရှောင်အရေးကူညီတဲ့ အဖွဲ့တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013